ဗိုလ်ထက်မင်း ဝေဖန်ရေးရာ

ဗိုလ်ထက်မင်း – ငြိမ်းချမ်းရေးမြတ်နိုးရင် တပ်မတော်သားများကို ဘာကြောင့် အဓမ္မ စစ်တိုက်ခိုင်းနေရတာလဲ? နိဂုံးချူပ် အပိုင်း ၇

ဗိုလ်ထက်မင်း –  ငြိမ်းချမ်းရေးမြတ်နိုးရင် တပ်မတော်သားများကို ဘာကြောင့် အဓမ္မ စစ်တိုက်ခိုင်းနေရတာလဲ? နိဂုံးချူပ် အပိုင်း ၇
(မိုးမခ) ဧပြီ ၁၅၊ ၂၀၁၅

၁။    ငြိမ်းချမ်းရေးမြတ်နိုးရင် တပ်မတော်သားများကို ဘာကြောင့် အဓမ္မစစ်တိုက်ခိုင်းနေရတာလဲခေါင်းစဉ်ပါ အဓိပ္ပါယ်အရ စာဖတ်သူတချို့ က ကိုးကန့်ကို ဘာကြောင့်တိုက်နေရတာလဲလို့  ဆက်စပ် တွေးတောနိုင်ပါတယ်။ စာရေးသူက  ကိုးကန့်တိုင်းရင်းသားလူမျိုးကို မဟုတ်ဘဲ personal အရ ဦးဖုန်ကြားရှင် အား ထောက်ခံခြင်း မပြုနိုင်တာကို အထက်ပိုင်းတို့မှာ ရှင်းလင်းစွာ  တင်ပြထားပြီးဖြစ်တယ်။  တပ်မတော်ကတော့ အချုပ်အချာအာဏာထိခိုက်လို့ တိုက်တာကို အထိုက်အလျောက်လက်ခံတယ်။ တရုတ်နိုင်ငံ ဗဟိုအစိုးရမပါသော်လည်း ယူနန်ပြည်နယ်အစိုးရက တနည်းတဖုံပတ်သက်နေတာမို့ တိုက်တာကို ထောက်ခံတယ်။ သို့သော် တပ်မတော်ထိပ်ပိုင်း အကြီးအကဲ အချို့က ငြိမ်းချမ်းရေးမြတ်နိုးတယ် ပြောပြီး ရှေ့နောက်မညီတဲ့ ရန်လိုတဲ့ အပြောနဲ့ သဘောထားတင်းမာတဲ့ အပြောအဆိုအပြုအမူများ မြင်ရကြားရနေတယ်။ ဒါဆိုရင် ဘာရည်ရွယ်ချက်တွေနဲ့  တပ်မတော်သားများကို တိုက်ခိုင်းနေရတာလဲဆိုတာ စာရေးသူအမြင်တင်ပြပါမယ်။

၂။    တပ်ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်လာပြီးနောက် မြန်မာနိုင်ငံ အာဆီယံဥက္ကဌ ရာထူးလက်ခံပြီးနောက် တပ်မတော်ဆိုင်ရာညီလာခံများစွာကို လက်ခံကျင်းပခဲ့ရာ အခြားနိုင်ငံများအား မြန်မာတပ်မတော်ကြီးဟာ Standard Army အဖြစ် ကြိုးစားနေကြောင်း    မသိမသာဝံ့ ကြွားခဲ့ပါတယ်။  တပ်မတော်ဟာ စစ်သည်အင်အားကြီးမားတဲံ့ အာဆီယံနိုင်ငံတွေထဲတွင် အင်ဒိုနီးရှားနဲ့ တန်းတူနီးပါးလိုက်ပြီးထိပ်မှာ ဗီယက်နမ်ရှိကာ ကမ္ဘာ့အဆင့် စစ်သည်အင်အား အဆင့်၁၅၊ တိုက်စွမ်းရည် ၄၄ရှိတယ်လို့ ဆိုလိုက်ရာ တပ်ချုပ် အတော်ကျေနပ်နေဟန် တူပါတယ်။ လက်တွေ့  တိုက်ပွဲ တွေဟာ လေ့ကျင်ရေးနဲ့စာရင်  သီအိုရီအရ ပိုမိုထက်မြက်တာမို့ ယနေ့ကာလပြည်တွင်းတိုက်ပွဲတွေနဲ့ တိုက်နေရတဲ့ မြန်မာတပ်မတော်က အတွေ့အကြုံ များရှိထားရာ လက်နက်အင်အား တောင့်တင်းသော်လည်း  လေ့ကျင့်ရေးကိုသာ မှီခိုနေရပြီး တိုက်ပွဲတွေမရှိတဲ့ အာဆီယံနိုင်ငံအချို့ က တိတ်တခိုးလေးစားတယ်လို့ သိရပါတယ်။ Fighter ဗိုလ်ချုပ်မှူးကြီး လို့ ခံယူနေဟန်ရှိပြီး လေးလပါတ် အစည်းအဝေးတခုမှာ ပြောသွားတာကတော့ အာဆီယံနိုင်ငံတနိင်ငံက ဗိုလ်ချုပ်ကြီးတယောက်ကို Battle producer ဘယ်လိုဆွဲသလဲဆိုတာ မေးခဲ့တာကို မဖြေနိုင်တာအား  ဂုဏ်ယူဝံ့ကြွှားခဲ့တယ်လို့သိရပါတယ်။( ကြည်း၊ရေ၊လေ) ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းတွေ ဆက်တိုက် လုပ်ပြသလို အမြဲတမ်း ALERTဖြစ်နေကြောင်း နိုင်ငံတကာကို  ပြချင်လို့ ကေအိုင်အေ ဌာနချုပ် ကိုတောင် ချန်ထားပြီး  စစ်တိုက်ပြနေဟန် တူပါတယ်။

၃။    ဒီအတောအတွင်း အမြောက်တပ်မှ ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းအပေါ် ပစ်ခတ်ရာ ထိချက် ကောင်းမွန်မှူအပေါ် ကျေနပ်ပီတိဖြစ်ဟန်တူကာ  MNDAA တိုက်ပွဲ တွေကျတော့ တာထွက်ကတည်းက ထိကွဲ ကွဲနေတာကြောင့် ရှက်ပြီး လက်အောက်ကို ဖိတိုက်ခိုင်းနေပါတယ်။ တဖန် မီဒီယာများကဖေါ်ထုတ်နေရာ သတင်းစာရှင်းလင်းပွဲ ထပ်လုပ်ပြန်တော့ တချို့အချက်တွေမှာ  စွပ်စွဲခံရသူတရုတ်ကြီးအပါအဝင် ဝ နဲ့ ကေအိုင်အေတို့က ငြင်းချက်ထုတ်တဲ့အပေါ် ပြန်မချေပနိုင်လို့ စစ်တပ်စကားနဲပြောရရင်လေကွဲကျဉ် ထပ်ထိပြန်တယ်။ အဆိုးဆုံးက အပေါ်စီးအနေထားကနေ တရုတ်နယ်စပ်ထဲ ဗုံးကျဲမိလိုက်လို့ အောက်စီးပြန်ရောက်သွားပြီး တရုတ်ကို လူသိရှင်ကြားတောင်းပန်ရတဲ့ အနေအထားရောက်သွားလို့ တရုတ်လေဆာဗုံး ဒဲ့ထိသွားပါတယ်။ အဲဒီအတွက် မကျေနပ်နိုင်ဘဲ နယ်စပ်က တရုတ်လူမျိုး တွေ သစ်ခိုးထုတ်နေတာကို ထပ်မံ ရှာဖွေခိုင်းပြီး  ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်နေတာကို မငှဲ့ကွက်ဘဲ  လေယာဉ်နဲ့ပစ်ခတ်  ဟန့်တားခဲ့ပါတယ်။

၎။    နောက်တခု ရည်ရွယ်ချက် ရှိနိုင်တာက  လက်ရှိပြည်တွင်း အခြေအနေမှာ လက်နက်ကိုင် တိုင်းရင်းသားများရှိနေတာကြောင့် အချိန်မရွေးခွဲထွက် နိုင်သေးတယ် ဆိုတဲ့ သံသယစိတ် တပ်ကရှိ နေတာမို့ ဒီလိုလုပ်လာရင် စံပြသတိပေးချင်လို့ MNDAA ကိုအင်အားကြီးစွာ တိုက်ပြနေတာဖြစ်နိုင်ပါတယ်၊ ဒို့တာဝန်အရေး(၃)ပါးထိပါးရင် အစိုးရ၊ လွှတ်တော်ကတောင် ဝင် တားလို့မရဘဲ တပ်ရဲ့POWER အပြည့်ရှိ ကြောင်း  စစ်အုပ်ချုပ်ရေး လုပ်နိုင်ကြောင်း ပြနေပါတယ်။

၅။    နောက်ဆုံးရည်ရွယ်ချက်တခုက  အင်မတန်မှ လျှိုဝှက်သိပ်သည်းတဲ့ မဟာဗျုဟာမြောက် စမ်းသပ်ချက် ဖြစ်တယ်။ တပ်မတော်က အမျိုးသားရေးဦးဆောင်မှူအခန်းကဏ္ဏ မှာ အမြဲတမ်းပါဝင်ရမယ် ဆိုထားပါတယ်။ အရေးကြုံလာလို့ ပြည်သူလူထုဒုက္ခရောက်လာရင် တပ်မတော်က အားထည့်ပြီး တကယ်လုပ်ပြနေတာကြောင့် ပြည်သူလူထုရဲ့ထောက်ခံမှူ ဘယ်လိုတက်လာမလဲ ဆိုတာ စမ်းသပ်ချင်လို့ဖြစ်ပြီး  တပ်အခန်းကဏ္ဏ ကို အသိ အမှတ်ပြုရအောင် Power Game ကစားတာဖြစ်တယ်။ ပြည်တွင်းတည်ငြိမ်မှူ မရှိရင် တပ်ထိန်းချုပ်မှူ လိုအပ်နေဆဲဆိုတာ ပြလိုက်တယ်လို့ သုံးသပ်ပါတယ်။

၆။    STANDARD ARMY တစ်ရပ်ဖွဲ့စည်း တည်ဆောက်ရာမှာ အခြေခံ လိုအပ်ချက် တစ်ခုဖြစ်တဲ့ ကာကွယ်ရေး စွမ်းရည် ပြည့်စုံစေရန် အတွက်–
(က) လေ့ကျင့်သား ပြည့်ဝမှု (Training)၊
(ခ) ခေတ်မီ လက်နက်နှင့် လက်နက်စနစ်များ အသုံးပြုနိုင်မှူ (Equipment)၊
(ဂ)လူအင်အား ဖြည့်တင်းမှုနှင့် အကျိုးခံစားခွင့်များ ဖြည့်ဆည်း ပေးနိုင်မှု `(Personnel)၊
(ဃ)သတင်း အချက်အလက် စုံလင်စွာ ရရှိနိုင်မှု(Information)၊
(င) စစ်ရေး ဆိုင်ရာ မူဝါဒနှင့် သဘောတရား အယူအဆ မှန်ကန်စွာ ချမှတ် ကျင့်သုံးနိုင်မှု (Doctrine or Concept of Operation)၊
(စ) မှန်ကန်စွာ တပ်ဖွဲ့စည်းနိုင်မှု (Organization)၊
(ဆ) လိုအပ်သော အခြေခံ အဆောက်အဦများ ပြည့်စုံခိုင်မာမှု (Infrastructure)၊
( ဇ) လုံလောက်သော အုပ်ချုပ် ထောက်ပံ့ခြင်း ဆောင်ရွက်နိုင်မှု (Logistic)၊ ဆိုတဲ့ အချက်များ အားလုံး အပိုင်းလိုက် ဟန်ချက်ညီ တိုးတက်နေဖို့ ပါရှိလေရာ ရှေ့နားမှာ ဖေါ်ပြခဲ့တဲံ့အပိုင်းများအရ တပ်မတော်မှာ အပုဒ်(က)မှလွဲလို့ ကျန်တာလိုအပ်နေဆဲ ဖြစ်ပါတယ်။ လိုအပ်ချက်ကြီးမားလေ တပ်မတော်သားများကို အဓမ္မ စစ်တိုက်ခိုင်းသလိုသေတွင်းပို့တာနဲ့တူနေပါတယ်။

ရ။    အထက်အပုဒ်(ဂ)၊W.E မလုပ်နိုင်သရွေ့ အပုဒ်(စ)အရ power line up မှာ out နေဦးမှာဖြစ်ပြီး ဆက်စပ်နေပါတယ်။ တဖန် အကျိုးခံစားခွင့်နဲ့အပုဒ်(ဇ) ပီပီပြင်ပြင်မရှိလို့ စစ်တပ်ထဲ တော်ရုံဝင်ဖို့ မစဉ်းစားတာကြောင့် တပ်အင်အား နဲနေတာ ဖြစ်ပါတယ်။ ကျဆုံး၊ဒဏ်ရာရ ၊တပ်ထွက် တွေအတွက် အကျိုးခံစားခွင့်၊ အာမခံချက်ကို နိုင်ငံတကာတပ်တွေယှဉ်ရင်အဆင့် ဘယ်လောက်မှာရှိတယ်ဆိုတာ ကမ္ဘာ့တိုက်စွမ်းရည် အဆင့် ၄၄ ရနေတာကို ပီတိ မဖြစ်သင့်ဘဲ လေ့လာသင့်ပါတယ်။ နိုင်ငံဆင်းရဲလို့ဆင်ခြေပေးတာမျိုးဆိုရင် တပ်ချုပ် အပါအဝင်ဗိုလ်ချုပ်ကြီးတွေရဲ့လစာ တွေထဲက သမ္မတကြီးလုပ်သလိုမျိုး ရာခိုင်နနှုးအရ ဖယ်ပြီး စစ်သည်တွေကို ပေးရင်တပ်မိသားစုကသာဓုခေါ်ကြမှာပါ။ အကြပ်ဆင့်မပြောနှင့် ဦး၊၂၀၀၉ခုနှစ် လောက်ကိုင်(ပထမ) တုံးက ကျဆုံးသွားတဲ့ ဒုတပ်ရင်းမှူးတယောက်ရဲ့ ဇနီးကိုတောင် မေ့ထားခဲ့တာ အဲဒီတုံးက ကစထမှူး လုပ်ခဲ့တဲ့ ယခုတပ်ချုပ် ဗိုလ်ချုပ်မှူးကြီး ကို သတိပေးလိုပါတယ်။

၈။   တပ်ချုပ်ပုံရိပ် ကျဆင်းနေမှူအား  လောက်ကိုင်ဒေသဧရိယာကို  ခြေကုပ်စခန်းသိမ်းစစ်ဆင်ရေး အဆုံးသတ်ပြီးမှသာ ပြန်တက်လာနိုင်မယ်။ စစ်ဆင်ရေး အောင်နိုင်ဖို့ အပိုင်း၆ရှိ နာမည်ကြီးဒုဗိုလ်ချုပ်ကြီးမောင်လှက စွမ်းရည် ၃ ရပ်ဖြစ်တဲ့ စစ်ရေး၊ အုပ်ချုပ်ရေးအပြင် စည်ရုံးရေးဖြစ်တဲ့ မြိုင်ကြီးငူဆရာတော်ထံဝင်ရောက်နိုင်လို့ အောင်မြင်ခဲ့သလို လောက်ကိုင်ရှိ ဒေသခံ တရုတ်လူမျိုးများထဲမှ သြဇာရှိသူကိုစည်းရုံးမှ၊ ပြည်သူ့စစ်မဟာဗျူဟာ ခင်းကျင်းမှ ပြည်သူပါမှ အောင်မြင်မယ်လို့သတ်မှတ်ပါတယ်။ နယ်မြေမှာတိုက်ပွဲကြောင့် လူမရှိဘူးဆိုရင် ဒုက္ခသည်များကို သတ္တိရှိရှိ လက်ခံရဲရပါမယ်။ ရန်သူမိသားစုကိုလည်း တရုတ်လို့ မခေါ်ဘဲ စည်းရုံးနိုင်ရပါမယ်။ ရန်သူဟာခြေကုပ်စခန်းမရှီအောင် ၊ဖြတ်လေးဖြတ်လုပ်သင့်ပြီး တန်ပြန်ပျောက်ကြားနဲ့ချေမှူန်းရပါမယ်။ တိုင်းရင်းသားညီလာခံမှာ“MNDAA တက်လာဖို့ရှိရာ တိုင်းရင်းသားတချို့ ကကရုဏာသက်နေတတ်ပါတယ်။  မကြာခင်တောင်းဆိုလာနိုင်ပါတယ်။ ဒါကြောင့် စစ်ရေးအသာစီးရရနှ် စခန်းအားလုံးသိမ်းနိုင်ဖို့ ဆောလျင်စွာ လိုအပ်နေပါတယ်။ တကယ်လို့ ဥိးဖုန်ကြားရှင်က ခွန်ဆာလို လက်နက်ချ ခဲ့ပါလျှင်  ယခင်လိုမဖြစ်ရန် တိုင်းရင်းသားတဖွဲ့ရဲ့ ထိန်းကျောင်းမှူ ကတိကဝတ်ရခဲ့ပါလျှင် တပ်ချုပ်က သမ္မတထံ လွတ်ငြိမ်းချမ်းသာခွင်ပေးဖို့ တင်ပြပေးလိုက်ပါက ငြိမ်းချမ်းရေးကို လိုလားသူအဖြစ် စစ်ရေးအောင်နိုင်မှူ ပုံရိပ်ကြီးအောင်ချဲ့ယူသင့်ပါတယ်။

၉။     ဒါမှတပ်ချုပ်အပေါ်တိုင်းရင်းသားတွေရဲ့ယုံကြည်မှူပိုတက်လာမှာဖြစ်တယ်။နှစ်ဦးနစ်ဖက်ယုံကြည်မှူ အားနည်းနေတာကို များများတွေဆုံနိုင်လေ တိုးတက်လေမို့ KNUနဲ့ တပ်ချုပ်တွေ့ဆုံမှူက သက်သေပြတယ်။ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်က သဘောထားကြီးမှူနဲ့ပြည်သူလူထု အတွက်ငှဲ့ညှာပြီး ဥရောပအီးယူက စီးပွါးရေးပြန်ပိတ်ဆို့ရမလား မေးတာကို တားခဲ့တဲ့လုပ်ရပ်အား အတုယူရပါမယ်၊ “ငြိမ်းချမ်းရေးဆွေးနွေးနေတာ အစဘဲရှိသေးတယ် … အောက်ခြေမှာ နှစ်ဘက်စစ်သားတွေ သေနတ်ဘေးချပြီး အရက်အတူတူသောက်၊ ခွက်တောင်တိုက်နေကြပြီဆိုတာ”  သိစေချင်တယ်။ ဒါ့ကြောင့်လည်း တပ်ချုပ်အနေနဲ့ တခုတည်းသော တပ်မတော်ရှိရမည်လို့ ဆိုမိန့်နေမဲ့အစားတိုင်းရင်းသားလက်နက်ကိုင်များ အတူလက်တွဲချင်လာအောင် မူဝါဒ၆ချက်ကို အသေဆုပ်ကိုင် မထားဘဲဆိုရင်၊ တပ်ပြုပြင်ပြောင်းလဲရေး လုပ်မယ်ဆိုရင် ငြိမ်းချမ်းရေးစစ်မှန်ပြီး ရေရှည်တည်တန့်သွားမှာဖြစ် ကြောင်းတင်ပြလိုက်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ဗိုလ်ထက်မင်း – ငြိမ်းချမ်းရေးမြတ်နိုးရင် တပ်မတော်သားများကို ဘာကြောင့် အဓမ္မ စစ်တိုက်ခိုင်းနေရတာလဲ? နိဂုံးချူပ် အပိုင်း ၇
  1. ဖုန်ကြားရှင်တို့တကယ်ရိုးသားရင်ကရင်ခေါင်းဆောင်ကြီးတွေရဲ့လမ်းစဉ်လိုက်ရမှာပေါ့ စာရေးသူရေးသားချက်တွေကိုကန့်ကွက်ပါတယ် ဒီကိစ္စတပ်မတော်နဲ့မဆိုင်ပါဘူး စာရေးသူာအလိုကျဆို သူတို့အကြံအတိုင်း နိုင်ငံ့ပိုင်နက်တွေပေးလိုက်ရမှာလား တပ်ကသူ့အလုပ်သူလုပ်နေတာပါ ဖုန်ကြားရှင်တပ်တွေက ဒီမိုကရေစီတပ်မဟုတ်ပါဘူးကွန်မြူနစ်တွေပါ ဖုန်ကြားရှင်ဟာသက်သက်ဖျက်သမားပါ

    1. စာရေးသူ့အတွေးဟာ စိတ်ကူးယဉ်သည်ဟုပင်ပြောလိုပါသည် စာရေးသူ့ စာထဲ မှာဖုန်ကြားရှင်တို့အတွက်အဖြေပါနေပါတယ် စာရေးသူရေနောက်တခါဒီလိုတိုင်ပြေအတွက်အကျိုးမရှိတဲ့စာတွေမရေးပါနဲ့ ကျွန်တော့်လိုခင်ဗျားတို့မိုးမခ ဖတ်တဲ့သူတွေ စိတ်ဒုက္ခရောက်ရတယ် ဒီလိုပြောတဲ့အတွက်ခွင့်လွှတ်ပါ ကျွန်တော်ဟာစစ်တပ်နဲ့ဘာမှမဆိုင်တဲ့တိုင်ူရင်းသားတစ်ယောက်ပါ

Comments are closed.