သတင်းဆောင်းပါး

မောင်သာမန် – WORKBOAT စာစောင်နှင့် သင်္ဘောလေးများ (Offshore Supply Vessels OSV)


 မောင်သာမန် – WORKBOAT စာစောင်နှင့် သင်္ဘောလေးများ (Offshore Supply Vessels OSV)

(မိုးမခ) ဧပြီ ၄၊ ၂၀၁၅


3-Apr-2015 သတင်းအရ ရုရှားငါးဖမ်းသင်္ဘော Dalny Vostok နစ်မြုတ်သွားရာမှာ သင်္ဘောသား ၁၃၂ဦးမှာ၊ မြန်မာ ၄၂ဦးပါဝင်ပြီး၊ ၂၂ဦးပဲ ပြန်ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ၂၀ဦး ပျောက်ဆုံးနေပါတယ်။ မြန်မာလူငယ်များစွာ ပင်လယ်ကူးသင်္ဘောများမှာ သက်စွန့်စီးပွားရှာနေရပါတယ်။



 မြန်မာသင်္ဘောသားအများစုဟာ ဘန်ကာသင်္ဘောဆိုတဲ့၊ ရေနံစိမ်း၊ ရေနံကုန်စည်သယ်ပေးတဲ့ အလတ်စား တန်ချိန် တစ်သောင်းအောက် သင်္ဘောများမှာ အလုပ်ရကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံက ရေနံသင်္ဘောပေါင်း နှစ်သောင်းကျော် မြောက်များစွာရှိပြီး၊ စင်ကာပူကျွန်းအနားက ရေနံလောင်ကန်များမှာ တင်ချ၊ ရောင်းဝယ်လုပ်ကြပါတယ်။ မြန်မာသင်္ဘောသားများစွာ လုပ်ကိုင်ကြပေမဲ့ လစာမကောင်းလှပါဘူး။ ကပ္ပတိန်၊ ကုန်းချုပ်ကို ကန်ဒေါ်လာ ၄ထောင်လောက်ပဲ ပေးပါတယ်။ အလတ်စား သင်္ဘောကုမ္ပဏီဖြစ်ပြီး၊ ဂျပန်၊ တိုင်ဝမ်၊ ဥရောပ သင်္ဘောများကတော့ လစာနဲ့အခွင့်အရေး ကောင်းကြပါတယ်။ အနိုမ့်ဆုံး သင်္ဘောသားများကတော့ ထိုင်းနိုင်ငံကမ်းရိုးတန်းက ငါးဖမ်းသင်္ဘောများဖြစ်ပါတယ်။ 



အခုသင်္ဘောမှောက် အသက်ရှုံးရတဲ့ ငါးဖမ်းသင်္ဘောသားများဟာ ရေခဲအမှတ်အောက်ပင်လယ်ပြင်၊ ဂျပန်နိုင်ငံအထက်ပိုင်း Sea of Okhotsk မှာဖြစ်ပါတယ်။  ငါးဖမ်းသင်္ဘောသားများဟာ လူအခွင့်ရေးမရဆုံးဖြစ်ပါတယ်။..အထူးသဖြင့် မြန်မာနိုင်ငံက အလုပ်မရှိလို့ ရောက်လာတဲ့ နယ်မြို့၊ ရွာသားများစွာ ငါးဖမ်းသင်္ဘောများမှာ ပင်ပမ်းစွာလုပ်ကိုင်ရပါတယ်။
.
အခု ဝါ့ခ်ဘုတ် ဆိုတဲ့ OSV ဆွဲသင်္ဘောလုပ်ငန်း အကြောင်းဖြစ်ပါတယ်။ ရေနံ၊ဓါတ်ငွေ တူးဖေါ်တဲ့ ရေနံကုမ္ပဏီကြီးများ ခေတ်စားလာချိန်မှာ OSV သင်္ဘောငယ်များ ခေတ်စားလာပါတယ်။
.
AHTS Anchor Handling Tugs, PSV Platform Supply Vessels, OSV Offshore Supply Vessels , Towing Tug , Deck/Tank Bargs, Accommodation Vessel .. စသဖြင့် တန်ချိန် စုစုပေါင်း ၅၀၀ ကနေ ၅ထောင်ထိ သင်္ဘောငယ်များစွာ အလုပ်ဖြစ်လာပါတယ်။ 



ROV – Remote Operation Vessel, MPSV – Multipurpose Service Vessel, Cable/Pipe Laying Vessel, Seismic Survey Vessel, Fire Fighting Capability, Well Simulation Vessel, Utility Vessel, Diving Vessel စသဖြင့် သင်္ဘောအမျိုးများစွာ ရှိပါတယ်။ ရေနံတူးစဉ်အနီး မီတာ၅၀၀ အတွင်းမှာဆိုရင် DP Dynamic Position စက်နဲ့ DGPS သင်္ဘောနေရာ တစ်မီတာမရွေ့နိုင်အောင် ထိန်းသိမ်းစနစ်များ တပ်ဆင်ထားရပါတယ်။ အလွန်အားကောင်းတဲ့ အင်ဂျင်နဲ့ ဂျင်နရေတာ များတပ်ဆင်ထားပြီး၊ မီးလောင်ရင် ငြိမ်းတဲ့ မီးသတ်ပိုက်များကိုပါ တပ်ဆင်ထားပါတယ်။ လျှင်မြန်စွာ ရွေ့ရှားနိုင်ပါတယ်။
.
WORKBOAT မဂ္ဂဇင်းက ဒီလိုသင်္ဘောများအတွက် ထုတ်ဝေတဲ့ စာစောင်ဖြစ်ပါတယ်။ အထူးသဖြင့် ရေနံတူးစင်များကို ပစ္စည်းနဲ့လူ သယ်ပေးရခြင်း၊ ရေနံတူးစင်များ တနေရာကနေ တစ်နေရာ ရွှေ့ဖို့ ဆွဲသင်္ဘောအဖြစ် သုံးရခြင်းများ လုပ်ရာမှာ၊ ငှားရမ်းပြီး အသုံးချရပါတယ်။ ကမ်းလွန်ရေနံလုပ်ငန်းများ ဖြစ်တဲ့အတွက် သင်္ဘောသားများရဲ့ လစာငွေ မြင့်မားသလို၊ အရည်သွေးမြင့်မားဖို့ စာမေးပွဲ၊ စာရင်းစစ် ခဏခဏ လုပ်ခံရပါတယ်။ Offshore Supply Vessel OSV သင်္ဘောများအကြောင်း အမေရိကန်အစိုးရ ABS ထုတ်ဝေတဲ့ စာစောင်မှာ လေ့လာနိုင်ပါတယ်။ ကမ်းလွန်ရေနံလုပ်ငန်း ကျယ်ပြန်လာတာနဲ့အမျှ OSV သင်္ဘောများစွာ တည်ဆောက် စီးပွားရေးကောင်းလာခဲ့ပါတယ်။ 


http://www.slideshare.net/myanmarjobstudent/offshoresupportvesselsbyabs



လစာတွေကတော့ ကပ္ပတိန်း – တစ်လ ဒေါ်လာ ၂သောင်းကနေ ၃သောင်း၊ စက်ချုပ်၊ ကုန်းချုပ် တစ်လ ဒေါ်လာ တစ်သောင်းခွဲအထက်၊ သင်္ဘောအရာရှိငယ် တစ်လ ဒေါ်လာ တစ်သောင်းခန့် ပေးပါတယ်။ အလုပ်သမားကိုလည်း တစ်လ ဒေါ်လာ ၄ထောင်အထက် ပေးပါတယ်။ ကမ္ဘာ့သင်္ဘောသား လောကကို ဖိလစ်ပိုင်နိုင်ငံသားများက ကြီးစိုးထားပါတယ်။ မြန်မာလူမျိုးများစွာက ကမ်းလွန်ရေနံနဲ့ဆိုင်တဲ့ လုပ်ငန်းများကို အထူးစိတ်ဝင်စားကြပါတယ်။ လစာ အလွန်ကောင်းတယ်လို့ ပြောကြပါတယ်။ တကယ်လဲ ဝင်ငွေကောင်းပေမဲ့၊ နားရက်မရှိ လုပ်ရပါတယ်။ အများအားဖြင့် တစ်လလုပ်ပြီး၊ တလစ်လ နားတယ်။ ၃ပတ်လုပ်ပြီး၊ ၃ပတ်နားတယ်။ သင်္ဘောသားဆိုရင်လဲ ၂လ၊ ၃လ ကန်ထရိုက်စာချုပ်နဲ့ အလုပ်လုပ်ကြပါတယ်။ သင်္ဘောပေါ်အလုပ်လုပ်နေစဉ်မှာလည်း နေ့ည၊ အချိန်မရွေး အဆင်သင့်ရှိရပါတယ်။ အိပ်ရင်လဲ ကြက်အိပ်၊ ကြက်နိုး အိပ်ရပါတယ်။ ကမ်းလွန်ရေနံနဲ့ဆိုင်တဲ့ စက်ပစ္စည်းများ၊ လူများ၊ အသုံးဆောင်များကလည်း အထူးဈေးကြီးပါတယ်။ အလုပ်လုပ်သူများက အရေးကြီးဆုံးဖြစ်ပါတယ်။ ကမ်းလွန်ရေနံလုပ်ငန်း တစ်ခုခုဖြစ်လို့ ပေါက်ကွဲ၊ ပျက်စီးမှုဖြစ်ရင် အလွန်ကြီးမားတဲ့ ငွေကြေးဆုံးရှုံးမှုကြီးဖြစ်ပါတယ်။



 လွန်ခဲ့တဲ့ ၂၀၁၀ လောက်က မက္ကဆီကိုပင်လယ်ကွေ့မှာ ဘီပီ British Petro ရေနံတွင်းပေါက်ကွဲမှုကြောင့် အမေရိကန်ရေပိုင်နက်မှာ အလွန်ကြီးမားတဲ့ ရေနံဖိတ်စင်မှုကြောင့် သဘာဝ၊ ရေသတ္တဝါများစွာ သေဆုံး၊ ပျက်စီးရပါတယ်။ Deepwater Horizon oil spill လို့ နာမည်ကျော်ခဲ့ပါတယ်။ လပေါင်းများစွာ မီးငြိမ်းသတ်၊ ကယ်ဆယ်ရေးများ လုပ်ရပါတယ်။ ဒေါ်လာ ဘီလျှံပေါင်းများစွာ အမေရိကန်အစိုးရက ဗြိတိသျှ ဘီပီ ရေနံကုမ္ပဏီကြီးကို တရားစွဲ၊ ဒဏ်ရိုက်ပါတယ်။ လူ ၁၁ယောက်ပဲ သေဆုံးပေမဲ့၊ ပင်လယ်ပြင်မှာ ယိုဖိတ်သွားတဲ့ ရေနံများက 4.9 million barrels ရှိပြီး၊ မိုင်းပေါင်း သောင်းနဲ့ချီတဲ့ ပင်လယ်ပြင်ညစ်ညမ်းသွားခဲ့ပါတယ်။ ငါးလုပ်ငန်းက ဒေါ်လာ ၂.၅ ဘီလျှံ ဆုံးရှုံးတယ်လို့ ဆိုပါတယ်။ BP ကုမ္ပဏီက မန်နေဂျာ၂ဦးကို တရားစွဲ၊ ထောင်ချခဲ့ပြီး၊ ကန်ဒေါ်လာ 4.0 Billions လျှော်ကြေးချမှတ်ခဲ့ပါတယ်။ 



ဒါကြောင့် သင်္ဘော၊ ကမ်းလွန် ရေနံလုပ်ငန်းမှာ နိုင်ငံတကာတရားစွဲခံရရင် သင်္ဘောကပ္ပတိန် အဖမ်းခံရမယ်။ သင်္ဘောကုမ္ပဏီလည်း ဒေါ်လာ ဘီလျှံနဲ့ချီပြီး ဒဏ်ငွေရိုက်ခံရမှာမို့ သင်္ဘောတိုင်း  “ပတ်ဝန်းကျင်ထိမ်းသိမ်းရေး အာမခံ” ကန်ဒေါ်လာ 1 Billion အာမခံဝယ်ထားရပါတယ်။
.
သင်္ဘော ကပ္ပတိန် အလွန်လစာကောင်းပေမဲ့၊ သူ့မှာလည်း တခုခုဖြစ်ရင် ထောင်ကျပြီး၊ ဒဏ်ငွေအမြောက်များ ပေးရပြီး၊ ဒုက္ခရောက်သွားနိုင်ပါတယ်။ အထူးသဖြင့် Oil Polluition ပင်လယ်ပြင်ညစ်ညမ်းမှု ဥပဒေက အလွန်အပြစ်ကြီးပါတယ်။ ပင်လယ်ထဲ အမှိုက်၊ ရေညစ်၊ ဆီညစ်တွေ ပစ်ချလိုက်ခြင်း၊ ဒါမှမဟုတ် ယိုဖိတ်နေခြင်း ဖြစ်သွားလို့ ကမ်းခြေစောင့် ဂြိုလ်တုက သိသွားရင် သင်္ဘောကပ္ပတိန် ဘဝပျက်သွားနိုင်ပါတယ်။
.

ဘယ်လိုပဲ ဖြစ်ပါစေ၊ ကမ်းလွန်ရေနံလုပ်ငန်းများကတော့ ဝင်ငွေကောင်းလို့ လူတွေ စိတ်ဝင်စားကြပါတယ်။ မြန်မာနိုင်ငံ ရတနာပိုက်လိုင်းနဲ့ ကမ်းလွန်ဓါတ်ငွေ့ကို Total ပြင်သစ်ကုမ္ပဏီ တည်ဆောက်စဉ်က၊ မြန်မာအင်ဂျင်နီယာများစွာ တစ်လကို ဒေါ်လာ တစ်ထောင်၊ တစ်ထောင့်ငါးရာ နဲ့ အလုပ်လုပ်ခဲ့ကြပါတယ်။ အဲဒီအုပ်စုက အများစုဟာ ယခုအခါ ကမ္ဘာအနှံ့ချီတက်ပြီး၊ မြန်မာအင်ဂျင်နီယာ ကမ်းလွန်လုပ်သားများအဖြစ် လစာဒေါ်လာ သောင်းနဲ့ချီပြီး ရရှိကြပါတယ်။ ဒါပေမဲ့ … မရပ်မနားလုပ်ရတော့ အလွန်ပင်ပမ်းပေမဲ့.. သူတို့ရွေးချယ်တဲ့ ကမ်းလွန်ရေနံလုပ်ငန်းဖြစ်ပါတယ်။ ကမ်းလွန်ရေနံ အလုပ်များမှာ အင်ဂျင်နီယာများထက် အခြားအလုပ်များကိ ပိုများပါတယ်။  IT, Accountant, Warehouse, Logistic, Human Resource, Marketing, Purchasing ..စသည်ဖြင့် များပြားစွာ အလုပ်ခေါ်ပါတယ်။



ဥပမာ .. www.rigzone.com ကိုဝင်ကြည့်ပြီး ကမ်းလွန်ရေနံလုပ်ငန်းများကို အရှေ့အလယ်ပိုင်းနဲ့ ကမ္ဘာအနှံ့ ရှာဖွေနိုင်ပါတယ်။ ဖိလစ်ပိုင်လူမျိုးများက အင်္ဂလိပ်စကားနားလည်ပြီး၊ အနေထိုင်ပိပြားလို့ ကမ္ဘာ့ရေနံဓါတ်ငွေလုပ်ငန်းများမှာ များစွာလုပ်ကိုင်နေကြပါတယ်။ အလုပ်ကျွမ်းကျင်ဖို့ထက်၊ အလုပ်ထဲမှာ နေထိုင်တတ်ဖို့ ပိုပြီးအရေးကြီးပါတယ်။ ဖိလစ်ပိုင်လူမျိုးများ တစ်ယောက်အလုပ်ရရင် သူတို့အချင်းချင်း အမြန်ဆုံး အကြောင်းကြားတော့၊ သူတို့ပဲ အလုပ်ခပ်မြန်မြန်ရသွားပါတယ်။ မြန်မာများကတော့ ဖိလစ်ပိုင်များထက် လုပ်ငန်းကျွမ်းကျင်ပေမဲ့ အချင်းချင်း၊စည်းရုံးမှု ခက်ခဲနေဆဲဖြစ်ပါတယ်။ 



ဝမ်းနည်းစရာကတော့ မြန်မာ့ကမ်းလွန်ရေနံ လုပ်ငန်းမှာ မြန်မာအလုပ်သမား၊ အင်ဂျင်နီယာများကို မခန့်ပါဘူး။ ကိုင်တွယ်ရခက်လို့ ..ဖိလစ်ပိုင်၊ တရုပ်အလုပ်သမားများပဲ ခေါ်ခိုင်းပါတယ်။ ဒီလိုပြသနာမျိုး အင်ဒိုနီးရှား၊ ဗီယက်နမ်း၊ အနောက်အာဖရိကနိုင်ငံများက ကမ်းလွန်တင်မက၊ ကုန်းတွင်းတွေမှာပါ ကျွမ်းကျင်လုပ်သား ရှားပါးမှု ဖြစ်နေပါတယ်။ ကျွမ်းကျင်သူ မြန်မာများ၊ အားလုံးနီးပါး နိုင်ငံခြားရောက်နေကြပါတယ်။ မြန်မာပြည်ပြန် မလာနိုင်သေးပါဘူး။
.
သင်္ဘောသား အေးဂျင့်များကတော့ မြန်မာနိုင်ငံမှာ စိတ်ချတဲ့ အေးဂျင့်များစွာ ရှိနေပါတယ်။ ကျွမ်းကျင်တဲ့ သင်္ဘောသားများအတွက် အလုပ်မရှားပါဘူး။ တရားဝင် ပင်လယ်ကူးသင်္ဘောသား ၉သောင်း မြန်မာပြည်မှာ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သင်္ဘောသား အသစ်များကတော့ လိုင်းခပ်ညံ့ညံ့ အင်ဒိုနီးရှား၊ မလေးရှား..သင်္ဘောလိုင်းများမှာ လစာနဲနဲနဲ့ပဲ စတင်ရပါတယ်။ ပွဲစားခပါ ပေးရတတ်ပါတယ်။ အကောင်းဆုံး အလုပ်ကောင်းကောင်း ရနိုင်တဲ့နည်းလမ်းကတော့ အဆက်မပြတ် လေ့လာဆည်းပူး၊ သင်တန်းတွေတက်၊ ဖတ်မှတ်လေ့လာခြင်းဖြစ်ပါတယ်။ ရောက်တဲ့နေရာမှာ ပညာကို အပတ်တကုတ် တတ်အောင်လုပ်၊ လူမှုဆက်ဆံရေးကို အလိုက်သင့် ဆက်ဆံနိုင်ရပါမယ်။ အလုပ်ကောင်း ရအောင်ရှာတဲ့ အကောင်းဆုံးနည်းကတော့ မြန်မာအချင်းချင်း ယိုင်းပင်းကူညီ ရှာဖွေပေးခြင်း နည်းလမ်းပါပဲ။  ဖိလစ်ပိုင်များလို့ စည်းရုံးညီညွတ်ဖို့ပဲ ဖြစ်ပါတယ်။ 



တလောက 2015  OCEANVISION စင်ကာပူမှာ ပြပွဲလုပ်သွားပါတယ်။ (www.oceanvision.com.sg )ကုမ္ပဏီပေါင်း များစွာ ပါဝင်ဆင်နွဲ၊ ပြသကြပါတယ်။ အဲဒီမှာ ပါဝင်ပြသသွားတဲ့ နိုင်ငံတကာကုမ္ပဏီများကို အလုပ်လျှောက်ကြည့်နိုင်ပါတယ်။ 

AUVS & ROVS
Cables & Connectors
Pipe & Cable Tracking Equipment
Security & Locks
Sonar Equipment
Topside Camera Systems
Control Cabinets and Peripherals
Underwater Camera Systems
Winches
CCTV Surveillance Systems
Lights, Lasers and Pan/Tilts
Geophysical, Hydrographic and Oceanographic Systems
Gyrocompass, Attitude & Heading Sensors
Inertial Navigation Systems (INS)
ROV Systems
Subsea Heave Compensation Equipment
.


Offshore Supply Vessel သင်္ဘောလေးများ သင်္ဘောငှားရမ်းခ ဈေးနှုန်းများကတော့
တန်ချိန် ၂၀၀၀အောက်သင်္ဘော ၊ တစ်ရက် ကန်ဒေါ်လာ ၁၄၀၀၀
တန်ချိန် ၃၀၀၀ သင်္ဘော – တစ်ရက် ကန်ဒေါ်လာ ၂၄၀၀၀
တန်ချိန် ၄၀၀၀ သင်္ဘော – တစ်ရက် ကန်ဒေါ်လာ ၃၀၀၀၀
တန်ချိန် ၅၀၀၀ သင်္ဘော – တစ်ရက် ကန်ဒေါ်လာ ၃၂၀၀၀
တန်ချိန် ၅၀၀၀ အထက်သင်္ဘော – တစ်ရက် ကန်ဒေါ်လာ ၃၉၀၀၀ အထက်ပေးရပါတယ်။
၂၀၁၄ ဈေးနှုန်းများဖြစ်ပြီး၊ ဈေးနှုန်းပြောင်းလဲနိုင်ပါတယ်။ ၂၀၁၅ မှာ ရေနံဈေး တစ်ဝက်ဈေးလောက် ကျဆင်းသွားတဲ့အတွက် သင်္ဘောငှားခတွေလည်း ဈေးနှုန်းကျဖို့ ရှိပါတယ်။
.
မဂ္ဂဇင်းကြော်ငြာ ထည့်တဲ့ကုမ္ပဏီ အများစုကတော့ စက်ပစ္စည်းရောင်းတဲ့ ကုမ္ပဏီတွေပဲ ဖြစ်ပါတယ်။ Classification Society ဆိုတဲ့ အရည်သွေးစစ်ဆေးတဲ့ ABS, DNV, Lloyd, BL အစရှိသည်များ၊  အင်ဂျင်၊ ဂျင်နရေတာ၊ ပရောပဲလား၊ ကရိန်း စတဲ့ စက်ပစ္စည်းများထုတ်လုပ်တဲ့ MTU, Rolls Royce, MAN, Wasilla, ရေကြောင်းလမ်းပြစက်များထုတ်တဲ့ Furuno, JRC, Simrad, Inmarsat, Veripos, ပန့်အမျိုးမျိုးထုတ်တဲ့ ကုမ္ပဏီများ ..၊ ဆွဲသင်္ဘော Tow & Supply Vessels ကုမ္ပဏီများ၊ သင်္ဘောသား အလိုရှိ ကြေငြာတဲ့ အေးဂျင့်များစွာကို တွေ့ရပါတယ်။ သဘော်သား သင်တန်းများ၊ လက်မှတ် Certificate များ၊ သင်္ဘောမှာလိုအပ်တဲ့ မှတ်ပုံတင်ခြင်းလုပ်ဆောင်တဲ့ အေးဂျင့်များစွာ ကြော်ငြာထားပါတယ်။
Website: www.workboat.com
.
အလားတူ စာစောင်အချို့ကတော့ SHIP & BOAT INTERNATIONAL (www.rina.org.uk/sbi ), SHIP EFFICIENCY INSIGHT (www.fathomshipping.com ), SEA TECHNOLOGY (www.sea-technology.com ) စင်ကာပူနိုင်ငံ အစိုးရသင်္ဘောသားအဖွဲ့က ထုတ်ဝေတဲ့ SAMUDRA , ဖိလစ်ပိုင်နိုင်ငံ ပုဂ္ဂလိက သင်္ဘောသားဂျာနယ် TINIG NG MARINE (www.unitedfilipinoseafarers.com.ph ), စင်ကာပူနိုင်ငံရောက် နယ်သာလန်သင်္ဘောကပ္ပတိန်တစ်ဦးက အခမဲ့နေ့စဉ် ဝါသနာအရထုတ်ဝေတဲ့ Shipping News Clippings ( www.maasmondmaritime.com ) စသည်တို့ဖြစ်ပါတယ်။ အခြား သင်္ဘောနဲ့ဆိုင်တဲ့ မဂ္ဂဇင်း၊ ဂျာနယ်များစွာထဲက အချို့၊ ပါဝါသင်္ဘောငယ်များအကြောင်း ဖြစ်ပါတယ်။



 မြန်မာနိုင်ငံသား သင်္ဘောသားများကလည်း ဖေ့စ်ဘုတ် ခေတ်စားလာချိန် မေ့စ်ဘုတ်များနဲ့ အလွမ်းပြေ၊ အတွေ့ကြုံ ရှယ်ကြပါတယ်။ မြန်မာ သင်္ဘောသား လေထန်ကုန်း MST, လူအများမသိသော သင်္ဘောသား ဘ၀,  မြန်မာ သင်္ဘောသား ဟာသ နှင့် ခံစားချက  စတဲ့သင်္ဘောသား ဖေ့စ်ဘုတ်များ ပေါ်လာပါတယ်။ သင်္ဘောသား စိတ်ဝင်စားသူ၊ ပင်လယ်ရပ်ဝေးမှာ စွန့်စားသွားလာ၊ စီးပွားရှာလိုသူမြန်မာများ ဟန်းဖုန်းများနဲ့၊ အင်တာနက် ဈေးချိုလာပြီဖြစ်တဲ့အတွက် ပါဝင်ကြည့်ရှု၊ လေ့လာနိုင်ပါတယ်။  


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts