Portraits ဖြစ်ရပ်များ၊ အမှတ်တရများ

Myanmar Philanthropists (Two Ladies) – Zaw Aung (Mon Ywa)

မြန်မာပြည်က ကြွယ်ဝသူ လူမှုရေးသမား အမျိုးသမီး ၂ဦး
ဇော်အောင် (မုံရွာ)၊ အောက်တိုဘာ ၂၆၊ ၂၀၁၃

Myanmar Philanthropists (Two Ladies)  တိုးတက်သောနိုင်ငံများတွင် စီးပွားချမ်းသာသူများအချို့သည် အသက်ရွယ်ရလာချိန်တွင် နိုင်ငံတော်လိုအပ်ချက်များအတွက် သူတို့ရှာဖွေစုဆောင်းခဲ့သောငွေကြေးများကို လှုဒါန်းလေ့ရှိသည်။ ငယ်ရွယ်စဉ်ကပင်လှုဒါန်းသော အမေရိကန်မှာ ဘီလ်ဂိတ် Bill Gate – Microsoft ကဲ့သို့လူများလည်းရှိသည်။ ထိုသို့သောလူများသည် မြင့်မြတ်သောစိတ်ထားရှိသူများဖြစ်သည်။ Myanmar Philanthropists များအဖြစ် အမျိုးသမီး၂ဦး ဒေါ်ဦးဇွန်းနှင့်ဟာဂျီမဒေါ်ပု တို့ကို ရှာဖွေတင်ပြပါသည်။

ဒေါ်ဦးဇွန်း  (ဦးဇွန်၊ ဒေါ်) 
(မြန်မာ ၁၂၃၀-၁၃၀၆၊ AD 1868 – 1944)။   ။ မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာ လူအိုရိပ်သာများကို စတင်တည်ထောင်ခဲ့သူ ဒေါ်ဦးဇွန်းသည် ပဉ္စမသင်္ဂါယနာတင် ဘဝရှင်မင်းတရားကြီး လက်ထက်တွင် ရတနာပုံနေပြည်တော်၌ အဖပိုးကုန်သည်ကြီး ဦးအီး၊ အမိဒေါ်မျှင်တို့မှ ၁၂၃၀ပြည့်နှစ် ဝါခေါင်လဆန်း ၅ရက် သောကြာနေ့တွင် ဖွားမြင်သော တဦးတည်းသောသမီးဖြစ်သည်။
 
မဦးဇွန်း ကလေးသည် ငယ်စဉ်ကပင် သူတော်ကောင်း မိဖများ၏ သွန်သင်ချက်အရ ဘာသာရေးကို အထူးကိုင်းရှိုင်းသော အမျိုးကောင်းသမီးဖြစ်သည်။ ၇နှစ်အရွယ်ကပင် ပုပ္ပါးရုံကျောင်းအမ၊ ဝိသာခါထုံး နှလုံးမူကာ နေ့စဉ်ငါးပါးသီလကိုစောင့်ထိန်း၍ ရှစ်ရက်သီတင်း၊ လပြည့်၊လကွယ်တို့၌ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသောသီလကို အမြဲမပြတ် ဆောက်တည်ခဲ့လေသည်။ မိဘများအားလည်း မပြတ်လုပ်ကျွေးပြုစုရလေသည်။

အသက်၁၆နှစ်အရွယ်မစ၍ မဦးဇွန်းသည် မိဘလုပ်ငန်းဖြစ်သော ပိုးကုန်သည်အလုပ်ကို ဦးစီးလုပ်ကိုင်ခဲ့သည်။ ပိုးထည်အရောင်းအဝယ်နှင့် စပ်လျှဉ်း၍ အမြို့မြို့သို့ ကူးသန်းသွားလာရသောကြောင့် အမြို့မြို့တွင်မိတ်ဆွေများရှိသည်။ လူပေါင်းဆံ့သည်။ ဗဟုသုတကြွယ်ဝသည်။  မင်္ဂလာ တရားတော်နှင့် အညီ မောက်မာဝံ့ကြွားခြင်းမရှိ။ ခြိုးခြံစွာကျင့်သုံးနေထိုင်၍ လှုသင့်လှုထိုက်၊ ပေးသင့်ပေးထိုက်သူများအားမူ ရက်ရောစွာ ပေးကမ်းတတ်သည်။

မိခင်ဖခင်တို့ ကွယ်လွန်ချိန်တွင် ဒေါ်ဦးဇွန်း၌ မိမိနေထိုင်သော တိုက်အိမ်၊ ငွေသားတသိန်းခွဲခန့်နှင့် လယ်ယာမြေစသော အမွေအနှစ်များကို ရလိုက်သည်။ အမရပူရမြို့မှ ပိုးထည် စသည့် ကုန်တို့ကို တဦးတည်းကိုယ်စားလှယ်ယူကာ ရန်ကုန်၊ သထုံ၊ မော်လမြိုင်၊ ပဲခူး၊ ပုသိမ် စသောအောက်ပြည်နယ်များသို့ ပို့သော အလုပ်ကိုလုပ်သည်။

ဒေါ်ဦးဇွန်းသည် ၁၂၆၀ ပြည်နှစ် အသက်၃၀ အရွယ်တွင် မန္တလေးမြို့ ပတ္တ့မြား ဆရာတော်ဘုရားကြီးအား အုတ်ကျောင်း လှုဒါန်းသည်။ ထိုအချိန်မှစ၍ ပတ္တမြားကျောင်းအုပ်အမ ဒေါ်ဦးဇွန်းဟူ၍ လူသိများလာသည်။

စီးပွားရေးလုပ်ငန်းများ မည်မျှပင် တိုးတက်ကောင်းမွန်နေစေကာမူ မိဘများ ကွယ်လွန်သည့်အချိန်မှစ၍ ဒေါ်ဦးဇွန်းသည် မိဘများအား လွမ်းဆွတ်သောစိတ်ကြောင့် စီးပွားရေးလုပ်ငန်း၌ စိတ်မပျော်ပိုက်ဖြစ်ကာ ရန်ကုန်မြို့သို့ စိတ်ပြေလက်ပျောက် အလည်အပတ်ဆင်းလာခဲ့သည်။ ရန်ကုန်မြို့သို့ ရောက်သောအခါ ကန်တော်ကလေးအရပ်ရှိ ပြင်သစ်သာသနာပြု ဘိုးဘွားရိပ်သာသို့ သွားရောက်ကြည့်ရှုရာမှ သားထောက်၊ သမီးခံ မရှိသော လူအိုများအား မိဘများကိုယ်စား စောင့်ရှောက်ကျွေးမွေးရသော် သင့်မည်ဟု အကြံပေါ်လာလေသည်။ ထို့ထက် မိရိုးဖလာအားဖြင့် ငယ်ရွယ်စဉ်ကပင် ဗုဒ္ဓဘာသာ ဖြစ်လာကြပါလျှက်နှင့် မြန်မာနိုင်ငံ၌ တခုတည်းရှိသော ပြင်သစ်သာသနာပြု ဘိုးဘွားရိပ်သာတွင် ခိုလှုံကြပါက ဘာသာရေးအခက်အခဲ ဖြစ်ကြရတော့မည်ကို ယူကျုံးမရဖြစ်ရလေသည်။ ထို့ကြောင့် မိမိကိုးကွယ်သော ဘာသာကိုလည်း မထိခိုက်စေပဲ မိမိတို့အလိုအလျှောက် ကိုးကွယ်လိုသော ဘာသာကို ကိုးကွယ်ခွင့်ရရှိစေရန် ဘိုးဘွားများစောင့်ရှောက်ရေး ဌာနတခုဖွင့်လှစ်မည်ဟု အကြံပြုခဲ့သည်။

မန္တလေးမြို့သို့ ပြန်ရောက်သောအခါ စစ်ကိုင်းတောင်ရိုး အရိယမဂ္ဂင်ချောင် ဆရာတော်ဘုရားကြီးအား လျှောက်ထား၍ မင်းကွန်းခေါင်းလောင်းကြီးတည်ရာအနီးတွင် ဘီအိုင်အေဦးမောင်ကြီး၊ ဦးဘချမ်းတို့နှင့်အတူ ဒေါ်ဦးဇွန်းကိုယ်တိုင် ခုတ်ထွင်မြေညှိပြီးလျှင် ကမ္မဌာန်းကျောင်း သုံးကျောင်း၊ စတင်ဆောက်လုပ်ကာ လူအိုရုံကို ၁၂၇၈ ခုနှစ်တွင် စတင်တည်ထောင်သည်။ ရှေးဦးစွာ အဖိုးအိုတယောက်၊ အဖွားအိုသုံးယောက်ကို လက်ခံ၍ ဒေါ်ဦးဇွန်းကိုယ်တိုင် အဖော်မိန်းကလေးတစ်ဦးနှင့် ဝတ်ကြီး၊ ဝတ်ငယ် ပြု၍ ကျွေးမွေးစောင့်ရှောက်ခဲ့ရာ ၁၂၈၀ပြည့်နှစ်သို့ ရောက်သောအခါ ဘူအိုပေါင်း ၂၀ခန့်ကို လက်ခံစောင့်ရှောက်နိုင်သည့်အခြေအနေသို့ ရောက်ခဲ့လေသည်။ ယင်းနှစ်နှစ်အတွင်း ဒေါ်ဦးဇွန်းသည် မိမိ၏ ကိုယ်ပိုင်ငွေဖြင့်ပင် ပြုစုပျိုးထောင်ခဲ့၍ ၁၂၈၀ ပြည့်နှစ်တွင်မှ အလှုပါဝင်လိုသူများထံမှ သဒ္ဒါကြေး လက်ခံကာ ဘိုးဘွားရိပ်သာအသင်းကို စတင်တည်ထောင်သည်။

မင်းကွန်း ဗုဒ္ဒဘာသာ ဘိုးဘွားရိပ်သာ လုပ်ငန်းအတော်အထမြောက် အောင်မြင်လာသောအခါ ဒေါ်ဦးဇွန်းသည် မူလရည်ရွယ်ချက်အတိုင်း ၁၂၈၉ ခုနှစ်တွင် သထံမြို့၊ မြသပိတ်တောင်ခြေ၌၄င်း၊ ၁၂၉၀ ပြည့်နှစ်တွင် ပေါင်းတည်မြို့၌၄င်း၊ ၁၂၉၅ခုနှစ်တွင် ရန်ကုန်မြို့ နှင်းဆီကုန်း၌၄င်း၊ ၁၂၉၉ခုနှစ်တွင် ပခုက္ကူမြို့၌၄င်း အသီးအသီး ဘိုးဘွားရိပ်သာများကို မိမိပိုင်ငွေဖြင့် မတည်၍ ဖွင့်လစ်ခဲ့သည်။

 ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်း၊ စုစုပေါင်း၂သိန်းခန့်ကို လူအိုရုံများသို့ လှုဒါန်းလိုက်လေသည်။ ထို့နောက် ၁၂၉၀ ပြည်နှစ် အသက်၆၀ အရွယ်တွင် ပေါင်းတည်ဘိုးဘွားရိပ်သာ၌ လူဝတ်ကြောင်ကို စွန့်၍ သီလရှင်ဝတ်လိုက်သည်။ သီလရှင်ဘွဲ့မှာ ဖွားသုမာလာတည်း။ သို့ရာတွင် ဒေါ်ဦးဇွန်း ဟူသောအမည်ဖြင့်ပင် ထင်ရှားသည်။

ကျောင်းအမကြီး ဒေါ်ဦးဇွန်း၏ ကိုယ်ကျိုးစွန့်သော တိုင်းကျိုးပြည်ကျိုးဆောင် လုပ်ငန်းကို အင်္ဂလိပ်အစိုးရတို့သည် အသိအမှတ်ပြုသည့်အနေဖြင့် တီပီအက် ခေါ် တိုင်းကျိုးပြည်ကျိုးဆောင် ဘွဲ့ကို ခြီးမြှင့်လေသည်။ မီးရထား၊ မီးသင်္ဘောတို့ဖြင့် မြန်မာနိုင်ငံအနှံ့အပြာ်း ပဌမတန်းမှ အခမဲ့ စီးနင်းသွားလာခွင့်ကိုလည်း ပေးထားလေသည်။

ဘိုးဘွားရိပ်သာများ၏ မိခင်ကျောင်းအမကြီး ဒေါ်ဦးဇွန်းသည် ဘိုးဘွားရိပ်သာများအတွက် စည်းစိမ်နှင့်လုပ်အားကို ၂၀နှစ်လုံးလုံး ပေးအပ်ဆောင်ရွက်ခဲ့ပြီးနောက် ၁၃၀၆ ခုနှစ် ကဆုန်လပြည့်ကျော် ၅ရက်နေ့တွင် အသက်၇၆နှစ်အရွယ်၌ မင်းကွန်းဘိုးဘွားရိပ်သာတွင် ကွယ်လွန်လေသည်။

ဒေါ်ဦးဇွန်း၏ ကြေးရုပ်ကို မင်းကွန်းဘိုးဘွားရိပ်သာတွင် ဂုဏ်ပြုသောအားဖြင့် ထားရှိသည်ကို တွေ့နိုင်သည်။

မှတ်ချက်။  ။ ထိုစဉ်ကဒေါ်လာဈေးနှုန်းများကိုနှိုင်းယှဉ်ရန်ဇယား
1952  US$1.00  = Kyat 41
1962  US$1.00  = Kyat 41
1972  US$1.00  = Kyat 62
1982  US$1.00  = Kyat 89
1992  US$1.00  = Kyat 112
2002  US$1.00  = Kyat 1020
2007  US$1.00  = Kyat 1350
2011  US$1.00  = Kyat 750
2013  US$1.00  = Kyat 970
Ref:
http://murann.com/stories/kyat.2013.htm

ဒေါ်ပု
ဟာဂျီမ ပျဉ်းမနားဒေါ်ပု (လူမှု ထူးချွန် ပထမဆင့်)
လူမှုထုးချွန်ပထမအဆင့်ကို ပထမဆုံးရရှိသူ အမျိုးသမီး

(၁၉၀၆- ၁ ဖေဖေါ်ဝါရီ ၁၉၈၂)မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ် ယင်းတော်ရွာဇာတိ ဖြစ်သည်။ အဖ ပွဲစားကြီးဦးဘမြ အမိ ဒေါ်ခင်စီတို့မှ သက္ကရာဇ် ၁၂၆၈ (၁၉၀၆ ) ခုနှစ်တွင် ဖွားမြင်သည်။ ငယ်နာမည် မရွှေပု ဖြစ်သည်။ ၁၂၈၈ ခုနှစ်တွင် စိန်ရွှေကုန်သည် ဦးစံလှနှင့် အိမ်ထောင်ကျသည်။ ပျဉ်းမနားသို့ ရွှေ့ပြောင်း၍ စိန်ရွှေရတနာရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းဖြင့် နေထိုင်ခဲ့သည်။ ဒေါ်ပုသည် စိန်ရွှေရတနာ လုပ်ငန်း၌ကျွမ်းကျင်သည်။ ရတနာများကိုမြင်လျှင် အရည်အသွေးအဆင့်အတန်းကို ချက်ချင်းမှန်ကန်တိကျစွာ အကဲဖြတ်နိုင်စွမ်း ရှိသည်။

ဒေါ်ပုသည် ဆက်ဆံမှုပြေပြစ်ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ စိတ်ချယုံကြည်ရခြင်းတို့ကြောင့် ရတနာရောင်းဝယ်မှုတွင် အများကအားကိုး အားထားပြုကြသည်။ ဒေါ်ပုကို ပျဉ်းမနားမြို့သူမြို့သားများက စိန်ရွှေရတနာလုပ်ငန်းတွင် ကျွမ်းကျင်သောကြောင့် စိန်မပုဟု ချစ်စနိုး ခေါ်ဝေါ်ကြသည်။ 
ဂျပန်ခေတ် ဗမာ့ကာကွယ်ရေးတပ်မတော်(ဘီဒီအေ) ဖွဲ့စည်းစဉ်ရဲဘော် သုံးကျိပ်ဝင်များမှ အရာရှိအရာခံ အကြပ်တပ်သားများသည် ဒေါ်ပု နှင့် အကျွမ်းတ၀င်ရှိကြသည်။ မိခင်ပမာအမေပုဟု ခေါ်ကြသည်။ ဒေါ်ပုသည် ပျဉ်းမနားမြို့နယ် အာရှလူငယ်အစည်းအရုံး၏ ဥက္ကဌ အဖြစ်ဆောင်ရွက်ခဲ့သည်။ ဖက်ဆစ်တော်လှန်ရေးကာလတွင် ဗမာ့ကာကွယ်ရေးတပ်မတော်(ဘီဒီအေ) ပျဉ်းမနား၌ ရှိနေစဉ်ကာလ၌ တပ်မတော်အတွက် လိုအပ်သည်များကို တတ်စွမ်းသမျှ အကူအညီပေးခဲ့သည်။ 
၁၉၄၇ ခုနှစ်တွင် ခင်ပွန်းဖြစ်သည် ဦးစံလှ ကွယ်လွန်ပြီးနောက် ပျဉ်းမနား မှ ရန်ကုန်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ၁၉၄၉ မှ ၁၉၆၂ ခုနှစ်အထိ ရန်ကုန်မြို့ဗိုလ်ချုပ်ဈေးအနောက်ဘက်တန်း ၌ ထွန်းနေရောင် ကုမ္ပဏီကို တည်ထောင်သည် ။ ၁၉၆၁ မှ ၁၉၆၈ ခုနှစ်အထိ ဘုရင်မ နိုင်လွန်ဇာ နှင့် အထည်စက်ရုံ တစ်ရုံ တည်ထောင် ဖွင့်လှစ်ခဲ့သည် ။ ဒေါ်ပုသည်၁၉၅၁ ခုနှစ်တွင် ဟဂ်ျပြုလုပ်ခဲ့သည်
 ၁၉၇၂ ခုနှစ်တွင် ပျော်ဘွယ်မြို့နယ် ယင်းတော်ရွာ အစ္စလာမ့်ရှေ့ဆောင်ကျောင်း ကလေးရိပ်သာများအတွက် ငွေကျပ်(၈)သိန်းကျော် လှူဒါန်းသည်။ ထို့အပြင် ဗလီဝတ်ကျောင်းအတွက်လည်းကောင်း၊ ရန်ကုန်မြို့ဇီဝကလမ်း  (ဇဖရ်ရှားလမ်း) ဇဖရ်ရှားဒရ်ဂါ ၀တ်ကျောင်းတော် နှင့် အမျိုးသမီးဝတ်ပြုဆောင်ကိုလည်းကောင်း၊ ရန်ကုန်မြို့သိမ်ဖြူလမ်းရှိ မွတ်စလင်အမျိုးသမီးရိပ်သာနှင့် ကျောင်းဆောင်အတွက် လိုအပ်သော မွမ်းမံပြင်ဆင်မှုများကိုလည်းကောင်း ပြုလုပ်လှူဒါန်းခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် ရန်ကုန်မြို့ စိတ်ရောဂါအထူးကု ဆေးရုံဝင်းအတွင်း ငွေခြောက်သိန်းတန် ဘွဲ့လွန်စိတ်ပညာသင်တန်းခန်းမနှင့် စာကြည့်တိုက်အတွက်လည်း လှူဒါန်းခဲ့သည်။ ၁၉၇၉ ခုနှစ် အောက်တိုဘာလာ ၅ ရက်တွင် ရန်ကုန်မြို့ပြည်သူ့ဆေးရုံကြီးဝင်းအတွင်း ဆီးနှင့်ကျောက်ကပ်ရောဂါအထူးကုဌာန အတွက် သိန်းသုံးဆယ်ကျော်လှူဒါန်းကာ ဆောက်လုပ်ခဲ့သည်။ လှူဒါန်းပွဲအခမ်းအနား ဖိတ်ကြားစာကို ဖော်ပြပါမည်။

၇၈၆
ဇေယျတု သဗ္ဗ မင်္ဂလာ
ဆီးနှင့်ကျောက်ကပ်ရောဂါ ဆေးအထူးကု ဌာန အဆောင်အဦး ပေးအပ်လှူဒါန်းပွဲ ဖိတ်ကြားစာ
လူကြီးမင်းရှင့်-
 

လူမျိုးမရွေး ဘာသာမရွေး ကုသနိုင်ရန်ရည်ရွယ်၍ သိန်း(၃၀)ကျော် အကုန်အကျခံကာ ဆောက်လုပ်ခဲ့သော ဆီးနှင့်ကျောက်ကပ်ရောဂါ ဆေးအထူးကုဌာန အဆောက်အဦကို  ပြည်သူလူထုကိုယ်စား ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်အစိုးရ ကျန်းမာရေး ၀န်ကြီးဌာန၀န်ကြီးထံ ပေးအပ်လှူဒါန်းမည့် အခမ်းအနားသို့  ကြွရောက်ချီးမြှင့်ပါရန်ဖိတ်ကြားအပ်ပါသည်။
ကျင်းပမည့် နေ့ရက် – ၅-၁၀-၇၉ (သောကြာနေ့)
ကျင်းပမည့် အချိန် – နံနက် (၉) နာရီ
ကျင်းပမည့်နေရာ – ရန်ကုန်ပြည်သူ့ဆေးရုံကြီး
(လမ်းမတော် ၀င်ပေါက်)
ဟာဂျီမ ပျဉ်းမနားဒေါ်ပု (ရန်ကုန်)
 
ထို့အပြင် ၁၉၈၀ ပြည့်နှစ် သြဂုတ်လ ၁၄ ရက်၌ ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ဆေးရုံဝင်းအတွင်းတွင် သိန်း(၂၀)တန် အထွေထွေ အရေပြားနှင့် ကာလသားရောဂါကုဌာန အဆောက်အအုံကိုပန္နရိုက်အုတ်မြစ်ချ လှူဒါန်းခဲ့သည်။ ထို့အပြင် ၁၉၈၁ ခုနှစ် နိုဝင်ဘာ ၁၀ ရက်တွင်လည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးအတွင်း၌ သိန်း ၅၀ တန် လေးထပ်တိုက် အရေပြားရောဂါနှင့် ဦးနှောက်နှင့်အာရုံကြောရောဂါကု ဆေးရုံ အဆောက်အအုံအတွက်လည်း သိန်း ၂၀ လှူဒါန်းခဲ့သည်။
ဒေါ်ပုသည် ပျဉ်းမနားမြို့နယ်အသင်း၏ နာယကကြီးအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံကုန်သည် ကြီးများအသင်းတွင် အမှုဆောင်အဖြစ်လည်းကောင်း၊ နိုင်ငံတော်အစိုးရမှ နိုင်ငံခြားသို့ စီးပွားရေး မစ်ရှင်စေလွှတ်ရာတွင် အဖွဲ့ဝင်တစ်ဦး အဖြစ်လည်းကောင်း ပါဝင်ခဲ့သည်။ 
၁၉၈၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ကျင်းပသည့် အစ္စလာမ်မစ်ဒအ် ၀တ်ညီလာခံသို့ ဆရာချယ်၊ သီရိပျံချီ ဃာဇီ မုဟမ္မဒ်ဟာရှင်တို့နှင့်အတူ တက်ရောက်ခဲ့သည်။
၁၉၈၁ ခုနှစ် ဇန်န၀ါရီလတွင် နိုင်ငံတော်က ပထမဆုံးအကြိမ်ချီးမြှင့်သည့် လူမှုထူးချွန်ပထမအဆင့်ကို ပထမဆုံးရရှိသည့် အမျိုးသမီးဖြစ်သည်။ ဘာသာရေး၊ လူမှုရေးနှင့် နိုင်ငံအကျိုးပြုလုပ်ငန်းများတွင် ဓနအင်အားဖြင့် များစွာပါဝင်လှူဒါန်းခဲ့သူ ဖြစ်သည်။ 
ဟာဂျီမဒေါ်ပုသည် အစ္စလာမ်သာသနာရေးရာကောင်စီဌာနချုပ် နာယက၊ အီးဒ်ဆွလာသ်ဗဟိုကော်မတီ နာယက၊ ဟစ်ဂျရီ ၁၅ ရာစု ကြိုဆိုရေးဗဟိုကော်မတီ (အ-ဟ-က)နာယကအဖြစ် ဆောင်ရွက်ခဲ့သည်။ 
၁၉၈၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ။

ရေးသားသူ …မောင်သန်းဝင်း(မြန်မာစာ), lumyochit
credit by .. သူတော် MMCP
Ref:
http://murann.com/stories/dawuzun.htm

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts