ဖိုးထက် ရေခြားမြေခြား မြန်မာများ

ဖိုးထက် – သုခုမ လမ်းပေါ်က ဒုက္ခနိုင်ငံသား

 


ဖိုးထက် – သုခုမ လမ်းပေါ်က ဒုက္ခနိုင်ငံသား

(မိုးမခ) ဧပြီ ၂၊ ၂၀၁၅

ကိုသိန်းနိုင် အင်ဂျင်နီယာဘွဲ့ရခဲ့တဲ့အချိန်က ခေတ်ပျက်ကြီးထဲမှာ။ ကိုယ်ရခဲ့တဲ့ ဘွဲ့ ကိုယ် တန်ဖိုးမထားတတ်တာ မဟုတ်ပါဘူး။ ၁၉၈၈ မတိုင်ခင်က YIT မပြောနဲ့ GTI ကျောင်းဆင်းတောင်မှ တန်ဖိုးရှိတယ်။ ကျောင်းဆင်းရင် အလုပ်ထဲမှာ ဒင်ပြည့် ကျပ်ပြည့် အလုပ် လုပ်နိုင်လောက်အောင် ကျောင်းတွေက သင်ပေးနိုင်ခဲ့တယ်။ နောက်တော့ နည်းပညာ ကျောင်းသားဆိုရင် အစိုးရက သူပုန်လို့ သတ်မှတ်ပြီး စိတ်ထင်တိုင်း လျှောက်လုပ် ပစ်ခဲ့ကြတာလေ။ စာသင်နှစ် တစ်နှစ်မှာ လေးလတက် တစ်တန်းဖြေ၊ ရှစ်လနဲ့ စာသင်နှစ် တစ်နှစ်ပြီး။ သင်တဲ့ ဆရာ၊ ဆရာမလေးတွေ ခမျာ ၀န်ကြီးတန်းဆိုလား၊ 150 တန်းဆိုလား အသက်ငယ်ငယ်လေးတွေနဲ့ သူတို့ မသင်ခဲ့ရတဲ့ ဘာသာရပ်တွေကို စာအုပ်ကြီး ဖတ်ပြီး ကိုသိန်းနိုင်တို့ကို သင်လာတာ။ ဆရာ၊ ဆရာမလေးတွေ ခင်မျာ စေတနာ ဘယ်လောက်ပါပါ ကိုယ် ကိုယ်တိုင် သေချာ မသိတဲ့ ဘာသာရပ်ကို ပြန်ဝေမျှရတော့ ဘယ်လိုလုပ် ကျောင်းသားတွေကို အရည်အချင်း ပြည့်အောင် သင်ပေးနိုင်မှာတုံး။ ကိုသိန်းနိုင်တို့ သောက်ခဲ့ရတဲ့ ပညာနို့ရေက အပြည့်ရခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်လိုဘဲ ဖြစ်ဖြစ် အင်ဂျင်နီယာဘွဲ့ရတယ်ဆိုပါတော့လေ။

ထားပါလေ။ ခေတ်ကြီးကိုဘဲ အပြစ်လွှဲချချင်တာတော့ မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံက၊ ဘယ်ကျောင်းက၊ ဘယ်ဘွဲ့ ရခဲ့ ရခဲ့ ကျောင်းပြီးလို့ ကိုယ်တိုင် ဆက်ပြီး လေ့လာ မသင်ယူရင် အလကားပါဘဲ။ ဒါပေမယ့် သင်ကြားနည်း စနစ်တွေကောင်းတယ်၊ သင်ထောက်ကူ ပစ္စည်းတွေ ပြည့်စုံတယ်။သေသေ ချာချာ လေ့ကျင့်သင်ကြားထားပြီး ပညာရပ်ကို စိတ်နှစ်သင်နိုင်တဲ့ ဆရာတွေ သင်ပေးတယ် ဆိုရင်တော့ အကောင်းဆုံးပေါ့။ အခုတော့ သင်ရိုးညွှန်းတန်းက တစ်နှစ် တစ်ခါပြောင်း၊ သင်ထောက်ကူ ပစ္စည်းတွေက ၀န်ကြီးလာမှ ထုတ်ပြတာဘဲ ရှိခဲ့တော့ ကိုသိန်းနိုင်တို့လို စာကို အဖြစ်လောက် ကြည့်ခဲ့တဲ့သူ လုပ်ငန်းခွင်ထဲရောက်ရော ဒုက္ခများတော့တာပေါ့။

ဒါတောင်မှ ကိုသိန်းနိုင်က လေ့လာအား ကောင်း။ စာတွေ လိုက်ဖတ်။ အလုပ်ထဲမှာလဲ မျက်စိဖွင့် နားစွန့်။ ဘယ်သူ့ဆီက မဆို သင်ယူလိုက်ဖို့ အဆင်သင့်ဖြစ်ခဲ့တဲ့ သူမို့လို့ အဆင်ပြေခဲ့တာ။ “attitude ကောင်းရင် ဆိုက်က္ကားနင်းရင်တောင် ဖောက်သည်မရှားဘူးကွ၊ အေး….စိတ်နေ စိတ်ထား မကောင်းရင်တော့ သမ္မတဖြစ်တောင် အဆင်မပြေဘူးကွ၊ လူဆဲခံရမယ်။ ဥပမာ ငါတို့ အဘပြောင်ကို ကြည့်” လို့ ကိုသိန်းနိုင်က အလုပ်ထဲက ညီလို ခင်ရတဲ့ မြန်မာကောင်လေးတွေကို ဆုံးမတတ်တယ်။ အခုတော့ ကိုသိန်းနိုင်က သူ့အလုပ်မှာ သူဌေးအားကိုးရတဲ့ လူဆိုပါတော့လေ။ သူကတော့ သူ့ကိုယ်သူ အမြဲပြောပါတယ်။ “ငါက လူမို့လို့ကွ။ နွားသာဆိုရင် ခိုင်းနွားခပ်ချောချော တောင့်တောင့်ကြီး နေမှာ” လို့ အညာသား ကိုသိန်းနိုင်က ဟာသ လုပ်ပြစ်တတ်တာ။

ဘယ်လိုဘဲ ဖြစ်ဖြစ်ပါလေ။ အခုတော့ ကိုသိန်းနိုင် တစ်ယောက် စင်္ကာပူက NTU (Nanyang Technological University) ထဲမှာ အလုပ် လုပ်နေလေရဲ့။ သူ့ မိခင် ကုပ္မဏီက အဲဒီကျောင်းကြီးရဲ့ ပြုပြင်ထိန်းသိမ်းရေး အလုပ်ရတော့ ကိုသိန်းနိုင်လဲ NTU ထဲက ကျောင်းသား၊ ကျောင်းသူ ကလေးတွေ ကြားထဲမှာ  ရွှေဟင်္သာကြားက လဒ (လင်းတ) ကြီး တစ်ကောင်လို ဖြစ်နေတော့တာပေါ့။ သူ့အသက်အရွယ်ကြီးနဲ့ “ကိုယ်က နေ့တိုင်း ကျောင်းသွားနေတာလေ” လို့ သူ့မိတ်ဆွေတွေကို စတတ်တယ်။ နောက်ပြီး ကိုသိန်းနိုင်က စင်္ကာပူမှာ အလုပ် အတွေ့အကြုံ မနည်းဘူး။ အင်ဂျင်နီယာဘာသာရပ်နဲ့ ခေါ်ရင် M & E လို့ ခေါ်တဲ့ ရေ၊ မီး ပြုပြင်ထိန်းသိမ်းရေးမှာ အလုပ်လုပ်လာတာ ဆေးရုံကြီးတွေပါတယ်။ လေယာဉ်ကွင်းကြီးတွေ ပါတယ်။ အစိုးရ ရုံးကြီးတွေ ပါတယ်။ အခု နောက်ဆုံးကတော့ နည်းပညာ တက္ကသိုလ်ကျောင်းကြီးပေါ့လေ။

ကိုသိန်းနိုင်တစ်ယောက် အလုပ် လုပ်ခဲ့တဲ့ လေယာဉ်ကွင်း၊ ဆေးရုံ၊ အစိုးရရုံးကြီးတွေ ကိုကြည့်ပြီး သူ့နိုင်ငံ မြန်မာနိုင်ငံနဲ့ ယှဉ်ပြီး အားကျတယ်။ ငါတို့မှာ ဒီလိုကြီးတွေ ရှိ။ ဒီလိုကြီးတွေ စနစ်ကျရင် ဘယ်လောက် ကောင်းမလဲလို့ဘဲ တွေးမိတယ်။ အခုတော့ အားကျတာတင် မကတော့ဘူး။ မချင့်မရဲနဲ့ ယူကျုံးမရ ဖြစ်လာရတယ်။ NTU ထဲမှာ တက္ကသိုလ်ကြီးတွေ၊ တက္ကသိုလ်ကြီးတွေ၊ ဌာနကြီးတွေ၊ ပြည့်စုံကြွယ်ဝလွန်းတဲ့ Lab တွေ၊ နိုင်ငံတကာက ပါမောက္ခတွေ ငှားပြီး စင်္ကာပူနိုင်ငံသား ကလေးတွေကို ပညာ သင်ပေးနေတာတွေ မြင်တိုင်း၊ တွေ့တိုင်း “တောက်” ခေါက်တယ်။ ပြီးတော့ “ဟူး” လို့ သက်ပြင်းမောကြီး ချတယ်။ လွတ်လပ်ပေါ့ပါးပြီး လူငယ်ဘ၀အပြည့်နဲ့ ကွန်ပြူတာလေးတွေ ကိုယ်စီနဲ့ သင်ထောက်ကူ ပစ္စည်း အပြည်နဲ့ ကျောင်းသူ၊ ကျောင်းသားလေးတွေကို တွေ့တိုင်း ကိုသိန်းနိုင် ဘာကို ဒေါသထွက်မှန်း မသိဘဲ ဒေါသထွက်တယ်။ စနစ်ကို ဒေါသထွက်သလား။ လူကို မကျေမနပ်ဖြစ်သလား။ နှစ်ခုစလုံးကို ပြောချင်တာလား။ သေချာတာက မြန်မာနိုင်ငံ ရဲ့ လူကြီးတွေနဲ့ စနစ်ကြီးကို ကျိန်ဆဲတာတော့ သေချာတယ်။

“သောက် စစ်အစိုးရ စင်္ကာပူကို မှီအောင် လုပ်မယ်၊ လုပ်မယ်နဲ့ သောက်သုံးက တစ်စက်မှ ကျတာ မဟုတ်ဘူးရယ်၊ နောက်ပြီး ဒီလို ရေ၊ မီးအစုံ ပညာသင်ရရဲ့သားနဲ့ လမ်းပေါ်ထွက်တဲ့ ကျောင်းသားတွေ ရှိရင် ငါ ကိုယ်တိုင်ဆဲပါရဲ့။ အခုတော့ ပညာရေးကို သူတို့ အစိုးရကြိုက်သလို ချယ်လှယ်ချင်လို့ ဆွဲထားတဲ့ ဥပဒေကို ကန့်ကွက်တဲ့ ကျောင်းသားလေးတွေကို စာသင်ခန်းထဲ မရှိရကောင်းလားလို့ အပြစ်ပြောချင်တဲ့ သောက်ပိန်းတွေက ရှိသေးဗျာ၊ မအေပေးတွေက ရိုက်သေးဗျား…” လို့ တစ်ခါတစ်ရံ မိုက်မိုက်ရိုင်းရိုင်းကြီးကို ဆဲနေတတ်သေးတာ။

ကိုသိန်းနိုင် တစ်ယောက် တာဝန်ယူထားတဲ့ အဆောက်အဦးတွေထဲမှာ NTU ထဲက ကျောင်းခွဲ SADM (school of art design and media) ဆိုတဲ့ အဆောက်အဦးပါတယ်။ ကိုသိန်းနိုင်ကတော့ “သုခုမ အနုပညာကျောင်း” လို့ ဘာသာပြန်ထားတယ်။ သူ့ရုံးကနေ အဲဒီ ကျောင်းကို လမ်းလျှောက်သွားရ တတ်တယ်။ အလုပ်ကိစ္စရှိရင်၊ သူ့လက်အောက်က ကောင်လေးတွေ ပြဿနာရှိတိုင်း ကိုသိန်းနိုင်က ရုံးကားကို မခေါ်တော့ဘဲ လမ်းလျှောက်သွားတတ်တယ်။

တကယ်ဆိုရင် ရုံးနဲ့ အဲဒီ သုခုမ အနုပညာကျောင်းက ဝေးပါတယ်။ ဒါပေမယ့် ကိုသိန်းနိုင်က အမြဲတမ်း လမ်းဖြတ်လျှောက်ပြန်တယ်။ သွားတယ်။ နောက်ပြီးတော့ အဲဒီကိုသွားရင် ဖြတ်သွားရတဲ့ လမ်းကလေးကို သဘောကျနေတာလဲ ပါတာပေါ့။ အညာမှာ တွေ့ရတတ်တဲ့ ငုပဆုပ်လို့ ခေါ်တဲ့ အပွင့် ၀ါဝါကလေးတွေ အမြဲပွင့်နေတတ်တဲ့ သစ်ပင်ကြီးတွေ အောက်က ဖြတ်ရတယ်။ အပင်အောက်က မြက်ခင်းစိမ်းစိမ်းတွေ အပေါ်မှာ ကျနေတဲ့ အပွင့် ၀ါဝါ သေးသေးလေးတွေ ကိုကြည့်ပြီး သူ့စိတ်ကြည်နူး ချမ်းမြေ့ရတယ်မို့လား။ အဲဒီအပင်ကြီးတွေနားမှာ လိုရာခရီးကို မဆက်သေးဘဲနဲ့ ယောင်ချာချာ လုပ်ရင်း နားနေတတ်တယ်။ ပြီးရင် ကုက္ကိုလ်ပင်ကြီးတွေ တန်းစီနေတဲ့ ကွန်ကရစ် လမ်းကလေးကို ဖြတ်ရတယ်။ အဲဒီလမ်းကလေးကို ဖြတ်ရတိုင်း အညာမှာ အမေ၊ အမတွေနဲ့ နေခဲ့ရတဲ့ ဘ၀ကို အမြဲလွမ်းနေတတ်တယ်။ တစ်ခါတစ်ရံ ဥသြငှက်အသံလေးတွေကိုပါ ကြားရတတ်တော့ ကိုသိန်းနိုင်က အဲဒီလမ်းလေးကို သုခုမ လမ်းလို့ သူ့ဘာသာ အမည်ပေးထားပြန်တယ်။ ကြည်နူး ချမ်းမြေ့ဖွယ် အတိပြီးသော လမ်းပေါ့လေ။

အရာရာမှာ စနစ်တကျ၊ ခေတ်မှီ၊ သစ်လွင်၊ တောက်ပတဲ့ NTU ကျောင်းထဲမှာ အလုပ် လုပ်ရင်း ကိုသိန်းနိုင်က သူ့ကို အလုပ်လုပ်ခွင့်၊ သူ့ဘ၀ကို သူ ကျောင်းနိုင်ဖို့ အလုပ် ကောင်းကောင်းပေးထားတဲ့ စလုံး အစိုးရကို ကျေးဇူးတင်နေတတ်တယ်။ ကိုယ်လုပ်မှ ကိုယ်စားရတာတို့။ ခိုင်းကောင်းလို့ ခိုင်းနေတာတို့။ စင်္ကာပူ အစိုးရက သိပ်လည်တာတွေ၊ ဘာတွေလဲ သူမတွေးပါဘူး။ သူတို့ ကြီးပွားလို့ ကိုယ်တွေ အလုပ် ကောင်းကောင်းလုပ်နေရတာ မဟုတ်ဘူးလား။ ကိုယ့်နိုင်ငံလို ကိုယ့်နိုင်ငံသားကို ထမင်းဝ၊ ဘ၀လုံခြုံမှုရှိတဲ့ အလုပ်မပေးနိုင်လို့ နိုင်ငံခြားထွက်ပြီး အလုပ်လုပ်ကြတဲ့ နေရာမှာ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ ကျေးဇူးဆိုတာ အနည်းနဲ့ အများရှိတာဘဲလို့ ကိုသိန်းနိုင်က တွေးတာ။

ကိုသိန်းနိုင် အလုပ်ရှိတဲ့ NTU ထဲမှာ မေးထူးခေါ်ပြော ရှိတဲ့ အခြား ကုပ္မဏီတစ်ခုက မြန်မာ တစ်ယောက်ရှိတယ်။ သူနဲ့ဆို အသက် မတိမ်းမယိမ်းပေါ့။ သူ့ကို ကိုယ်က ကူညီ။ ကိုယ့်ကို သူက ကူညီနဲ့ အချင်းချင်း ရိုင်းပင်းကြတယ်။ ဒါပေသိ စင်္ကာပူနိုင်ငံရဲ့ ခေါင်းကိုင် ဖခင်ကြီးလို့ ပြောလို့ရမယ့် အဘိုးကြီး လီကွမ်ယု ဆုံးတာနဲ့ ပါတ်သက်ပြီး စကား ပြောကြ၊ ဆိုကြရင်း ကိုသိန်းနိုင် ဘာတွေ ဘယ်လို ဖြစ်လာတယ် မသိပါဘူး။ အဲဒီလူကို စိတ်ပေါက်ပြီး ရုံးကို ရှူးရှူးရှားရှားနဲ့ ပြန်လာတယ်။ ဖြစ်ပုံက…

ဟိုတစ်ယောက်က “လီကွမ်ယုတော့ ဆုံးပြီ။ ကြည့်နေ မကြာခင် စလုံးကျတော့မှာ”တဲ့။ သူ့ပါးစပ်နဲ့ သူ၊ သူ့ အတွေးအခေါ်နဲ့သူ၊ သူ့နှလုံးသားနဲ့ သူ ပြောတာဘဲ။ ကိုသိန်းနိုင်စိတ်ဆိုးစရာမရှိပါဘူး။ ဒါပေမယ့် သူက စိတ်တိုတတ်တဲ့ လူမျိုး။ နိုင်ငံရေးမှာ ကိုယ်သိ၊ ကိုယ်တတ်၊ ကိုယ်ကလွဲရင် ဘယ်သူမှ ပိုမသိဆိုတဲ့ လူမျိုးတွေ တွေ့ရင် ပါးစပ်စည်းမစောင့်ဘဲ ဘု၊ ဘောက်ပြောတတ်လွန်းလို့ သူ့ကို ချစ်တဲ့ ခင်တဲ့ သူတွေတောင် ခပ်တန်းတန်း ဖြစ်ခဲ့ကြတာ။ ဒါကိုလဲ သူက မမှတ်ဘူး။ အခုလဲ “ဘာ စလုံး ကျရမလဲဗျ။ ဒီလောက် စည်း၊ စနစ်ကောင်းနေတဲ့ လမ်းကြောင်းမှန်ပေါ်ရောက်ပြီးသားနိုင်ငံ ပြန်ကျဖို့ ဆိုတာ ခင်ဗျားရော ကျွန်တော်ရော ဒီတစ်သက် မမှီပါဘူးဗျာ။ ဘယ်အဖွဲ့အစည်း၊ ဘယ်နိုင်ငံမဆို စည်းစနစ် ကောင်းကောင်း တစ်ခုပေါ်သာ ရောက်သွားစမ်းပါစေ။ သူများ နောက်ကောက်ကျဖို့ဆိုတာ စစ်ဖြစ်မှဘဲ ရမယ်ဗျ။ ပြီးတော့စလုံးက ခေတ်နဲ့ အမှီပြောင်းဖို့ အနာဂတ်ကို အမြဲ မျှော်ကြည့်နေတဲ့ နိုင်ငံဗျ။ ပိုက်ဆံချမ်းသာပြီး ဘာအလုပ်မှ မလုပ်ဘဲ နေကြတဲ့ နိုင်ငံလဲ မဟုတ်ဘူး။ ဝေးဝေးမကြည့်နဲ့ ခင်ဗျားနဲ့ ကျုပ် အလုပ် လုပ်နေတဲ့ အခု NTU ကြီးကိုဘဲကြည့်။ ပညာရေးအတွက် ပိုက်ဆံ ဘယ်လောက်သုံးနေသလဲဆိုတာ ခင်ဗျားတို့ ကျုပ်တို့လို maintenance လုပ်နေတဲ့ သူတွေ မြင်နေရတာဘဲလေ။ ခင်ဗျား တွေးတာ ကြောင်တောင်တောင်ပါဗျာ။” လို့ ဘုပြောပြီး   ပြန်ချလာတယ်လေ ။ သူ့ ခြေလှမ်းတွေက သုခုမ လမ်းလို့ သူနာမည်ပေးထားတဲ့ လမ်းလေးဘက်ကို ဖြတ်ပြီးပြန်ဖို့ ဦးတည်လိုက်တယ်။

ငုပဆုပ်အပင်ကြီး အောက်ကိုရောက်တော့ ကိုသိန်းနိုင် ထိုင်ချလိုက်တယ်။ မြက်ခင်းစိမ်းစိမ်း၊ အပွင့်ဝါ၀ါလေးတွေ၊ အဲဒီအပေါ်ကမှ မျက်နှာ စူပုပ်ပုပ်နဲ့ အညာသား ကိုသိန်းနိုင်။ အပင်ပေါ်မော့ ကြည့်လိုက်၊ မြက်ခင်းတွေပေါ်က ပန်းပွင့် အ၀ါလေးတွေ ကြည့်လိုက်နဲ့ သူဖတ်ဘူးခဲ့တဲ့ ရခိုင်ဘုရင် မင်းထီးကို သတိရနေတယ်။ လီကွမ်ယုကြီးဟာ ရခိုင်ဘုရင် မင်းထီးနဲ့ တူတယ်လို့ ဆယ်တန်းမှာ လူမှုရေး ဘာသာတွဲကို ၄၅ မှတ်နဲ့ ကပ်အောင်ခဲ့တဲ့ သူက မှတ်ချက်ချလိုက်တယ်။ ကိုယ့်စည်းကမ်း ကိုယ်လိုက်နာခဲ့တဲ့ အာဏာရှင်မင်းထီး။ နန်းတော်တိုင် ထုံးသုတ်မိလို့ ကိုယ့်လက်ညှိုးကိုယ် ပြန်ဖြတ်ပြစ်ခဲ့တဲ့ ဘုရင် မင်းထီး။ နိုင်ငံကောင်းဖို့အတွက် အတိုက်အခံကို ခေါင်းမထောင်နိုင်အောင် လုပ်ပေမယ့် အကျင့်ပျက်၊ ခိုးဝှက်တာတွေ မလုပ်ဘဲ စံပြဖြစ်အောင် နေခဲ့တဲ့ လီကွမ်ယု။ အတူတူပါဘဲလေလို့ ကိုသိန်းနိုင်တစ်ယောက်ထဲ တွေးနေမိတယ်။ အာဏာရှင်လို့ဆိုကြပေမယ့် သူ့နိုင်ငံသားတွေကို ဒုက္ခတွင်းထဲ ဆွဲမသွင်းထားခဲ့တဲ့ လီကွမ်ယု။

တောင်တွေး မြောက်တွေး ပေါက်တတ်ကရတွေ တွေးပြီး ခဏကြာတော့ ကိုသိန်းနိုင် ထိုင်ရာက ထတယ်။ ဘာအနံ့အသက်မှ မရှိတဲ့ ပန်းဝါ၀ါလေးတစ်ပွင့်ကို ကောက်ယူပြီး နမ်းကြည့်တယ်။ ပြီးတော့ သူသိပ်ကြိုက်တဲ့ ကုက္ကိုလ်လမ်းဘက်ကို ဆက်လျှောက်လာတယ်။ ကုက္ကိုလ်ပင်တွေ အောက်ကို သူဖြတ်လျှောက်လာတော့ အညာလေ၊ အညာနွေ အတုတစ်ခုက ကိုသိန်းနိုင်ကို ဆီးပွေ့ကျီဆယ်တယ်။ အညာသား သူ့စိတ်ထဲမှာ သာယာကြည်နူး ချမ်းမြေ့မှုတွေ ပြန်ပြီး ရောက်လာပြန်တယ်။

သုခ လမ်းပေါ်ရောက်နေတဲ့ နိုင်ငံရဲ့ သုခုမလမ်းလေးပေါ်မှာ ဒုက္ခလမ်းပေါ်က နိုင်ငံသားတစ်ယောက် အဖြစ် ကိုသိန်းနိုင် ခြေရာတွေ ဘယ်လောက် ထပ်ပြီးချန်နေရဦးမည်ကိုတော့  ကာယကံရှင် ကိုယ်တိုင်မှ သိနိုင်ပါ့မလား။

ဖိုးထက်

Photo Credit – http://www.transitioning.org/wp-content/uploads/2012/08/630afp-foreignworker_050717.jpg



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဖိုးထက် – သုခုမ လမ်းပေါ်က ဒုက္ခနိုင်ငံသား
  1. အတွေးကောင်း၊ အရေးကောင်း၊ စိတ်ကောင်း စေတနာပေါ်လွင်တဲ့ ကိုဖိုးထက်ရဲ့ ၀တ္ထုဆောင်းပါးလေးတွေဖတ်ရတာ တန်ဖိုးရှိတယ်။ ကျေးဇူးတင်တယ်။ ကိုဖိုးထက် ဇာတ်ကောင် ကိုသိန်းနိုင်ပြောသလို သောက်ပိန်းအစိုးရနဲ့ သောက်ပိန်းလူတွေရှိတာတော့ အမှန်ဘဲဗျို့။

Comments are closed.