ဓာတ်ပုံသတင်း သတင်းပဒေသာ ကျော်ဟုန်း
ကျော်ဟုန်း – ကနေဒါ ဗန်ကူးဗား မြန်မာမိသားစုရဲ့ နှစ်သစ်ကူး အတာသင်္ကြန်ပွဲ
 ကျော်ဟုန်း – ကနေဒါ  ဗန်ကူးဗား မြန်မာမိသားစုရဲ့  နှစ်သစ်ကူး အတာသင်္ကြန်ပွဲ
(မိုးမခ) ဧပြီ ၁၄၊ ၂၀၁၅
ကနေဒါ၊ဗန်ကူးဗားဘီစီ မြန်မာမိသားစုများက ဧပြီ၊၁၁၊၂၀၁၅ နေ့ မှာ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲကို Japanese Hall , 487 Alexander st မှာ ညနေ ၃ နာရီမှ ၇ နာရီအထိ ပြုလုပ်ကျင်းပခဲ့ကြပါတယ်။
ဒီသင်္ကြန်ပွဲမှာ သင်္ကြန်ပွဲဖြစ်မြောက်ရေးကော်မတီကိုယ်စား ကိုဇော်ဝမ်းက ကြွရောက်လာသူများကိုကျေးဇူးတင်စကားပြော ကြားပြီး အခမ်းအနားကို ဖွင့်လှစ်ပေးပါတယ်။ ကိုသန်းဝင်းက သင်္ကြန်ပွဲမှာ မြန်မာမိသားစုများတွေ့ ဆုံပြီးပိုမိုရင်းနှီးမှုရရန်နဲ့  မြန်မာ့ရိုးရာအစဉ်အလာများကို မျိုးဆက်သစ်လူငယ်များ သိရှိ ခုံမင်လာစေရန် ရည်ရွယ်ကြောင်း၊  Myanmar  Social Relief Orgမှ ပြည်တွင်း မိဘမဲ့ကလေးများအတွက် ပညာရေးထောက်ပံ့ရေးလုပ်ငန်းစဉ်များအကြောင်းကိုကြွရောက်လာတဲ့ မြန်မာဧည့်ပိရိသတ်များကို ရှင်းလင်းပြောကြားပါတယ်။ ဒိနောက်မှာ မနောမယဘုန်းကြီးကျောင်း ဂေါပကမှလည်းကောင်း၊ BENN မှလည်းကောင်း နှုတ်ခွန်းဆက်စကားများပြောကြားအပြီး သင်္ကြန်သီချင်းနဲ့  စတင်ဖြေဖျော်ကြပါတယ်။
FNG တေးဂီတအဖွဲ့ သားများဖြစ်ကြတဲ့  ကိုမြင့်ဝင်း(လိဒ်)၊ ကိုမြင့်ဝေ(ရသမ်)၊ ကိုသက်(ဘေ့စ်)၊ ကိုထွန်းထွန်း(ဒရမ်) တို့ က တေးသီချင်းများအတွက် တာဝန်ယူတီးခတ်ကြပါတယ်။  မြန်မာတို့ ရဲ့ အသည်းစွဲ သင်္ကြန်သီချင်းများဖြစ်တဲ့ မန်းတောင်ရိပ်ခို သီချင်းကို- ကိုဌေးအောင်၊ နှစ်သစ်ချစ်ဦး – ကိုခိုင်စိုး၊ ညိုမြ-မော်မော်+အေးလွင်မိုး၊ ညိုချောလေး-ကိုဖြိုးဝေတို့ က သီဆိုကြ ပါတယ်။ ဒါ့အပြင် တိုင်းရင်းသူသမီးငယ်လေးများကလည်း Bacon Like ဂီတအဖွဲ့ နဲ့ အတူ တနှစ်နွမ်းတနှစ်ဆန်း၊ ချမ်းပါ တယ်၊  သင်္ကြန်ရေ၊ နွေအလှ၊ နွေမ၊ နွေဦးကဗျာ စတဲ့ သင်္ကြန်တေးများကို အုပ်စုလိုက် သီဆို ကပြ ဖြေဖျော်ကြပါတယ်။
ဖြေဖျော်မှု ပထမအစီအစဉ်အပြီးမှာ ကံစမ်းမဲများဖောက်ပြီး နှစ်သစ်လက်ဆောင်ပေးတဲ့အစီအစဉ်ကို ပြုလုပ်ပေးပါတယ်။ တိုင်းရင်းသူ သမီးငယ်လေးများက ကံစမ်းမဲနှိုက်ပေးပြီး ကံထူးရှင်ကို ကြေညာကာ ဆုငွေပေးအပ်ပါတယ်။
ဖြေဖျော်မှု ဒုတိယပိုင်းမှာ ပို့ လန်းနဲ့ ဆီယက်တဲလ်မှ ဧည့်သည်မိတ်ဆွေများကလည်း ပါဝင် တီးခတ် သီဆို ကူညီခဲ့ကြပါ သေးတယ်။ နောက်ပိုင်းမှာ FNG အဖွဲ့ သားများက ခေတ်ပေါ်တေးသီချင်းများနဲ့ အခမ်းအနားပြီးသည်အထိ ဆက်လက် ဖြေဖျော်ကြပါတယ်။
ဒီနှစ် ဗန်ကူးဗားသင်္ကြန်ပွဲကို  ဒေသခံ ကနေဒီယန်းများ၊ တိုင်းရင်းသားအဖွဲ့ များ၊ အမေရိကား အော်ရီဂွန်ပြည်နယ်နဲ့  ဝါရှင်တန်ပြည်နယ်တို့ မှ မြန်မာမိသားစုများကလည်း ပျော်ရွှင်စွာ ပါဝင်ရွှင်နွှဲခဲ့ကြပါတယ်။     ။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives
Similar Posts