ကဗျာ ရန်လင်းအောင်

ရန်လင်းအောင် – ကျစေလိုတဲ့ သင်္ကြန်

 

 ရန်လင်းအောင် – ကျစေလိုတဲ့ သင်္ကြန်

(မိုးမခ) ဧပြီ ၁၆၊ ၂၀၁၅

ရေစိုသူတွေ တဘက်

ရေဆာသူတွေ တဘက်နဲ့

ရှေ့မျက်နှာနောက်ထားပြီး သင်္ကြန်မကျလိုဘူး

နားနဲ့မနာ ဖ၀ါးနဲ့နာရတဲ့ သင်္ကြန်မကျချင်ဘူး ။

ဒီတော့ကာ . . . . .

မုန့်လုံးစက္ကူကပ်များအတွက်

မုန့်လုံရေပေါ် လှူဒါန်းပြီးပါပြီ ။

တနေ့တမျိုး ဆိုးဆေးပြောင်းတဲ့ ဦးခေါင်းများအတွက်

ဘိုးဘွားများအား ခေါင်းလျှော်ကုသိုလ်ယူပြီးပြီ ။

မုသာဝါဒီတွေကို ချေချွတ်နိုင်စေဖို့

ဆိုခဲစေမြဲစေ ပိတောက်ပန်းတွေ

လှူဒါန်းဆက်ကပ်ပြီးပါပြီ ။

ရေပက်မ၀င်တဲ့

ပက်ကြားအက်ဘ၀များအတွက်

ရေရဲ့ အရင်းခံ ချစ်ခြင်းမေတ္တာများများထည့်လို့

ရေရဲ့ အမြစ်မှန် စာနာလန်းဆန်းစိတ်တွေ

ပိုပိုသာသာစူးစိုက်လို့

ရှင်တော်ဘုရားအား

သက်စေ့လောင်းလှူပူဇော်ပြီးပါပြီ ။

ကျချင်သလို ကျတဲ့

သင်္ကြန်ဘေး ကင်းဝေးကြပါစေ ၊

ကိုယ့်ကျလိုတဲ့ သင်္ကြန်

ကျလိုက ကျနိုင်ကြပါစေ ၊

လိုရာသင်္ကြန်နဲ့ လန်းဆန်းကြပါစေ ။      ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts