ရသဆောင်းပါးစုံ

မောင်လူပေ – လီကွမ်ယူ စင်ကာပူကို ထားခဲ့ပြီ

မောင်လူပေ – လီကွမ်ယူ စင်ကာပူကို ထားခဲ့ပြီ
(မိုးမခ) မတ် ၂၄၊ ၂၀၁၅

စကာင်္ပူရဲ့  ဖခင်ကြီး လီကွမ်ယူ သေဆုံးသွားခဲ့ပြီ။

ဘာမှမရှိတဲ့ ကျွန်းနိုင်ငံလေးကို ကမ္ဘာ့ ပထမတန်းနိုင်ငံဖြစ်အောင် သူ တည်ဆောက်ပြနိုင်ခဲ့တယ်။

အဲဒီနိုင်ငံလေးမှာ ရွှေမြန်မာတွေလည်း အများကြီး ခိုလှုံနေကြလေရဲ့ ။

သူ့ ကျေးဇူးတွေက ရွှေမြန်မာတွေ အပေါ်မှာပါ တင်ရှိခဲ့တယ်။

တကယ်တော့ သူဟာ အာဏာရှင် တယောက်ပါ။ အာဏာရှင်ထဲက ထူးခြားစွာ လူသားဆန်ခဲ့တဲ့ သူပါ။

သူ့ ကို ဆန့် ကျင်သူ မှန်သမျှကို ထောင်ထဲပို့ တယ်။ လွတ်လပ်စွာ ပြောဆိုခွင့် ရေးသားခွင့်ဆိုတာ သူ့ ကို သူ့ ရဲ့  ပီအေပီပါတီကို မဆန့် ကျင်ရင်မှ ရတယ်။ ဒါပေမဲ့ စလုံးပြည်သူ အများစုက သူ့ ကို အဖေကြီး တဦးလို ချစ်ကြတယ်။ အဲဒါ ဘာကြောင့်လဲဆိုတော့ သူ့ ရဲ့  လုပ်ရပ်တွေကြောင့်ပါ။

သူဟာ နာမည်ကျော် ကင်းဘရစ် တက္ကသိုလ်က ဘွဲ့ ရ ပညာတတ်။ စစ်ရေးအမြင် မရှိဘူး။ စစ်ဗိုလ်ချုပ်ကြီးလည်း မလုပ်ခဲ့ဘူး။

အင်္ဂလိပ်လက်အောက်က လွတ်လပ်ရေးရဖို့  မလေးရှားနဲ့ ပေါင်းခဲ့တယ်။ လွတ်လပ်ရေးယူပြီး နစ်နှစ်အကြာမှာ လူမျိုးရေး မုန်းတည်းမှုတွေကြောင့် မလေးရှားက ခွဲထွက်ခဲ့တယ်။ သူတည်ထောင်ခဲ့တဲ့ ပါတီနဲ့  နိုင်ငံကို တည်ထောင်တယ်။

ပထမဆုံးလုပ်ခဲ့တာက အကျင့်ပျက် ခြစားမှုနှိမ်နှင်းရေးအဖွဲ့  ဖွဲ့ ပြီး အကျင့်ပျက် လာဘ်စားသူမှန်သမျှကို အရေးယူခဲ့တာပါ။ တကယ်ကို အရေးယူပြတော့ လာဘ်စားမှုတွေ အရမ်းကို နည်းပါးသွားတယ်။

နိုင်ငံကို တည်ဆောက်ဖို့ အတွက် ပညာတတ်တွေ လူတော်တွေ လိုတယ်။ ဒီလူတွေကို ရဖို့  လစာကောင်းကောင်းပေးရမယ် ဆိုတာ သူသိတယ်။ ဒီလိုလူတွေ ရဖို့ ထိုက်တန်တဲ့ လစာတွေ အခွင့်အရေးတွေ ပေးပြီး ရအောင် ရှာတယ်။ နိုင်ငံတကာက ပညာရှင်တွေ ကျွမ်းကျင်သူတွေ သူ့ ဆီ ရောက်လာတော့ အဲဒီ ပညာရှင်တွေ ပေးတဲ့ အကြံဥာဏ်တွေယူပြီး နိုင်ငံကို တည်ဆောက်ခဲ့တယ်။ ပညာရှင်တွေကို ဆရာမလုပ်ခဲ့။ ဝင်ပြီး မစွက်ဖက်ခဲ့။ အခွင့်အရေးတွေလည်း မယူခဲ့။

သူ့ နိုင်ငံမှာ တရုတ်က ခုနှစ်ဆယ်ရာနှုန်း ကျော်ရှိတယ်။ မလေးနဲ့  အိန္ဒိယ နွယ်ဝင်တွေက နှစ်ဆယ်ရာနှုန်းကျော်တယ်။ ကျန်တာက နိုင်ငံခြားသားတွေ။ ဒါကြောင့် ကျောင်းမှာ အင်္ဂလိပ်စာ၊ တရုတ်စာ၊ မလေးစာတို့ ကို သုံးမျိုးလုံး မသင်မနေရ သင်စေတယ်။ အဲဒီ လူမျိုးတွေရဲ့  ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု တွေလည်း သင်ရတယ်။ ဒီတော့ မယုံသကာင်္ဖြစ်မှုတွေ လျှော့ကြလာတယ်။ တယောက်အကြောင်း တယောက် ပိုသိလာကြတော့ အမုန်းတရားတွေ လျှော့ကြလာပါတယ်။

တရုတ် ဟာ့ကာလူမျိုး မို့  တရုတ် ရိုးရာ အစဉ်အလာတွေနဲ့  ရှေးရိုးဆန်တာတွေ ရှိပေမဲ့ ဒီနိုင်ငံ တိုးတက်ရေးအတွက် သူ တကယ် အလုပ်လုပ်ခဲ့တယ်။ လိုအပ်ရင် လိုအပ်သလို ဥပဒေတွေပြောင်းတယ်။ လူတွေများမှာ စိုးလို့  ၁၉၆၀ နှစ်တွေမှာ ကလေးနှစ်ယောက်ထက်ပို မယူဖို့  သူလုပ်ခဲ့တယ်။ ၁၉၉၀ နောက်ပိုင်းကြတော့ လူဦးရေ ကျဆင်းလာလို့  ကလေးတွေ ယူကြဖို့  တိုက်တွန်း လုပ်ဆောင်ပြန်တယ်။ ဒီကြားထဲမှာလည်း ပညာတတ် အပျိုကြီးတွေ များလာလို့  လူပျိုတွေကို ပညာတတ် အပျိုတွေကို ယူဖို့  တိုက်တွန်းလုပ်ဆောင်ခဲ့တာတွေ ရှိခဲ့သေးတယ်။

သူလုပ်ခဲ့တာတွေမှာ လူ့ အခွင့်အရေး စံချိန်စံညွှန်းနဲ့  မညီတာတွေအများကြီးရှိခဲ့တယ်။ လိင်တူဆက်ဆံသူတွေကို လက်မခံတာ၊ ကြိမ်ဒါဏ် ပေးတာ၊မူးယစ်ကုန်သွယ်မှုတွေကို သေဒါဏ် ပေးတာ၊ သူနဲ့  သူ့ ပါတီကို ဆန့် ကျင် သူ မှန်သမျှကို ထောင်ထဲထည့်တာ၊ လျှို့ ဝှက် ရဲတွေက နေရာတိုင်းမှာ စောင့်ကြည့်နေတာ၊ သူ့ သားကို ဝန်ကြီးချုပ် ခန့်ဖို့  သူ့ တပည့်ကို ခဏ ဝန်ကြီးချုပ်ခန့်  သူက စီနီယာ ဝန်ကြီးပြန်လုပ်၊ သူ့ သားကို ဝန်ကြီးချုပ်ပြန်ခန့်  သူက ဝန်ကြီး အကြံပေး ပြန်လုပ်နဲ့  တသက်တာ ဝန်ကြီး လုပ်သွားခဲ့တာ စတဲ့ ဟာတွေပေါ့။

ဒါပေမဲ့ သူ စေတနာမှန်စွာနဲ့ သူ့ နိုင်ငံအတွက် သူလုပ်ခဲ့တယ်။ ပညာတတ်တွေကို လူမှန်နေရာမှန် သုံးခဲ့တယ်။ထိုက်တန်တဲ့ လစာတွေ ပေးခဲ့တယ်။ ပညာရေးကို ရှေ့ တန်းတင်တဲ့ ပညာတတ်ဦးစီးတဲ့ နိုင်ငံ ဖြစ်အောင် တည်ထောင်နိုင်ခဲ့တယ်။ လာဒ်ပေးလာဒ်ယူမှုကို တိုက်ဖျက်နိုင်ခဲ့တယ်။ သူကိုယ်တိုင်လည်း လာဒ်ပေးလာဒ်ယူ ကင်းအောင် နေပြခဲ့တယ်။ တကယ်ကို တဲပေါ်က လူတွေ တိုက်ပေါ်ရောက်အောင် တင်ပေးနိုင်ခဲ့တယ်။ ဆင်းရဲတဲ့ ပြည်သူ အများစုကို ဆင်းရဲတွင်းက လွတ်အောင် သူလုပ်ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီအာဏာရှင်ကြီးကို သူ့ ပြည်သူတွေ ချစ်ခဲ့ကြတာပေါ့။ အခု သူသေတော့ ဝမ်းနည်းငိုကြွေးနေကြတာပေါ့။

ကျွန်တော်တို့ ဆီက ခေါင်းဆောင်ဆိုသူကြီးတွေ သေတဲ့ အခါ ပြည်သူတွေ ဒီလို ဝမ်းနည်း ကြေကွဲ ဖြစ်ကြမလားဆိုတာကတော့ မေးခွန်းထုတ်စရာတောင်လိုမယ် မထင်ပါကြောင်း။

Photo – http://i.telegraph.co.uk/multimedia/archive/03241/Lee-Kuan-Yew-flowe_3241705b.jpg


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts