ရသဆောင်းပါးစုံ

စံလှကြီး – စာစီညွှန်ဖွဲ့လျှင် နာမည်အလွန်ထည့်ချင်

စံလှကြီး – စာစီညွှန်ဖွဲ့လျှင် နာမည်အလွန်ထည့်ချင်
(မိုးမခ) မေ ၂၊ ၂၀၁၅

လွန်ခဲ့သောနှစ်များစွာက ဂီတဝါသနာပါသော ကျောင်းသားလေးတဦးသည် သူ့ရပ်ကွက်မှ ဓမ္မာရုံတီးဝိုင်းတွင်ဆိုရန် ဗုံ ထောက်သံ သီချင်းရေးပေးလေသည်။ သူက သီချင်းတွင် “စာစီစဉ်သော် နာမည်တွင်သော် တင်ဆရာသူက” ဟူ၍ သူ့နာ မည်ပါအောင် ဇွတ်ထည့်ပြီးစပ်သည်ဟု ဆိုသည်။ သူကား မြန်မာ့ဂီတလောကတွင် နာမည်တလုံးဖြင့်ကျန်ခဲ့မည့် နန်းတော် ရှေ့ဆရာတင်ပေတည်း။

နန်းတော်ရှေ့ ဆရာတင်ကား ငယ်စဉ်ဘဝကတည်းကပင် သူရေးစပ်သည့်သီချင်းများတွင် သူ့နာမည်ပါရမည်ဟူသောမူကို ကိုင်ထားခဲ့သူ ဖြစ်သည်။ သီချင်းတွင် နန်းတော်ရှေ့ဆရာတင်ဆိုသောနာမည်ကို မထည့်ရဆိုလျှင် သီချင်းမရေးတော့ဟု ဆို သည်။ သူမူနှင့် သူပေကိုး။

ဆရာတင်သည် သူရေးစပ်သည့်သီချင်းအပုဒ်တိုင်းတွင် သူရေးမှန်းသိအောင် အမြဲတမ်း သူ့နာမည်ထည့်ပြီး ရေးပေးတတ် သည်။ သူ့ကိုယ်သူလည်း စာစီညွှန်ဖွဲ့လျှင် နာမည်အလွန်ထည့်ချင်ဟူ၍ သီချင်းတွင်ထည့်ရေးပြီး  သူ့ဝါသနာကို ဝန်ခံ သည်။ သူ့သီချင်းတွင်သာ သူ့နာမည်ထည့်သည်မဟုတ် သူများကရေးစပ်ခိုင်းသည့်သီချင်းများတွင်လည်း ရေးစပ်ခိုင်းသည့် ပိုင်ရှင်အမည်ကိုထည့်ပြီး စပ်ပေးတတ်သူဖြစ်သည်။ ထို့ကြောင့်ပင် နှစ်ကာလများစွာကြာသော်လည်း နန်းတော်ရှေ့ဆရာ တင်၏သီချင်းများမှာ တေးရေးဆရာအမည်ကို မှတ်ပုံတင်ထားသလိုဖြစ်ကာ မပျောက်မပျက် ကျန်နေခဲ့ခြင်း ဖြစ်သည်။

တကယ်တော့ နန်းတော်ရှေ့ဆရာတင်သည် မြန်မာ့အနုပညာလောကတွင် မူပိုင်ခွင့်အတွက် ခိုင်ခိုင်မြဲမြဲ ရပ်တည်ခဲ့သူဖြစ် သည်။ စာပေ ဂီတ ရုပ်ရှင်စသော အနုပညာရပ်များတွင် မူပိုင်ခွင့်သည် အလွန်အရေးကြီးသည်။ စာပေနယ်တွင်ပင် မူပိုင် ခွင့်အတွက် စကားပြောရသောအဖြစ်များ အများအပြားရှိသည်။

ကျနော်တို့ရော မူပိုင်ခွင့်ဆိုသည်ကို ယနေ့ခေတ်တွင် မည်မျှတန်ဖိုးထားကြပါသနည်း။

ဟိုတလောက အသိမိတ်ဆွေတယောက်က သူရေးထားသောစာများကို ခိုးယူခြင်းခံရသည်ဟု ငြီးငြူလေသည်။ ဖြစ်ပုံမှာ  သူက ကလောင်အမည်ခွဲတခုဖြင့် စာများရေးခဲ့ဖူးသည်။ နောက်ပိုင်း ထိုကလောင်အမည်ကို ဆက်မသုံးတော့။ ပိုင်ရှင် ပျောက်နေသည်မှာ ကြာပြီဖြစ်သဖြင့် တခြားလူကလည်း သူ့စာများကိုကူးယူကာ ကိုယ်ပိုင်ရေးအဖြစ် ကိုယ့်ဘလော့ခ်ပေါ် တင်လိုက်လေသည်။ ကျနော့် မိတ်ဆွေရေးခဲ့တာက ဂမ္ဘီရပညာနဲ့ပတ်သက်သောဆောင်းပါးဖြစ်သည်။ သူက ဝါသနာ ပါသ ဖြင့် လောကီပညာနဲ့ပတ်သက်သော စာအုပ်စာတမ်းများ တပင်တပန်းရှာဖွေကာ ထိုဆောင်းပါးကို အချိန်ကုန်ခံပြီး ရေးခဲ့ သည်။ ကျနော်တို့ သိပ်နားမလည်သော ဗားမဲ့ ဗားတမော့ ဆရာတော်စသည်တို့၏ အင်း စမ အကြောင်းများလည်း ပါသည်။ စာတမ်းအဆုံးတွင်လည်း ရည်ညွှန်း စာအုပ်စာရင်းကို ထည့်ပေးခဲ့သည်ဟု ဆိုသည်။ ကူးယူသွားသည့် စာပေချစ်သူက စာတမ်းအဆုံးတွင် ထည့်ထားသည့် ရည်ညွှန်း စာအုပ်စာရင်းကို အလိုက်သိစွာဖြင့် ဖျက်ပစ်လိုက်လေသည်။ မူရင်းရေးသူ၏ ကလောင်နာမည်ကိုပါ အလိုက်တသိဖြင့်ဖျက်ပေးပြီး ခေါင်းစဉ်ကိုလည်း အသစ်ပြင်လိုက်သည်။ ခေါင်းစဉ်ကို အသစ်ပြင် သော်လည်း မူလစာကိုယ်မှာမူ တလုံးမျှ အပြုအပြင်မရှိဟု ဆိုသည်။ အသစ်ပြင်လိုက်သည့် ကလောင်နာမည်မှာ ရေးသူ အဘ ပထမံ ဆရာကြီး ဟူ၏။ ရုတ်တရက်ဆိုလျှင် ဝိဇ္ဇာ ဇော်ဂျီ တပသီတွေကပဲ facebook  လောကထဲဝင်ပြီး ကိုယ်ပိုင် ဘလော့ခ်တွေရေးနေသလိုလိုပေါ့လေ။

ထိုမူလရေးခဲ့သူ ကျနော့်မိတ်ဆွေကလည်း သူ့စာများကို ထိုသို့ယူသွားကြောင်း လုံးဝမသိပေ။ သူရေးခဲ့သည်မှာ ကြာလှပြီ။ တလောကမှ အင်တာနက်ထဲဝင်ပြီး စာလျှောက်ဖတ်ရင်းမှ အမှတ်မထင် သူ့စာများကို သွားတွေ့ရသည်ဟုဆိုသည်။ သူ့မှာ ဆွေ့ဆွေ့ခုန် ဒေါသဖြစ်လိုက်သည်မှာ ဆိုဖွယ်မရှိတော့ပေ။ သူအမြတ်တနိုး ရှာဖွေထားသောပစ္စည်းများကို ခိုးသွားပါသည်ဟု မြည်တမ်းသည့်အခါ မိတ်ဆွေအတော်များများက စိန်တို့ ရွှေတို့ ပါသွားသည် အိမ်ဖောက်ထွင်းခံရသည်ထင်သဖြင့် မေးမြန်း ကြသောအခါမှ ဆောင်းပါးများကို နာမည်ပြောင်းကာ ကူးယူသွားခြင်းခံရမှန်း သိကြရသည်။ အချို့ကလည်း အဖြစ်သဲရန် ကောဆိုသည့်သဘောမျိုးဖြင့် ရယ်ကြသည်။ ကျနော်ကတော့ သူဘယ်လိုခံစားရသည်ဆိုသည်ကို နားလည်သဖြင့် မရယ် ဖြစ်ပါ။

လွန်ခဲ့သောလပိုင်းကလည်း နာမည်ကြီး ဂျာနယ်တိုက်အချင်းချင်း တဦး၏ဓာတ်ပုံကို နောက်တဦးက ခွင့်ပြုချက်မယူပဲ ယူ သုံးသဖြင့် စကားပြောကြရသည်ကို ကြားလိုက်မိသည်။ မူပိုင်ခွင့်ကိစ္စပေတည်း။

စာကို လေးလေးနက်နက်ရေးမည့် စာရေးသူတယောက်သည် တကယ့်ကျွမ်းကျင်သော နာမည်ရ စာရေးဆရာဖြစ်စေ အ ပျော်တမ်းရေးသူဖြစ်စေ စာမရေးခင် အချက်အလက်စုဆောင်းရသည်။ ထိုအတွက် အချိန်ပေးပြီး စာအုပ်များစွာကို ဖတ်ရှု ရသည်။ တခါ ရလာသောအချက်အလက်များကိုလည်း သူ့နေရာနှင့်သူ အံဝင်ခွင်ကျဖြစ်အောင် အကွက်ချရသေးသည်။ စကားလုံး ရွေးချယ်ရသည်။ စာလုံးပေါင်း သတ်ပုံစစ်ရသည်။ ထို့အတွက် အချိန်ကာလတခုပေးရပြီး ကာယကံရှင်ကိုယ်တိုင် အပင်ပန်းခံရသည်။ ကိုယ် ပင်ပင်ပန်းပန်းရေးထားပြီးမှ သူများက နာမည်ပြောင်းကာ အလွယ်တကူယူသွားသည်ဆိုလျှင် စာရေးသူ အနေဖြင့် စိတ်ဆိုး ဒေါသထွက်စရာ ဖြစ်သည်။ ဤအချက်ကို စာရေးသူတိုင်း အလွယ်တကူ နားလည်နိုင်ပေသည်။

ဥပမာဆိုရသော် လခထုတ်သည့်ရက်တွင် ဝမ်းသာစွာဖြင့် အိမ်ပြန်လာရာ အိမ်ရောက်မှ ငွေများ ခါးပိုက်နှိုက်ခံရကြောင်း သိရသည့် ခံစားမှုမျိုး ဖြစ်သည်။

တကယ်တော့ စာရေးသူတိုင်းသည် ကိုယ့်စာကို သူများက လေးလေးစားစား ဖတ်ရှုပြီး မှတ်မိသည်ဆိုလျှင် အလွန် ဝမ်း သာကြသည်။ သို့သော် ကိုယ်က သူ့စာကိုသုံးခဲ့ပါကြောင်း အသိပေးရန်တော့ လိုပေသည်။ ကာယကံရှင် မရှိတော့လျှင်တောင် ကျန်ခဲ့သောတပည့်သားမြေးများက ဝမ်းသာကြပေလိမ့်မည်။ ဤအချက်မှာ ရှေးအစဉ်အဆက် ဆရာ့ ဆရာကြီးများမှစပြီး နောင် စာရေးသူအသစ်များအထိ အတူတူပင်ဖြစ်သည်။ အထူးသဖြင့် စာတွေကို တအုပ်လုံး အလွတ်ရွတ်ပြသည်မဟုတ်ပဲ အကြောင်းတိုက်ဆိုင်တိုင်း တပိုဒ်ချင်း တကြောင်းချင်း ပြန်သုံးပြခြင်းကို အလွန်သဘောတွေ့တတ်ကြသည်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းအား ချောင်းဦးဘူတာတွင် မီးရထားဆိုက်စဉ် ဆရာကြီး ရွှေဥဒေါင်းက “ချောင်းဦးဆယ်ရွာက ပြောင်းဖူးသည် မယ်ညှာတို့များ ရှိကြသေးသလား ဆရာရယ်” ဟုမေးလိုက်ရာ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ မျက်နှာတွင် အလွန်ကြည်နူး ပီတိဖြစ်သောအမူအရာကို မြင်လိုက်ရသည်ဟု ဆိုသည်။ ပီတိဖြစ်ပေမှာပေါ့။ သူ့ရဲ့စာသားကို သူများက အကြောင်းတိုက်ဆိုင်လို့ ကွက်တိ ရွတ်ပြလိုက်ခြင်းပေကိုး။

ထို့အတူ ဆရာကြီးရွှေဥဒေါင်း အိုမင်းမစွမ်းဖြစ်သောအခါတွင်လည်း ဆရာဦးအောင်သင်းက စကားပြောရင်းနဲ့ တသက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များ စာအုပ်ထဲမှစာသားများကို ကိုးကားပြသောအခါ ဆရာကြီးရွှေဥဒေါင်းမှာ မျက်ရည်တောင် ကျရှာသည်ဟု ဆိုသည်။ သူအလွန်အားစိုက်ပြီးရေးထားသောစာတွေ ဖြစ်နေသောကြောင့် ဖြစ်သည်။

ဒီနေ့လို အချိန်မျိုးတွင် မူပိုင်ခွင့်ကို လေးစားရေးဆိုသောအချက်မှာ မြန်မာနိုင်ငံရှိ လူအတော်များများနဲ့ သက်ဆိုင်ပါသည်။ စာရေးဆရာများသာ မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် facebook ခေါ် ဆိုရှယ်မီဒီယာကြီး ပေါ်ပြီးကတည်းက လူတိုင်း လိုလို စာရေးနေကြပြီ ဖြစ်သောကြောင့်တည်း။ ဆိုရှယ်မီဒီယာထဲက စာရေးသူတွေက အပြင်က စာရေးဆရာတွေထက် လူကြိုက်ပိုများနေသလားတောင် ထင်မိပါသည်။ တခါတရံ “အဟိ ငွိ ငွိ ဒီနေ့ မန်းလေးရောက်ပြီ။ ဒေါင်းလန်းကြီးမှာ ထမင်းစားနေတယ်။ အာ့လာပြောတာ” ဟု ရေးလိုက်ရုံနှင့် ကြိုက်နှစ်သူများခြင်း မှတ်ချက်တွေ အများကြီးရခြင်း စသည်တို့ကို တွေ့ရပေရာ စာရေးရန် အချက်အလက် လိုက်ရှာနေသူများ ရသစာပေရေးရန် ဈာန်ဝင်စားကာ စဉ်းစားနေသူများကိုတောင် သနားသလို ဖြစ်မိပါသေးသည်။ ကိုယ့်ကုသိုလ်နဲ့ ကိုယ်ပေပဲ။ သူ့နေရာမှာ ကိုယ်သာ အဲဒီလိုလိုက်ရေးရင် သူ့လောက် လူကြိုက်များမှာ မဟုတ်တာ သေချာပါသည်။

မြန်မာလူမျိုး အတော်များများ (ကျနော့် စိတ်ထင် ၉၈ ရာနှုန်းခန့်) မှာ စစ်အာဏာရှင် အစိုးရတို့ ဘာတို့ကို အလွန်မျက် မုန်းကျိုးကြသည်။ အခြားအချက်အလက်များ များစွာရှိသော်လည်း အဓိကအချက်မှာ ကိုယ်နဲ့ မထိုက်တန်သော အရာကို ဖြတ်လမ်းနည်းဖြင့် ယူထားသောကြောင့် မျက်မုန်းကျိုးကြတာ ဖြစ်ပါသည်။ မဲလိမ် မဲခိုးသည် စာရင်းလိမ်ပြသည်ဟု ယုံကြည် ကြသောကြောင့် ဖြစ်ပါသည်။ ဒီတော့ ကိုယ်မုန်းတဲ့လူတွေရဲ့ အပြုအမူမျိုးတွေ ကိုယ့်ထံရောက်မလာအောင် အားလုံး ဂရုစိုက်ကြရမည် ဖြစ်သည်။ သူများရေးထားသောစာကို ကိုယ့်စာအဖြစ် နာမည်ပြောင်း၍ပြသူများကို စစ်အာဏာရှင် ဆိုသူတွေ တွေ့လျှင် ရယ်နေလိမ့်မည် ထင်ပါသည်။ “တို့က မဲလိမ် မဲခိုးတယ် ဆိုတာ မက်လောက်စရာ အာဏာကြီးအတွက် ခိုးရတာ အခု ခင်ဗျားတို့က ကိုယ့်ကို သူများ အထင်ကြီးဖို့လေး အတွက် စာတွေကို ပိုင်ရှင်နာမည် ဖျောက်ပြီး ယူရတယ် ဆိုတော့ တို့နေရာရောက်ရင် တို့ထက် ဆယ်ဆမက ဆိုးမယ့်လူတွေပါပဲ” လို့တောင် ပြောဦးမည်ထင်သည်။

ထို့ကြောင့် နန်းတော်ရှေ့ ဆရာတင် သုံးခဲ့သော မူအတိုင်း အခြား စာရေးသူများ၏ စာများကို ကူးယူဖော်ပြမည်ဆိုလျှင်တော့ စာစီညွှန်ဖွဲ့လျှင် နာမည်အလွန်ထည့်ချင်ဆိုသည့်အတိုင်း မူရင်းရေးသူ၏နာမည်လေးတော့ မတွန့်မတို ထည့်ပေးရန် လို အပ်ပါကြောင်း တိုက်တွန်းလိုက်ရပေသည်။

မှီငြမ်း
ပြည်သူချစ်သော အနုပညာသည်များ (လူထု ဒေါ်အမာ)
တစ်သက်တာမှတ်တမ်းနှင့် အတွေးအခေါ်များ (ရွှေဥဒေါင်း)
သူတို့နှင့် ကျွန်တော် (အောင်သင်း)

(ဝေဖန် အကြံပြု မှတ်ချက်ပေးလိုပါက sanhlagyi@gmail.com သို့လည်း စာရေးသား ပေးပို့နိုင်ပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

5 thoughts on “စံလှကြီး – စာစီညွှန်ဖွဲ့လျှင် နာမည်အလွန်ထည့်ချင်
  1. ကိုစံလှကြီးထောက်ပြတာကောင်းပါတယ်။ သူတပါးရေးထားတဲ့စာကို ကိုယ်ကယူသုံးရင်၊ မှီးရင် မူရင်းကိုဖော်ပြရပါမယ်။ အင်္ဂလိပ်လို ပြောရရင် cite လုပ် တယ်ပေါ့။ ဒါမှရိုးသားရာရောက်ပါတယ်။ မဟုတ်ရင် သူများရေးထားတဲ့စာ ကိုယ်ကဝင်ခိုးသလိုလို “မောင်ပိုင်ဝင်စီး”သလိုလို ဖြစ်သွားပါလိမ့်မယ်။
    ဂျာမနီအစိုးရကဲဘိနက်ကဝန်ကြီးနှစ်ဦး ဒေါက်တာ (ပါရဂူ) ဘွဲ့ရစာတမ်းတွေကစာမျက်နှာတချို့မှာ သူများရေးထားတဲ့စာကို cite လုပ် ကြောင်း အောက်ခြေမှတ်စုနဲ့မပြ၊ ဝန်မခံခဲ့ဘဲ “၍၊ သည်၊ ၏” ပြောင်းပြီးလုပ်ခဲ့တာ နောက်မှပေါ်လာလို့ ဝန်ကြီးအဖြစ်ကအထုတ်ခံရ၊ ဒေါက်တာ (ပါရဂူ) ဘွဲ့လည်းပြန်အသိမ်းခံရ၊ လိမ်လည်မှုနဲ့တရားစွဲခံရနဲ့ အရှက်တကွဲဖြစ်ခဲ့ရပါတယ်။

  2. ထောက်ခံပါတယ်။
    .. လူတိုင်း လူပုဂိုလ်နဲ့ယုံကြည်ချက် တည်ဆောက်ကြပါတယ်။
    မိသားစု၊ အဖွဲ့အစည်းကို ဦးထိပ်ထားနိုင်ရင် … ပိုကောင်းပေမဲ့ .. ပုဂိုလ်ခင်၊လူမင် … ဆိုစကားက လက်ရှိမြန်မာနိုင်ငံအတွက် အရမ်းမှန်နေပါတယ်။ လူပုဂိုလ် .. အိမ်အထိ ကြွေး၊ ပေး၊ လက်အုပ်ချီတဲ့လူကို ..ခင်မင်ရင်း၊ ဒါမျိုးလုပ်တတ်တဲ့ ဗိုလ်နေဝင်းလက်ထဲ နိုင်ငံတော်အာဏာရောက်သွားကတဲက ..တိုင်းပြည်ပျက်ပါတယ်။ တချို့လည်း ဦးနု .. အသုံးမကျလို့ ..ဗိုလ်နေဝင်း ..စစ်အာဏာသိမ်းခံရတယ် ပြောကြတယ်။ လူနည်းစုကတော့ ရဲဘော်သုံးကျိတ် တို့၊ ပင်လုံစာချုပ်တို့မှာ လူသွေးကို သောက် သစ္စာဆိုတဲ့ လူရိုင်းစရိတ်ကြောင့် ကျိန်စာသင့်တယ်လို့ ပြောကြပါတယ်။ ရှိပါစေတော့.. နိုင်ငံတော်ကို အသာထား၊ ကိုယ့်ဘဝပဲ ..အကောင်းမြင်ဝါဒနဲ့ ရှေ့ဆက်သွားချင်ပါတယ်လေ…။

  3. နန်းတော်ရှေ့ ဆရာတင်ကစထွင်လိုက်တော့ တချို့ကလိုက်ပြီး “ရွှေတိုင်ညွန့်ကရေးကာစာစီ ဘုန်းတန်ခိုးနဲ့တိုးတက်ကြတာ့မည်” တို့၊ “ခင်မောင်ရင်တကိုယ်တည်းမှာ အရူးကြီးပမာ ဖြစ်ကာသာ ဇာတ်သိမ်းမည်” တို့၊ “အသံထွက်ဇာတ်ကားသီချင်းပေါင်းစုံ၊ ခင်ခင်ရီ ချောပုံ လှပုံ ယဉ်ပုံ၊ ဆရာတင်မြင့်စီစဉ်သင်ကြား ဇာတ်ကား ဣဋ္ဌာရုံ” တို့၊ “မမြရင်ရဲ့ငယ်ချစ်ကလေး ရယ် လေဘာတီရဲ့ငယ်ချစ်ကလေးရယ်” တို့၊ “သီချင်းစာရေးတာသင်ပါလားကွယ်၊ မအေးမိ ကိုရေးကာပေးကွယ်၊ နိုင်ငံကျော်အောင် ကျွန်မဆိုပေးမယ်” တို့၊ “အပျော်အပါးလိုက်တာ မကြိုက်ပါသည်၊ မကြည်အောင် ကြည်အောင် ကအတည်” စတဲ့ ရေးစပ်သူနဲ့သီဆိုသူနာမည်တွေပါတဲ့ သီချင်းတွေပေါ်လာပါတော့တယ်။

    1. ဟုတ်ကဲ့ ဆရာ Dr. Maung Maung ခင်ဗျာ အခုလို ပြောပြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ စာရေးဆရာမကြီး လူထု ဒေါ်အမာရေးတဲ့ ပြည်သူချစ်သော အနုပညာသည်များ စာအုပ်ကို ဖတ်ရင်းနဲ့ မူပိုင်ခွင့် ဆိုတဲ့ အတွေးလေး ပေါ်လာလို့ ဒီဆောင်းပါးလေး ရေးဖြစ်သွားတာပါ။ အန်ကယ်တို့ လူကြီးတွေရဲ့ ကွန်မန့်တွေ ပါတော့လည်း ပြည့်စုံတာပေါ့ ခင်ဗျာ။

  4. ဟုတ်ကဲ့ အန်ကယ် ဦးခင်မောင်စော ခင်ဗျာ။ အခုလို မှတ်ချက်ပေးတဲ့ အတွက် ကျေးဇူးပါ။ ကျနော်ကတော့ အတွေးအမြင်လို စာမျိုးကို ရေးလို့ အရင်က စာရေးဆရာ ဆရာမကြီးတွေရဲ့ စာကို သုံးရရင် မှီငြမ်းဆိုတာမျိုးကို ကြိုက်ပါတယ်။ ရှေးလူကြီးတွေ တွေးပြခဲ့တာ ရေးပြခဲ့တာကို မှီးပြီး ပိုပြီး ချဲ့တွေးနိုင်ဖို့ ကြိုးစားရတာ။ တနည်း လူကြီးတွေရဲ့ ပခုံးပေါ် ရပ်ပြီး ပိုဝေးဝေးကို ကြည့်နိုင်အောင် ကြိုးစားရတာလို့ မြင်ပါတယ်။ ပခုံးပေါ် ရပ်တယ် ဆိုတာ မရိုသေတဲ့ သဘောနဲ့ သုံးတာ မဟုတ်ပါဘူး။ သူတို့က တွေးပြခဲ့တာကို မှီပြီး ဆက်စဉ်းစားရတာ။ ဒါက လူကြီးတွေက လူငယ်တွေကို ပခုံးထမ်းတင်ပေးခဲ့တဲ့ စာတွေလို့ ကျနော်က ယုံကြည်ပါတယ်။ သူတို့ကိုယ်တိုင်လည်း ကျေ နပ်မယ်လို့ ထင်ပါတယ်။ သမိုင်းလို စာမျိုးဆိုရင်တော့ ကျနော်က ကိုးကား ဆိုတာကို ပိုကြိုက်ပါတယ်။ အချက်အလက်ကို မှီးပြီး ရေးရတာထက် အတိအကျ ကိုးကားရတာမျိုးလို့ ထင်ပါတယ်။
    ကိုဇာနီကြီးရေ ဆရာက အကောင်းမြင်ဝါဒလို့ ပြောလို့ ကျနော် ချဲ့ပြောချင်ပါတယ်။ အကောင်းမြင်စိတ်တို့ အကောင်းမြင်ဝါဒ တို့ ဆိုတာကို တချို့ က သိပ်နားမလည်ကြဘူးလို့ ထင်ပါတယ်။ ကိုယ့်ရဲ့ အခြေအနေဆိုးနေရင် ဘယ်လို အကောင်းမြင်ရမလဲ ဆိုပြီး မေးတာ မြင်ဖူးပါတယ်။ ဆိုလိုတာက ဆင်းရဲတာကို ချမ်းသာတယ်လို့ မြင်လို့ ရမလား ဆိုတဲ့ သဘောမျိုးပါ။ အဲဒီအတွက် ဥပမာ ပြစရာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကားလေး တစ်ခွန်း သွားတွေ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ စကားကို ကျနော် you tube မှာ တွေ့ပါတယ်။ စင်ကာပူမှာ ပြောခဲ့တာပါ။ သူ ပြောတာက “ကျမတို့ နိုင်ငံက အခုဆိုရင် ဆင်းရဲတယ်ပေါ့။ အခု ကျမတို့ရဲ့ ဒေသမှာဆိုရင် အဆင်းရဲဆုံး နိုင်ငံ တစ်ခု ဆိုရင်လည်း မမှားပါဘူး။ တချိန်တခါတုန်းက လျှမ်းလျှမ်းတောက် ဆိုပေမယ့် ဒါ အနိစ္စ သဘောတရား အရပေါ့နော်(ရယ်သံများ) ကျမတို့က လျှမ်းလျှမ်းမတောက်တော့ဘူး။ သို့သော်လည်း အနိစ္စ သဘောတရား အရ ပြန်ပြီးတော့လည်း ပြောင်းသွားနိုင်ပါတယ်။ အဲဒါဟာ ကျမတို့ လုပ်ယူရမှာပါ။ လုပ်ယူရမှာပါ။” အဲဒါကို ကျနော်က အကောင်းမြင်ဝါဒလို့ သတ်မှတ်တာဗျ။ ဆင်းရဲတာကို အမှန်အတိုင်း ဝန်ခံတယ်။ ဒါပေမယ့် စကားသံထဲမှာ အထင်သေးတဲ့ အသံ စိတ်ပျက်တဲ့အသံ အားငယ်တဲ့အသံ လုံးဝ မပါဘူး။ လုပ်ရမယ် လုပ်နိုင်တယ်ဆိုတဲ့ အကောင်းမြင်စိတ် ပါနေတယ်။ အဲဒါမျိုးပါ။ အကောင်းမြင်တော့ ချက်ချင်း ကောင်းသွားသလား ဆိုရင်တော့ ကိုယ့်ကိုယ်ကို သိမ်ငယ်နေတာထက်တော့ ကောင်းမယ်လို့ ကျနော် ယုံကြည်ပါတယ်။

Comments are closed.