ကဗျာ သစ်ကောင်းအိမ်

သစ်ကောင်းအိမ် – နွေဥပေါက် …

သစ်ကောင်းအိမ် – နွေဥပေါက် …
မတ်လ ၂၅၊ ၂၀၁၅

လက်ပံပင်ထိပ်ဖျားမှာ
ဥသြဟာဆွေစဉ်မျိုးဆက်ဇာတ်နာလို့
နွေဥပေါက်

နွေတပြောက်ထိုးရုံနဲ့
ပလက်ဖောင်းပေါ်ကြိုးလက်ဆွဲပြီး
ခွေးကျောင်းထွက်လာတဲ့
နွေဥပေါက်

မလုံ့တလုံအရေပြားတွေပေါ်မှာ
မလုံ့တလုံအဝတ်အစားတွေပြန်ရောက်လာပြီ
နွေဥပေါက်

ဓာတ်ဆီဈေးအတက်အကျ မှာ
ဘဝကိုချိန်ဆလို့
ပင်လယ်ကွေ့မျက်နှာကြည့်နေရတဲ့
နွေဥပေါက်

ဖုံတလုံးလုံးထဲ
လိမ့်နေတဲ့ဘောလုံးနောက်
လူလုံးကြီးပြေးလိုက်လို့
မူလတန်းဘောလုံးပွဲကြည့်ရသလို
နွေဥပေါက်

ကားကြိတ်သွားတဲ့ခွေး အသက်ငင်သလို
တအင်အင် သရဇ္ဇယ်ကြ
“..သမတကြီးက…သမတကြီးက…”
ငါထဆဲလိုက်ရ … သမတကြီးက
နွေဥပေါက်

တံဆိပ်တွေ့သွားမလှန်နဲ့
အမေရိကန်အလံလည်း မိတ်အင်ချိုင်းနား
နွေဥပေါက်

သမိုင်းမှာ နှောင်းလူတို့ ကျက်မှတ်စရာ
ပြည်တော်သာခေတ်ပြီးတော့
ပြည်တော်ပြန်ခေတ်ရောက်ပြီ
နွေဥပေါက်

ခေတ်မကောင်းလို့ ရူးချင်ယောင်ဆောင်နေတယ်ဆိုတဲ့
နွေဥပေါက်
ခေတ်ကောင်းပြီဆိုပြီး ရူးချင်ယောင်ဆောင်နေပြန်တဲ့
နွေဥပေါက်

ဘက်မလိုက်ဘူး
CASH နောက်ပဲလိုက်တဲ့ နံပါတ်ဖိုးသမား
နွေဥပေါက်

ဖောက်ထွင်းဝိဇ္ဖာကနေ
သော့ပြင်ဆရာအလုပ်ပြောင်းသွားတဲ့
နွေဥပေါက်

ဆုပ်ထားတဲ့လက်သီးတွေ
ကျုံ့ထားတဲ့မျက်မှောင်တွေ ပြေကျလို့
ကမ္ဘာကြေခဲ့ပြီလား….
နှင်းယွန်းဂိမာန်
နွေဥပေါက်

နပိုလီယန်စစ်ရှုံးမယ့်ဆောင်းကို
ဖြတ်မောင်းမယ်ဆိုတဲ့အင်ဂျင်ကြီး
တွန်းနှိုးနေတုံး
နွေဥပေါက် …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts