သူတို့အာဘော်

နှင်းနှင်းမွှေး – ဆိတ်သောနှုတ်များ ပွင့်နိုင်ကြပါစေ

နှင်းနှင်းမွှေး – ဆိတ်သောနှုတ်များ ပွင့်နိုင်ကြပါစေ
(သူ့ဖေ့စ်ဘွခ်မှ)
မတ် ၂၂၊ ၂၀၁၅

မနေ့ညက Skynet လွှတ်တော် channel မှာ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌက အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း တင်သွင်းတာ တ၀က်တပျက် မီလိုက်သမျှ ကြည့်လိုက်တော့ စကားလုံးတွေ ဟိုလှည့် ဒီလှည့်နဲ့ တော်တော် လေး ပုံဖျက်ထားတာ တွေ့ရတယ်။

ဥပမာ တခုပြောရရင်တော့ NNER က တင်သွင်းတဲ့မူကြမ်းမှာပါတဲ့ မသင်မနေရ အခမဲ့အလယ်တန်းပညာရေး ဆိုတာ မပါတော့ဘဲ အခမဲ့မသင်မနေရ မူလတန်းပညာရေးစနစ်ဆိုတာပဲ ပါတယ်။ အကြောင်းပြချက်ကတော့ (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ကိုက်ညီအောင်လို့ပါ…. တဲ့။

(၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)၊ ပုဒ်မ ၂၈(ဂ)မှာ “နိုင်ငံတော်သည် အခမဲ့မသင်မနေရ မူလတန်းပညာရေးစနစ် ဖော်ဆောင်ရမည်” လို့ ဖော်ပြထားပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ နိုင်ငံတော်နဲ့ နိုင်ငံသူနိုင်ငံသားတွေ ကောင်းကျိုး အတွက် ရည်ရွယ်ရေးဆွဲ ဖော်ဆောင်ရမှာပါ။  ပြည်သူတွေ တကယ်အကျိုးရှိမယ့်ကိစ္စတွေကို ဖွဲ့စည်းပုံက ခွင့်မပြုလို့ဆိုရင် ခွင့်ပြုနိုင်တဲ့ ဖွဲ့စည်းပုံဖြစ်အောင် မပြင်ဘဲထားခြင်းကိုက မေးခွန်းထုတ်စရာပါပဲ။

NNER ရဲ့မူမှာ ခုအချိန်ဟာ ကြားကာလဖြစ်တဲ့အတွက် ကျောင်းမထားနိုင်တဲ့ မိဘတွေကို အရေးယူအပြစ်ပေးတာမျိုးမလုပ်ဘဲ နိုင်ငံတော်က ကူညီထောက်ပံ့ပေးရမယ်လို့ပါတာကို ပယ်ချလိုက်တာကို ကြည့်ခြင်းအားဖြင့် ကလေးတွေ မူလတန်း လောက် တတ်ရုံနဲ့ ရပြီလား။ အလယ်တန်းဆက်သင်ဖို့ မလိုအပ်တော့ဘူးလားဆိုတာလည်း မေးခွန်းထုတ်ဖို့ လိုလာပါတယ်။

မနေ့က လွှတ်တော်မှာ တင်သွင်းတဲ့ဥပဒေကြမ်းမှာ ဒီ့ထက်မက မေးခွန်းထုတ်စရာ အငြင်းပွါးစရာ အချက်အလက်တွေ အမြောက်အမြား ပါဝင်ပါတယ်။  ဒီမိုကရေစီပညာရေးဦးဆောင်ကော်မတီဝင် (၁၅) ဦးရှိတဲ့အနက် (၄) ဦးကိုဖမ်း၊ (၂) ဦးနဲ့ ကျောင်းသားခေါင်းဆောင်တွေကို ၀ရမ်းထုတ်၊ ကျောင်းသားပြည်သူတွေကို အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးထားတာကလည်း (၁၁-၂-၁၅) ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဝင်းအတွင်းမှာ ကျင်းပခဲ့တဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲအပြီး သဘော တူထုတ်ပြန်ချက်ထဲက “၁။ (က) (၂)” ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်းဖြစ်တယ်။

(၁၀-၃-၁၅) ရက်နေ့ လက်ပံတန်းအကြမ်းဖက်မှုအပေါ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှု လုံးဝမရှိတဲ့အပြင် လုပ်သင့်လုပ်ထိုက်လို့ လုပ်ရတာပါ၊ တာဝန်အရလုပ်ရတာပါဆိုတာတွေက အစိုးရရဲ့ဂုဏ်သိက္ခာကို ပိုမိုပျက်ယွင်းစေတာကို တော်ရုံအသိရှိတဲ့သူ တောင် နားလည်နိုင်တဲ့ကိစ္စပါ။

ဆိတ်သောနှုတ်များ ပွင့်နိုင်ကြပါစေ။

နှင်းနှင်းမွှေး
Hnin Hnin Hmway

https://www.facebook.com/hninhnin.hmway

မှတ်ချက် –  ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (National Network for Education Reform – NNER) အဖွဲ့ဝင် ဆရာမဒေါ်နှင်းနှင်းမွှေး၏ စာမျက်နှာကနေ ပုံနှင့်စာကို ကူးယူဖော်ပြပါသည်။ ပုံအညွှန်း – လက်ရှိမှာ အဖမ်းခံနေရသည့် ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင် (ဝဲ) နှင့် ဒေါ်နှင်းနှင်းမွှေး။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts

One thought on “နှင်းနှင်းမွှေး – ဆိတ်သောနှုတ်များ ပွင့်နိုင်ကြပါစေ
  1. Truly ! just open your mouth, and say the true for the country, not just to sit in the parliament to keep your position.

Comments are closed.