သာဂိ နိုင်ငံတကာရေးရာ

အင်ဒီယာနာပြည်နယ်က အငြင်းပွားဖွယ် ဘာသာရေးလွတ်လပ်ခွင့်ဥပဒေ ပြဌာန်း

အင်ဒီယာနာပြည်နယ်က အငြင်းပွားဖွယ် ဘာသာရေးလွတ်လပ်ခွင့်ဥပဒေ ပြဌာန်း
(နိုင်ငံတကာသာဂိ) မိုးမခ။ ဧပြီ ၃၊ ၂၀၁၅

မြန်မာပြည်က မျိုးစောင့်ဥပဒေတွေ၊ ဘာတွေ ပြဌာန်းနေသလိုမျိုးပဲ အမေရိကန်ပြည်ထောင်စု၊ အင်ဒီယာနာပြည်နယ်ကလည်း ဘာသာရေးလွတ်လပ်ခွင့် ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေ ပြဌာန်းလိုက်ပါတယ်။ သူက “လူ တစုံတဦး၏ ဘာသာရေးအယူအဆသည် အများပြည်သူ ပတ်ဝန်းကျင်အပေါ်သို့ ထိခိုက်နစ်နာစေခြင်း မရှိသေးသ၍ အစိုးရက ၀င်ရောက် စွက်ဖက်ခွင့် မရှိရ” လို့ ပြဌာန်းလိုက်တာပါ။ ကြည့်လိုက်ရင်တော့ စကားအသွားအလာက ဟန်ကျသား။ သို့သော် စကားရဲ့နောက်ကွယ်မှာ ခြိမ်းခြောက်ခံနေရတာက ယောကျာ်း၊ မိန်းမတွေမဟုတ်ဘဲ လိင်တူချင်း နှစ်သက်လက်ခံသူ – Gay and Lesbian လူတန်းစားတွေကို ဖြစ်နေလို့ပါပဲ။

အင်ဒီယာနာပြည်နယ်ဟာ ရှေးရိုးစွဲ ရီပတ်ဘလစ်ကန်ပါတီ ကြီးစိုးပြီး ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင်ကလည်း ရီပတ်ဘလစ်ကန်တဦးပါ။ သူတို့က ပြည်ထောင်စုအစိုးရရဲ့ နောက်ဆုံးပြင်ဆင်ပြဌာန်းချက်တခုဖြစ်တဲ့ “ကျားကျား” “မမ” “ကျားမ” မရွေး တန်းတူ လက်ထပ်ခွင့်ရှိတယ် (Marriage Equality Act) ကို သဘောမတူနိုင်လို့ အတော်လေးကို အတိုက်အခံလုပ်ခဲ့ကြတဲ့ ပြည်နယ်တွေထဲက တခုဖြစ်ပါတယ်။ ခရစ်ယာန်တွေက ကျားနဲ့မ ကိုပဲ လက်ထပ်ပေးမယ်၊ အသိအမှတ်ပြုမယ်၊ ကျားကျား မမ လက်ထပ်ချင်တာ အတူနေတာကို ဘုရားမကြိုက်၊ ငရဲလားမယ့်ကိစ္စလို့ (အများစုက) သဘောထားကြတယ် ဆိုပြီးတော့ ကျားကျား မမတွေကို ချိုးနှိမ်တာတွေ လူရာမသွင်းတာတွေကြောင့် ပြည်နယ်တရားရုံး ပြည်ထောင်စု တရားရုံးတွေအထိ တရားတဘောင်တွေ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။ စီးပွားရေး လုပ်ငန်းတွေ ဘုရားကျောင်းတွေ လူမှုရေးအသင်းအဖွဲ့တွေက ဘာသာရေးအယူအဆကို စွဲကိုင်ပြီးတော့ ကျားကျား မမ အတွဲတွေကို လူရာမသွင်းနိုင်ဘူးဆိုတာဟာ အခု ထုတ်ပြန်လိုက်တဲ့ အင်ဒီယာနာဥပဒေအရဆိုရင် တရားဝင်သွားပြီ၊ အပြစ်မရှိတော့ဘူးလို့ ဆိုရာမှာ ဖြစ်ပါတယ်။ ဘာသာရေးအယူဝါဒကြောင့် သင်းတို့လို လူတွေကို ငါတို့ မဆက်ဆံတာဟာ ပြည်နယ်ဥပဒေနဲ့ ညီတယ်၊ အစိုးရက စွက်ဖက်လို့ မရဘူးလို့ သူတို့တွေက ပြောကြတော့မှာကိုး။

အဲသည်အတွက် ပြည်နယ်အတွင်းရှိ လိင်တူ လိင်ကွဲ မခွဲခြား တန်းတူအခွင့်အရေးရှိတယ်လို့ ယူကြတဲ့ အဖွဲ့အစည်းတွေ၊ ပညာတတ်တွေ၊ နိုင်ငံရေး လှုမှုရေး နဲ့ ကျောင်းသားလူငယ်တွေက အဆိုပါ ဥပဒေကို ကန့်ကွက် ရှုတ်ချကြပါတယ်။ အဆိုပါ လိင်တူ လိင်ကွဲ တန်းတူရေး လက်ခံတဲ့ ကယ်လီဖိုးနီးယားပြည်နယ်ကလည်း အင်ဒီယာနာပြည်နယ်ကို ပြစ်တင်ဝေဖန်လိုက်ပါတယ်။ သာဓကတခုအနေနဲ့ ဆန်ဖရန်စစ္စကို ပြည်နယ်တက္ကသိုလ် (SFSU) ကဆိုရင် ကျောင်းအဓိပတိကိုယ်တိုင် လက်မှတ်ထိုးပြီးတော့ အင်ဒီယာနားပြည်နယ်ဟာ လူတန်းစားခွဲခြားတဲ့ ပြည်နယ်ပဲ၊ ငါတို့နဲ့ အလုပ်တွဲမလုပ်ရေး သပိတ်မှောက်တယ်လို့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ စီးပွားရေးကုမ္မဏီကြီး တော်တော်များများကလည်း အင်ဒီယာနာရဲ့ ဘာသာရေးလွတ်လပ်ခွင့် ဥပဒေကို ပြစ်တင် ဝေဘန်ကြပါတယ်။ ဘာသာရေးအယူဝါဒကို ရှေ့တန်းတင်ပြီး လူလူချင်း လိင်တူ လိင်ကွဲတွေကို ခွဲခြားဆက်ဆံကြတာကို အဆိုပါ ဥပဒေက အကာအကွယ်ပေးလိုက်ရင် လူသားတိုင်း တန်းတူအခွင့်အရေး ရှိတယ်ဆိုတာကိုပါ စိန်ခေါ် ချိုးနှိမ်ခြင်း ခံရလိမ့်မယ်လို့ သူတို့က ထောက်ပြကြပါတယ်။

တလောကတော့ တခြားပြည်နယ်တခုမှာ အဆိုပါ အလားတူပြည်နယ်ဥပဒေကို အကာအကွယ်ယူပြီးတော့ ပန်းရောင်းတဲ့ မိန်းမတဦးက လိင်တူချင်း လက်ထပ်သူ အတွဲကို ပန်းမရောင်းနိုင်ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်။ အဲသလိုမျိုးပဲ လိင်တူချင်း လက်ထပ်တာကို ခရစ်ယာန်သင်းအုပ်တဦးက လက်ထပ်မပေးနိုင်ဘူးလို့ ဘာသာရေးအကြောင်းပြပြီး ငြင်းခဲ့ပါတယ်။ သို့သော်လည်း ပြည်နယ်အဆင့်မဟုတ်ဘဲ မြို့တော်အဆင့်၊ မြို့နယ်အဆင့်တွေမှာ စားသုံးသူနဲ့ အလုပ်ခွင်အတွင်း ခွဲခြားဆက်ဆံခံရမှုများ ကာကွယ်ရေး ဥပဒေတွေ (Non-Discrimination act) ရှိနေတာကြောင့် တဖက်တရားရုံးတော်တွေက အနှိမ်ခံရသူတွေဘက်က အကာအကွယ်ပေးနိုင်တာတွေ အရေးယူတာတွေ လုပ်နိုင်ခဲ့ပါတယ်။ ဘာသာအယူဝါဒ မတူလို့ အလုပ်မခန့်နိုင်ဘူးလို့တော့ အမေရိကန်မှာ ငြင်းဆန်ခွင့် မရှိပါ။ သို့သော်လည်း အစ္စလာန်ဘာသာဝင် အမျိုးသမီးက ခေါင်းစွတ်ဝတ်တာ၊ ပန်ချာပီအမျိုးသားက ခေါင်းပေါင်းဆောင်းတာကိုမျိုးကျတော့ အလုပ်ရှင်တွေက သူတို့ရဲ့ ၀တ်စားဆင်ယင်ရေးပေါ်လစီတွေကြောင့် မခန့်နိုင်ပါဘူးလို့ တဖက်လှည့်နဲ့ ငြင်းဆန်နိုင်ပါသေးတယ်။ ပြည်ထောင်စုအဆင့်က ဥပဒေတွေမှာ လိင်တူ လိင်ကွဲ တန်းတူညီမှု လက်ထပ်ခွင့် ပြဌာန်းနိုင်ပြီးနောက်ပိုင်းမှာ ရှေးရိုးစွဲ ပြည်နယ်တွေက တဖက်လှည့်နဲ့ အဆိုပါ ဘာသာရေးလွတ်လပ်မှု ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေ (ပြည်နယ်အဆင့်) သတ်မှတ် အသက်သွင်းပြီး state တွေက fedral (ဗဟို ပြည်ထောင်စု ဥပဒေပြုမှု) ကို အာခံကြတာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

အမေရိကန်မှာ လူလူချင်း တန်းတူညီမျှမှုကို တန်ဖိုးထားတယ် စောင့်ရှောက်တယ် ဘယ်လို ပြောပြော၊ အသားအရောင် ခွဲခြားတာ၊ ဆင်းရဲ ချမ်းသာ ခွဲခြားတာ၊ လိင်တူ လိင်ကွဲ ခွဲခြားတာ၊ ကျားမ ခွဲခြားတာ၊ စတဲ့ အငြင်းပွားမှုတွေ အများကြီး ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။ ဒါတွေကို ဖုံးကွယ်မထားဘဲ ဥပဒေနည်း၊ နိုင်ငံရေးနည်း၊ မီဒီယာနည်း၊  လူထုနည်းတွေနဲ့ တဖက်နဲ့ တဖက် တိုက်ပွဲဝင်နေကြဆဲဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “အင်ဒီယာနာပြည်နယ်က အငြင်းပွားဖွယ် ဘာသာရေးလွတ်လပ်ခွင့်ဥပဒေ ပြဌာန်း
  1. စိတ်ဝင်စားစရာပါပဲ…. အိမ်မှာအတူနေတဲ့ … ကိုယ့်သားသမီး၊ ကိုယ့်မောင်နှမတွေ လိင်တူ ရောဂါရသွားရင် ကိုယ့်အိမ်ပေါ်ဆက်ထားမလား…

Comments are closed.