ဗိုလ်ထက်မင်း – ငြိမ်းချမ်းရေးမြတ်နိုးရင် တပ်မတော်သားများကို ဘာကြောင့် အဓမ္မ စစ်တိုက်ခိုင်းနေရတာလဲ? – ၃

ဗိုလ်ထက်မင်း – ငြိမ်းချမ်းရေးမြတ်နိုးရင် တပ်မတော်သားများကို ဘာကြောင့် အဓမ္မ စစ်တိုက်ခိုင်းနေရတာလဲ? – ၃
(မိုးမခ) ဧပြီ ၇၊ ၂၀၁၅

၁။         ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပြီးနောက် တပ်မတော် ကြည်း၊ရေ၊လေ ပူးပေါင်း စစ်ဆင်ရေး လေ့ကျင့်ရေး joint Operation training လေ့ကျင့်ခန်းကြီးတွေကို  တပ်ပေါင်းများစွာနဲ့ တခမ်းတနားလေ့ကျင့်ပြသခဲ့ပါတယ်။ ပြည်သူလူထုကို ကကဆေးမှ နယ်လှည့်ဆေးကုသရေးအစီအစဉ်ဖြင့် စည်းရုံးခဲ့တာကို ကြိုဆိုပြီး တပ်ချုပ်ကြီးတော့ အင်မတန်မှ အားထည့်နေပြီ ဟု စာရေးသူ ယူဆခဲ့ပါတယ်။ တချို့ကတော့ ပြည်သူလူထုအား  အဆိုပါဖြစ်စဉ်တွေကို လုပ်ကိုင်ပြနေတာဟာ အနာဂါတ်အတွက် တပ်ချုပ်ဧ။်ပုံရိပ်ကောင်းအောင် လုပ်နေတယ်လို့ မြင်ပါတယ်။ ဒါပေမဲ့ ဦးဖုန်ကြားရှင်တပ်များက လောက်ကိုင်ဒေသ ဧရိယာတဝိုက် တပ်မတော်ကို စစ်ဆင်ရေးဆင်နွဲလိုက်တဲ့အခါ တပ်တွေအထိနာပြီး အကျအဆုံးများရပါတော့တယ်။ တိုက်ပွဲဖြစ်စဉ်တွေကို ဖုံးဖိထားပေမဲ့ ယခင်ခေတ်လိုမဟုတ်ဘဲ လူမှူမီဒီယာတွေက ဆက်တိုက် ဖေါ်ထုတ်လေ တပ်ချုပ်ပုံရိပ်ထိခိုက်လာလေမို့  တပ်ချုပ်မလေးရှားနိုင်ငံမှ ပြန်ရောက်ရောက်ချင်း လက်အောက်ကို ပတ်ကြမ်းတယ်လို့သိရပါတယ်။ တပ်မတော်ရဲ့ အောက်ခြေဖြစ်ပေါ်နေမှူကို ထိထိရောက်ရောက် သုံးသပ်ပြင်ဆင်ရမည့်အစား စစ်အာဏာရှင်စရိုက်အတိုင်း  ဖိအားပေး ဇွတ်အတင်း ဆွဲတင်ပါတော့တယ်။ တပ်တွေဟာ မောင်းခံရလို့ စိတ်မောလူမောနဲ့ လုပ်နေရပါတယ်။ ဒါကြောင့် တပ်ချုပ်အနေနဲ့ သတိတရား လက်ကိုင်ထားပြီး ဆင်ခြင်နိုင်ဖို့ လက်ရှိတပ်ရဲ့အခြေအနေကို ဖေါ်ပြပေးရတာ ဖြစ်ပါတယ်။

၂။    နောက်ပိုင်းဖွဲံ့လာတဲ့ တပ်မအသစ်များဟာ အပိုင်း(၂) မှာတင်ပြခဲံ့တဲံ့ တပ်မဟောင်းတွေလို စနစ်တကျ မလုပ်တော့ဘဲ မြေပုံချကာ မြေပြင်ကို အဖြစ်သဘောကြည့်ပြီး တောင်ကုန်းတွေ့တိုင်း တပ်တည်ခိုင်း ပါတော့တယ်။ အထူးသဖြင့် မြို့နယ်တမြို့နယ် ဆိုရင် တပ်ရင်းသုံးရင်း တစ်ဗျုဟာ ရှိရမယ်ဆိုတဲ့ စီမံချက်အတိုင်း တပ်တည်ခိုင်းထားတာကြောင့် တချို့အိမ်ထောင်သည်များ မိမိအစီအစဉ်အရသာ လုပ်အားပေးရကာ ပင်ပန်း ဆင်းရဲကြီးစွာတောရှင်းရပြီး ဘာရှာခေါ်တဲံ့ ယာယီအဆောက်အဦးမှာ သောကတောင်တန်း နေကြယ်သန်း ကာ ဒုက္ခပင်လယ်ဝေခဲ့ကြ၇ပါတယ်။ ရင်နာစရာထပ်ကောင်းသည်မှာ ပြည်သူလူထုပိုင် ရာဘာခြံ၊ဥယာဉ်ခြံမြေ တွေသိမ်းခံရချိန် လျှော်ကြေးရသင့်သလောက်မရသော သူတို့က အငှားနဲ့ပြန်လည်လုပ်ရတာလည်းရှိပါတယ်။ ၁၉၉၂ခုမှာ တပ်မ(၁၀၁) ပခုက္ကူတွင် ဖွင့်လှစ် ခဲ့ပြီးနောက် တပ်မအသွင်ပြောင်း စကခ(၁) မှ (၁၁) မပါ စကခ (၂၁) ထိ တနိုင်ငံလုံးဆက်တိုက်ဖွင့်ပါတယ်။

၃။    တိုင်းစစ်ဌာနချုပ်အသစ်များအနေနဲ့ မဆလခေတ်က ဗဟိုတခုအပါ၊အရပ် (၈) မျက်နှာလျာပြီး (မပခ၊ ရမခ၊ ရပခ ၊ ရတခ၊ ရကတ၊ နတခ၊ နပခ၊ နမခ၊ လပခ) တိုင်း(၉)တိုင်းရှိခဲံ့ပါတယ်။ ၁၉၈၈ခုနှစ်တပ်မှ အာဏာသိမ်း ပြီးနောက် မန္တလေးအခြေပြု နမခ ကို မုံရွာကို ပြောင်းခိုင်းပြီး အလယ်ပိုင်းတိုင်းကို နေရာဝင်ယူခိုင်းပါတယ်။

တဖန် တောင်ငူမှ ၂၆ မိုင်ဝေးတဲ့နေရာကို တောင်ပိုင်းတိုင်း အဖြစ်ခေါ်စေခြင်း၊ ၁၉၉၄ခုနှစ်နောက်ပိုင်း ရတခကို ထပ်ခွဲကာ မြိတ်အခြေပြု ကမ်းရိုးတန်းတိုင်းအသစ် အဖြစ်ဖွင့်လှစ်ခြင်း၊ တောင်ကြီးအခြေပြု ရပခ ကို ထပ်ခွဲကာ အုပ်ချုပ်မှုအလှမ်းဝေးတဲ့ ကျိုင်းတုံအခြေပြု ဒကစ အား တိုင်းအဆင့်မြှင့်တင်ကာ တြိဂံတိုင်းအဖြစ် ဖွင့်လှစ်ခြင်း၊ ၂၀၀၄ခုနှစ်မှာ နေပြည်တော်အတွက် နပတ တိုင်းအသစ်ဖွင့်လှစ်ခြင်း၊ တဖန် ၂၀၁၂ခုနှစ်မှာ ခိုလန်နမ့်ဆန်၊ မိုင်းပုကြီးဒေသမှာ ရှမ်း Rcss နဲ့ ဝ UWSA အကြား ဝင်ထိန်းညှိ ဘို့ အရှေ့အလယ်ပိုင်းတိုင်း အသစ် ထပ်ဖွဲ့ခဲ့ပါတယ်။

၎။    ဒကစ (ဒေသကွပ်ကဲရေးစစ်ဌာနချုပ်) ဟာ တိုင်းစစ်ဌာနချုပ်မှ အလှမ်းဝေးသဖြင့် အုပ်ချုပ်မှု အဆင်ပြေစေရန် တရားစီရင်ရေးအာဏာပေးထားပြီး တိုင်းအငယ်စားများဖြစ်ပါတယ်။တိုင်းကို တင်ပြရတာကြောင့်  ဒကစမှုးများဟာ တပ်မမှုးများထက် power နိမ့်ပါတယ်။ ဒကစ (၆) ခုရှိပြီး အခြေပြုနေရာများ ကတော့ တနိုင်းဒကစ၊ လောက်ကိုင် ဒကစ၊ လွိုင်ကော်ဒကစ၊ ကလေးဒကစ၊ စစ်တွေဒကစ၊ ပြည်ဒကစ၊ တို့ဖြစ်ကြပါတယ်။ တိုင်းမှူးထက်မြှင့်ပြီး၊ တီဗွီမှာရေပန်းစားနေတဲ့ ရာထူးကတော့ စစ်ဆင်ရေးများကို ကွပ်ကဲရတဲ့ ကစထမှူး (ကာကွယ်ရေးဦးစီးချုပ်ရုံး စစ်ဆင်ရေးအထူး အဖွဲမှူး) ဖြစ်ရာ ယခုဆိုရင် (၆)ခုထိ တိုးချဲ့ ဖွဲ့လာပါတယ်။ ဒီနေရာမှာ သဘာဝကြီးစဉ်အရ ကစထမှူး လက်အောက်တွင် အနဲဆုံး တိုင်းနှစ်တိုင်း ရှိရမှာဖြစ်သော်လည်း ကစထ (၅) လက်အောက်တွင် ရကတ တိုင်းတခုသာရှိသလို ကစထ (၆) လက်အောက်တွင်လည်း နပတ တိုင်းတခုသာ သွတ်သွင်းထားတာ အံ့သြဘွယ်ရာတွေ့လိုက်ရလို့ တိုင်းမှူးရဲ့လုပ်ပိုင်ခွင့်ပျောက်နေပြီ ဖြစ်တယ်။ ကစထမှူး များဖြစ်နေကြတဲ့ ကိုကျော်ဆွေ နဲ့ ကိုမြထွန်းဦးဟာ ဒုတိယဗိုလ်ချုပ်ကြီးအပွင့် တင်နိုင်ဘို့ ရာထူးယူထား တာဖြစ်ပါတယ်။

၅။    တဖန် ကစထမှူး များအပေါ် တပ်တော်စုမှူးကြီးအဖြစ် ဒုဗိုလ်ချုပ်မှူးကြီးနှစ်ဦး (ဦးမောင်အေး၊ ဦးရွှေမန်း) ထားဖို့စီစဉ်ခဲ့ပေမဲ့ အဆင်မပြေခဲ့လို့ ပျက်ခဲ့ပါတယ်။ ဒီလို ရာထူးကြီးတွေ ပေးဖို့ရာ လက်အောက်ခံတပ်များ နဲ့ အင်အားရှိရမည်ဖြစ်ရာ စစ်သည်(၅)သိန်း  စုဆောင်းဖို့ ဇွတ်အတင်းစီမံချက်ဆွဲပြီး ဖိအားပေးပါတော့တယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က လေးလပါတ် ကက(ကြည်း) အစည်းအဝေးမှာ “ မင်းတို့ တနိုင်ငံလုံး ရွာပေါင်း ၅၀၀၀၀ ရှိတယ်၊ လေးလပါတ်တခု တရွာ တစ်ယောက်နှူံးဘဲ ထားအုံး၊လူ ၅၀၀၀၀ ဆိုရင် တစ်နှစ်ပြည့်ရင် ၂၀၀၀၀၀ ဘာလို့မစုနိုင်ရသလဲ”ဆိုပြီး ငေါက်ငမ်းဆူပူခဲ့ပါတယ်။ စားဝတ်နေရေးကျပ်တည်းမှူကြောင့် မည်သူ့မှ တပ်ထဲမဝင်ချင်တာ ဗိုလ်ချုပ်အများစုကမပြောရဲပေမဲ့ တပ်မတော်စစ်ဆေးရေးအရာရှိချုပ် ဗိုလ်ချုပ်လွန်းမောင် တစ်ယောက်ကသာ “လူပျိုဘားတိုက်မှာ သောက်စရာရေခွက်တောင်မရှိလို့ စစ်သည်များ ထွက်ပြေးနေတာ မဆန်းဘူး”လို့ ဒဲ့တင်ပြရာ တပ်ချုပ်ကြီးခင်မျာ ဒေါသူပုန်ထကာ တိုင်းမှူး၊ တပ်မမှူးတွေကိုပတ်ကြမ်းခဲ့ဘူးပါတယ်။

၆။     တပ်သစ်တွေမှာ ဆရာတွေများပြီး တပ်သားနည်းကာ ဆိုင်းဘုတ်သာရှိပြီး လူဟောင်းလောင်း ဖြစ်နေပါတယ်။ လေ့ကျင့်ရေးကျောင်းတွေဟာ သင်တန်းကာလ ၆လ မှ ၄လခွဲ လျှော့ချပြီး တပ်သားသစ်တွေအား  မြန်မြန် တပ်တွေကိုပို့တဲ့အတွက် အရည်အသွေးမမှီဘဲ ဆင်းလာတာမို့ တပ်ရင်းတွေမှာ မွမ်းမံ ပြန်ပေးရတာ ရှိပါတယ်။ တချို့တပ်တွေမှာ စစ်သည်နဲလွန်းလို့ ခြေပြတ်ဆေးအဆင့်နိမ့် စစ်သည်များကို တပ်ရဲတာဝန် ပေးအပ်တာ ရှိပါတယ်။ တပ်ခွဲမှူးဆိုရင် ကျောင်းဆင်းစ ဒုဗိုလ်၊ဗိုလ် များက အတွေ့ကြုံ မရှိဘဲ တက်ကိုင်နေရလို့ တပ်ခွဲအုပ်ချုပ်မှူ လစ်ဟာမှူများ ရှိခဲ့ပါတယ်။ ပင်ပန်းဆင်းရဲမှူဒဏ် စစ်သည်များ မခံနိုင်သဖြင့် ခွင့်မဲံ့ ပျက်ကွက်များ ဆက်တိုက်ဖြစ်နေပါတယ်။

၇။    မဆလ ခေတ် တပ်ရင်းတရင်း စစ်ထွက်အင်အားမှာ ၄၅၀ခန့်ရှိနေ၇ာမှ ၁၉၉၅ ခုနှစ်မှာ စစ်ထွက် အင်အား ၁၅၀ခန့် ထိ ကျဆင်းသွားပြီး ၂၀၁၀ ခုနှစ် နောက်ပိုင်းတွင် စစ်ထွက်အင်အား ၁၀၀ ခန့် သာ ရှိပါတော့တယ်။ ၂၀၁၅ခုနှစ် မိမိ ခရီးသွားစဉ် တပ်ရင်းမှူးတစ်ဦးနဲ့ အမှတ်မထင် တွေ့ဆုံရာက သူပြောတာကို ကြားခဲ့ရလို့  မယုံနိုင်အောင်ဖြစ်မိပါတယ်။

သူက“ အဘရေ ကျွန်တော့်တပ်က အင်အား၆၀ လောက်ဘဲ ကျန်တော့တယ်၊  တပ်စုတစုဆိုရင် ၅ဦး ခန့်သာရှိလို့ တပ်ခွဲတွေကို ပေါင်းလိုက်ရပြီးခွဲကြီး-၁၊ခွဲံကြီး-၂ ဆိုပြီးနှစ်ခွဲ သာရှိတော့တယ်။ လမ်းကင်းလုံခြုံရေးတပ်စိတ်၊ တပ်စုအဆင့် မိုင်တိုင်ဧရိယာနဲ့ ခွဲတမ်းရယူထားရာမှာ အင်အားနည်းပါးလွန်းလို့ မြေပုံပေါ်တွင်သာပြထားပြီး မြေပြင်တွင်မူ တပ်ခွဲအဆင့်သာ လှူပ်ရှုားနေရပါတယ်။ အရာရှိရဲ့ B.C နံပါတ်ပေးထားရကာ တာဝန် ဇွတ်အတင်းယူခိုင်းထားတယ်” လို့ ဆိုပါတယ်။

ဒါကြောင့် အထက်မှ ပေးအပ်တဲ့ တာဝန်ဟာ ပြင်းထန်လေ့ရှိရာ တပ်ရင်းမှူးတစ်ဦးရဲ့ အမှန်ကိုအမှန်တိုင်း သတ္တိရှိရှိ စွန့်စားတင်ပြလိုက်မှူ ကြောင့်မထင်မှတ်ဘဲ အကျိုးရလဒ်ရရှိသွားပုံတွေကို နောက်အပိုင်းမှာတင်ပြသွားပါမယ်။

One thought on “ဗိုလ်ထက်မင်း – ငြိမ်းချမ်းရေးမြတ်နိုးရင် တပ်မတော်သားများကို ဘာကြောင့် အဓမ္မ စစ်တိုက်ခိုင်းနေရတာလဲ? – ၃

Comments are closed.