ရသဆောင်းပါးစုံ မောင်တူး

မောင်တူး – သက်ရှိပန်းချီ – အပိုင်း (၁၅)

မောင်တူး  – သက်ရှိပန်းချီ – အပိုင်း (၁၅) 
(မိုးမခ) ဧပြီ ၁၆၊ ၂၀၁၅

● သင်္ကြန်ရေနှင့် ဝေးသောကြောင့်
သင်္ကြန်မှာ ပျော်ရွှင်မြူးထူးစွာ ရေသဘင်ပွဲ ဆင်ယင်နွှဲချင်ပေမယ့် သင်္ကြန်နဲ့မသက်ဆိုင်သောသူတွေအဖြစ် နေထိုင်ရှင်သန် ကြရ သူတွေအကြောင်း စဉ်းစားနေမိတယ်။ သင်္ကြန်နဲ့ဝေး ခဲ့ကြရသူတွေထည်း ကျနော်မောင်တူးလည်း ပါခဲ့ဘူးရဲ့။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် ၁၅ နှစ်လောက်ကပေါ့။ ကျနော်က ကျောင်းသားတပ်မတော်သားတဦးအဖြစ် ကရင်ပြည်နယ် တောတွင်း တနေရာမှာရှိနေချိန်၊ နအဖစစ်အစိုးရ ထိုးစစ်တွေကလည်း ပြင်းထန်နေချိန်ကျနော်တို့ ခံစစ်စခန်းရှိနေတဲ့ တတောလုံး တ တောင်လုံးလည်း ပိတောက်ပန်းတွေ ၀ါဝါထိန်၊ ပိတောက်နံ့တွေ လှိုင်လှိုင်မွှေးနေချိန်။ ကျနော်နဲ့ ရဲဘော်နိုင်ဝင်းတို့ စမ်းချောင်း ကို သောက်ရေခပ်ဖို့ဆင်းအလာမှာ သစ်ပင်အကွယ်တခုကနေ ရေနဲ့အပက်ခံလိုက်ရတယ်။ ပက်သူက ကျနော်တို့တပ်က ဆရာစောလူ။ ဘာလို့ပက်တာလည်းမေးတော့ ဆရာစောလူက မင်းတို့မသိဘူးလား။  သင်္ကြန်ကျနေပြီလို့ ပြန်ပြောတယ်။ ဒီအခါကျမှ ကျနော်ရေရွတ်မိလိုက်တာက – အော် သင်္ကြန်တောင် ကျပြန်ပြီးကိုး- ဆိုတာပါပဲ။ အဲ့သလို သင်္ကြန်ချိန်ခါ ကျနော် တို့ရှိရာ တောတွင်း ကျောင်းသားတပ်မတော် ရှေ့တန်းစခန်းရဲ့ ဘေးဘယ်နဲ့ညာ မြင်ကွင်းတွေကို ကြည့်လိုက်စမ်းပါဦး။ ပိတောက်ပင်တွေက စိမ်းနေ ပိတောက်ပွင့်တွေကတော့ ၀ါထိန်နေပါရဲ။ ဒါပေမယ့် တောတခွင် နေရာတော်တော်များများ မှာကတော့ တောမီးတွေက လောင်နေ၊ မီးခိုးတွေက အနှံ့အပြား အူနေ လူနေကြတယ်။ အနီးအနားမှာကတော့ ခံစစ်ကတုပ် ကျင်းတွေ၊ ညကကင်းစောင့်ခဲ့ရလို့ နေ့ခင်းပူပူမှာ အိပ်နေကြတဲ့ ကျောင်းသားရဲဘော်တွေ၊ ဟိုးခပ်လှမ်းလှမ်း ရန်သူလာလမ်းမှာ ဆီးကြို ကင်းစောင့်နေတဲ့ရဲဘော်တို့ကို တွေ့နေရတယ်။

ကင်းစောင့်၊ အိပ်၊ ရေခပ်၊ ထမင်းချက်စား၊ ပိတောက်နံ့ရှူ၊ တောမီးတား ဒါတွေပဲ ရှိတယ်။ သင်္ကြန်ချိန်ပါလားဆိုတာ သိရုံ ကလေး သိနေခဲ့ရချိန်ပါ။
++++++++++++

ဒီလို အချိန်မှာ ကျောင်းသားဘ၀ ငယ်စဉ်က သင်္ကြန်ဟာ ခေါင်းထဲမှာပြန်ပေါ်လာတယ်။ မေမေနဲ့ ဖေဖေနဲ့ ကျနော့် အမ တို့ဟာ သင်္ကြန်အခါတွင်းတိုင်းမှာ ဥပုသ်စောင့်ကြတယ်။ ကျနော်တို သူငယ်ချင်းတသိုက်က ရေပုံးတွေ၊ နို့ဆီခွက်တွေ ကိုယ်စီနဲ့ သောင်းကျန်းကြတော့တာပေါ့။ ကျနော်တို့ မိသားစုက ရန်ကုန်တိုင်း၊ သုံးခွမြို့၊ အမှတ် ၂ ရပ်ကွက်၊ တပင်ရွှေထီး လမ်းနဲ့ သဇင်လမ်းထောင့်မှာ နေခဲ့ကြပါတယ်။ တခြား မြို့ရွာတွေလိုပဲ သင်္ကြန်အခါတွင်းဆိုရင် သုံးခွမှာ ရေပက်မဏ္ဍပ်တွေ၊ စတုဒီသာကျွေးပွဲတွေနဲ့ စည်ကားနေမြဲပါ။ မုန့်လုံးရေပေါ်၊ မုန့်ကြာစေ့၊ သင်္ကြန်ထမင်း၊ ဘဲသားဆန်ပြုတ် စတာတွေ အစုံပဲ ကျွေးပါတယ်။ မဏ္ဍပ်တွေမှာ ရေပက်ကြတယ်။ ကိုယ်သဘောကျနေတဲ့ ကောင်မလေးတွေအလာမှာ စောင့်ပြီး ရေလောင်း ကြတယ်။ မိုးအဆုံး မြေအဆုံး ပျော်ခဲ့ကြတဲ့ ကျောင်းသားဘ၀ သင်္ကြန် ချိန်ခါတွေပါ။ ရေကစားလို့ မောလာ ဆာလာရင် စတုဒိသာ မဏ္ဍပ်တွေမှာသွား စားကြ သောက်ကြပေါ့။ အော် – ကျောင်းသားဘ၀ ပျော်ခဲ့ကြသင်္ကြန်ဟာ ကျောင်းသား တပ်မတော်သားဘ၀ တောတွင်း ခံစစ်စခန်းဆီမှာတော့ သင်္ကြန်ပျောက်နေပါပြီ။ သင်္ကြန်ရေနဲ့ ဝေးနေရပြီ။
+++++++++++

မိဝေးဖဝေး ညီအကို မောင်နှမတွေနဲ့ဝေး သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ဝေး မွေးရပ်ဇာတိမြေနဲ့ဝေးရာ သင်္ကြန်နဲ့ဝေးရာ တောတွင်းစစ်စခန်းမှာ ကျနော်တို့ ဘာကြောင့် ရောက်နေခဲ့ရ ပါသလဲ။ ၁၉၈၈ ခုနှစ် အရပ်သားအရေခြုံ စစ်အသွင်ပြောင်း (မဆလ) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေါင်းဆောင် (ဗိုလ်ချုပ်ကြီးဟောင်း) ဦးနေ၀င်းနဲ့တပည့် စစ်အရာရှိတွေ၊ စစ်အ ရာရှိ ဟောင်းတွေရဲ့ မတရားလုပ်ရပ်တွေကြောင့် ဖြစ်ပါတယ်။ ၈၈၈၈ အရေးတော်ပုံကြီးကို မဆလစစ်တပ်က ပစ်ခတ် သတ်ဖြတ်ဖမ်းဆီးပြီး ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်မှာ အာဏာသိမ်းလိုက်ပါတယ်။ ဒါကြောင့် ကျောင်သားတွေနဲ့ ပူးပေါင်း ၀န်းရံ ပြည်သူတွေ တောခိုခဲ့ကြပါတယ်။ ၁၉၈၈ ခုနှစ် နိုဝင်္ဘာ ၁ ရက်မှာ (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ်တပ်ဦး) ကျောင်းသားတပ်မတော်ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒါကြောင့် ကျနော်တို့ တောတွင်းမှာ ခံစစ်ဆင် နေခဲ့ကြရလို့ ဆိုရပါမယ်။ ဒီနေရာမှာ ကျောင်းသားဆိုတဲ့စကားရပ်ဟာ ခေတ်အဆက်ဆက် တော်လှန်ရေးတိုင်းမှာ ကျောင်း သားတွေ ဦးဆောင်ခဲ့တာကို လေးစားမှုနဲ့ ၈၈၈၈ ကျောင်းသားတပ်မတော်ကို အမည်ပေးဖွဲ့စည်းခဲ့တာပါ။ ဒါပေမယ့် ကျောင်းသားတပ်မှာ လယ်သမားတွေ အလုပ်သမားတွေ ကျောင်းဆရာတွေ စသဖြင့် လူမျိုးစုံလင် ပါဝင်ခဲ့တယ်။ သာမဏေနဲ့ ရဟန်းတွေတောင်ပါတယ်။ ၈၈ တောခိုလာစဉ် ကျနော့်ကိုယ်တွေ့ ရဟန်းတော်တပါးဆိုရင် ကျောင်းသားတပ်ထဲဝင်မယ်။ လူထွက်မယ်ဆိုပြီး တကဲကဲ။ လူထွက်ပြီး နောက်တနေ့ စစ်သင်တန်းတက်တော့ ဘယ်ညာ ဘယ်ညာ လမ်းလျှောက်တာက မမှန်ဘူး။ ဒီတော့ သင်တန်းဆရာကအော်တော့ (ဖြေးဖြေးအော်ပါ ဒကာကြီးရယ်ဆိုပြီး) ပြန်ပြောလို့ ကျနော်တို့ ၀ိုင်းရယ်ခဲ့ကြ ရသေးတယ်။ ဒီလိုနဲ့ ဘုန်ကြီးတွေ လူထွက်ပြီး ကျောင်းသားဖြစ်လာကြတယ်။ ကျောင်းသားတပ်မှာက လူစုံ။ ရဲဘော် တယောက်ဆို သူက ရန်ကုန်မှာ ခါးပိုက်နှိုက်လုပ်ခဲ့ပါတယ်တဲ့။ ကျောင်းသားတပ်မှာတော့ တိုက်ပွဲတွေ တပွဲပြီးတပွဲ တိုက် သွား တယ်။ သူဒဏ်ရာရပြီး ဆေးရုံတင်လိုက်ရပြီးနောက်ပိုင်း သူနဲ့ ကျနော် အဆက်အသွယ်မရတော့ပါ။ ကျနော်ပြော ချင်တာက ကျောင်းသားတပ်မှာ လူတန်းစားအစုံပါတာကိုပါ။ အားလုံးဟာ ကျောင်းသားလို့ပဲ ပြောကြပါတယ်။ ဒီလိုနဲ့ ကျနော်တို့ သင်္ကြန်ကာလ တောတွင်းစစ်စခန်းမှာ သင်္ကြန်ရေနဲ့ ဝေးခဲ့ကြဘူးပါတယ်။
++++++++

အခုနှစ် ၁၃၇၆ ခုနှစ်ကနေ ၁၃၇၇ ကို ကူးပြောင်းတဲ့ ၂၀၁၅ သင်္ကြန်မှာလည်း သင်္ကြန်ရေနဲ့ ဝေးနေကြသူတွေ ရှိတယ်။ သူတို့ လည်း ကျောင်းသားတွေပဲ။ ဒါပေမယ့် ကျောင်းသားတပ်မတော်ကတော့ မဟုတ်ဘူး။ သူတို့က ဗကသများအဖွဲ့ချုပ် (ဗမာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်)က ဖြစ်တယ်။ ဖြိုးဖြိုးအောင်၊ မင်းသွေးသစ်၊ အောင်မှိုင်းဆန်း၊ အိသဉ္ဇာ မောင်၊ နန္ဒစစ်အောင်နဲ့ သီဟ၀င်းတင်တို့ အပါအ၀င် ကျောင်းသား ၇၀ ကျော်ဟာ ချုပ်နှောင်ခံနေကြရတာပါ။ အာဏာရှင် ပညာရေးကနေ ဒီမိုကရေစီပညာရေးကိုပြောင်းဖို့ တောင်းဆိုရင်း လက်ပံတန်းမှာ အစိုးရတပ် (ရဲတပ်) တွေရဲ့ ရိုက်ဖမ်းတာကို သင်္ကြန်မကျခင် တလအလို ၂၀၁၅ မတ် ၁၀ ရက်ကတည်းက ခံခဲ့ရပါတယ်။ ဒါကြောင့် အခု သင်္ကြန်ရောက်ချိန်မှာလည်း သူတို့ကို လွှတ်မပေးသေးတာကြောင့် သင်္ကြန်နဲ့ဝေးနေကြရဆဲပါ။ ဒီဗကသကျောင်းသား ၇၀ ကျော်နဲ့အတူ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ နော်အုန်းလှ၊ ကိုဝေဠု၊ ရှေ့နေကြီး ဦးမြင့်အေးတို့ အပါအ၀င် ထောင်ကျနေသူတွေ၊ အချုပ်ကြဆဲ အမှုရင်ဆိုင်နေသူ လယ်သမား၊ အလုပ်သမား နိုင်ငံရေးအကျဉ်းသား ၅၀၀ လောက်ဟာလည်း နှောင်အိမ်တွေအတွင်း နေထိုင်နေရတာမို့ သင်္ကြန်ရေနဲ့ဝေးနေကြရသူတွေလို့သာ သင်္ကြန်သံချပ်ထိုးသလို (အော်) ပြောလိုက်ချင်ပါရဲ့ …။ ။

(နှစ်သစ်မှာ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ပါစေ။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts