လှကျော်ဇော – ကျေးဇူးရှင် မွေးမေမေများသို့

လှကျော်ဇော – ကျေးဇူးရှင် မွေးမေမေများသို့
(မိုးမခ) မတ် ၁၉၊ ၂၀၁၅

“ဗိုလ်မှူးရယ်–ဗိုလ်မှူးတို့ သူဘယ်ရောက်နေသလဲ သိချင်တာထက် ကျွန်မကအများကြီးပိုသိချင်နေတာပါ။ ဘာဖြစ် လို့လဲဆိုတော့ ကျွန်မအတွက်က သူတယောက်တည်းမဟုတ်ဘူးလေ။ သားတွေရော သမီးရော ပါသွားတာ။”

ဒီစကားစုကတော့ ၁၉၇၆ ခုနှစ် ဇူလိုင်လတွင်း ကျွန်မတို့သားအဖတတွေ တောခိုသွားအပြီး ကျန်ခဲ့တဲ့မေမေကို စစ်ထောက်လှမ်းရေးက ခေါ်ယူပြီး ဖေဖေ ဘယ်ရောက်နေသလဲ ဆိုတာ မေးမြန်းစစ်ဆေးစဉ်က မေမေပြောခဲ့တဲ့ စကားတွေပါ။ ဒါတွေကို မေမေက ကျွန်မတို့နောက် တောထဲကိုလိုက်လာပြီး ပန်ဆန်းမှာ (၁၉၈၀) ပြန်တွေ့တော့ ပြောပြခဲ့ဖူးပါတယ်။ “လင်ယောက်ျားအပူထက် သားသမီးအပူကပိုကြီးတယ်-အေ့။” လို့လည်းပြောပါတယ်။ အဲဒီတုန်းက ကျွန်မ မျက်ရည်ကျခဲ့ပါတယ်။

အခုလည်းကျွန်မ မျက်ရည်ကျရပြန်ပါပြီ။

မတ်လ(၁၀)ရက်နေ့က လက်ပံတန်းက ပင်မသပိတ်စစ်ကြောင်းကို အစိုးရက အကြမ်းဖက်ရိုက်နှက်ဖြိုခွဲပြီး ကျောင်းသားအများအပြားကိုဖမ်းဆီးခဲ့ပါတယ်။ အဖမ်းအဆီးခံလိုက်ရတဲ့ ကျောင်းသား-ကျောင်းသူများရဲ့ မိခင်များနဲ့ သတင်းမီဒီယာများ တွေ့ဆုံမေးမြန်းခန်းတွေကိုနားထောင်ယင်း မျက်ရည်ကျမိတာပါ။ သားတွေ သမီးတွေကို ဒဏ်ရာ တွေနဲ့ဖမ်းသွားပြီး ရုံးချိန်းထုတ်မယ်ဆိုတော့ ကလေးတွေမျက်နှာမြင်ရနိုးနိုးနဲ့ အပြေးအလွှားလိုက်ရပုံတွေ မမြင်လိုက်ရပေမဲ့ သတင်းကြားလေးနဲ့ပဲ ဒဏ်ရာတော့ မပြင်းထန်လောက်ပါဘူးလေလို့ ဖြေတွေး တွေးရတာလေးတွေ ကြားရတော့ ရင်ထဲမချိပါဘူး။

သြော်-အားကြီးမောရတဲ့ သားသမီးဇောကိုး။

တဆက်တည်းမှာပဲ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀)ကျော်က ပုံရိပ်တခုကိုပြန်သတိရမိပါတယ်။

၁၉၆၂ ခုနှစ် ဇူလိုင် (၇) ရက်အရေးအခင်းကြီးအပြီးကာလမှာ ကျွန်မတို့စမ်းချောင်းဆီဆုံလမ်းအိမ်ကို ဧည့်သည် နှစ်ယောက် ရောက်လာခဲ့ပါတယ်။ ဖေဖေတို့ငြိမ်းချမ်းရေးတရားတွေ သွားဟောပြောခဲ့တဲ့ မြစ်ဝကျွန်းပေါ်မြို့တမြို့ကပါ။ ဖေဖေတို့အဖွဲ့ကိုကူညီခဲ့ဖူးတဲ့ စစ်ပြန်ရဲဘော်ဟောင်းကြီးတဦးနဲ့ အမျိုးသမီးကြီးတဦးပါ။ အဲဒီအမျိုးသမီးကြီးက ဖေဖေ့ ကိုတွေ့တာနဲ့ ထိုင်ဦးချလိုက်ပြီး မျက်ရည်လည်ရွဲနဲ့ ဖြစ်ကြောင်းကုန်စင် ပြောပြပါတော့တယ်။

သူကမုဆိုးမကြီးအဖြစ် ဈေးရောင်းပြီး သူရဲ့တဦးတည်းသောသားကို တက္ကသိုလ်ရောက်အောင်ထားခဲ့တယ်။ ဇူလိုင်(၇)ရက် နောက်ပိုင်းမှာတော့ အဲဒီသားပျောက်သွားပြီး ဘယ်ရောက်သွားမှန်းလည်း မသိတော့ဘူး။ ဒါကြောင့် ပျောက်သွားတဲ့သူ့သားကိုရှာပေးဖို့ ဖေဖေကို “ဗိုလ်ကြီး-ဗိုလ်ကြီး” ထပ်အောင် ခေါ်ပြီး (တချက်တချက်လည်း လက် အုပ်ချီပါသေးတယ်။) တောင်းပန်နေတာပါ။ သူကြိုးစားပမ်းစားနဲ့ ဘဝရဲ့မျှော်လင့်ချက်ကြီးတခုအဖြစ် ဒီသားအပေါ်ပုံပြီး ထားခဲ့ပုံတွေကို အသည်းပေါက်မတတ် ငိုယိုပြောနေတဲ့ အဲဒီအမျိုးသမီးကြီးရဲ့ပုံရိပ်ဟာ ကျွန်မအတွက် တသက်မမေ့ နိုင်စရာပါ။

ဒီမိခင်တွေရဲ့ပုံရိပ်တွေဟာ ပြည်သူတွေ အောင်ပွဲမခံနိုင်သေးသရွေ့ ဆက်လက်တိုက်ပွဲဝင်နေမယ့် နောင်မျိုး ဆက်အဆက်ဆက်အတွက် အင်အားတွေပါ။ ဗမာပြည်သူတွေ ကျခဲ့ရတဲ့ သွေးတွေ ချွေးတွေ မျက်ရည်တွေ အသက် တွေ တခုမှအလဟသ မဖြစ်စေရပါဘူးဆိုတဲ့ သန္နိဋ္ဌာန်တွေကိုလည်းပိုခိုင်မာစေပါလိမ့်မယ်။

အခုပဲကြည့်ပါ။

ဒီသပိတ်စစ်ကြောင်း စကတည်းက ဝိုင်းရံပေးခဲ့တဲ့ ပြည်သူတွေ နည်းရော့သလား။ မရှိရှိတာလေးတွေ ပုံလှူခဲ့တဲ့ ပြည်သူတွေရဲ့သတင်းတွေ ဓာတ်ပုံတွေ သတင်းကွန်ရက်တွေမှာ အပျံ့အနှံ့ပါ။ သပိတ်ဖြိုခွဲနေတဲ့လူရမ်းကားတွေရဲ့ ပုံတွေကို အသက်စွန့်ရိုက်ကူးပေးခဲ့ပြီး ကမ္ဘာအနှံ့ဖြန့်ပေးခဲ့တဲ့ စေတနာ့ဝန်ထမ်းသတင်းသမားတွေရော။ ဒါတွေ ကြောင့် အစိုးရအနေနဲ့ (မဆလခေတ်- နဝတ- နအဖခေတ်များကလို) ပြည်သူလူထုကို လုပ်ချင်သလို လုပ်လို့ မရတော့ပါဘူး။ တိုက်ပွဲဝင်ကျောင်းသားများရဲ့ လှုပ်ရှားမှုခြေလှမ်းများကိုကြည့်ရင်လည်း သူတို့တတွေရဲ့ ဘက်စုံစဉ်း စားနိုင်မှု လူထုအားနဲ့ စာနာစိတ်များ (မိမိတို့ကိုရန်လုပ်ဖို့ဝိုင်းထားတဲ့ပုလိပ်များအပါ) ရအောင်စည်းရုံးနိုင်မှု စတာတွေကို အလွန်အားရဖွယ် တွေ့ရပါတယ်။

မတ်လ(၁၀)ရက်နေ့ ရိုက်နှက်ဖမ်းဆီးခြင်းခံလိုက်ရတဲ့ ဗကသ ကျောင်းသားခေါင်းဆောင် မင်းသွေးသစ် က နှုတ်ဆက်စကား ရေးသွားရာမှာ အရင့်အရင်က စွန့်လွှတ်သွားခဲ့ကြတဲ့ အစ်ကိုတော် အစ်မတော်တွေကို ကျေးဇူးတင် ကြောင်းရေးသွားတာဖတ်ရတော့ ကျောင်းသားတွေ အဆက်ဆက်ဆင်နွဲခဲ့တဲ့ လှုပ်ရှားမှုတွေဟာ တပွဲမှမရှုံးနိမ့်ခဲ့ဘူး။ ယာယီအရေးနိမ့်သွားမှုသာဖြစ်ပြီး အောင်ပွဲအတွက် အရေအတွက်အရ စုဆောင်းနိုင်မှုဟာ များသထက်များလာပြီ ဆိုတာတွေ့ရပါတယ်။ တနေ့မုချ ဒီအရေအတွက်တွေဟာ အရည်အချင်းကို ခုန်ကူးပြောင်းလဲပြီး ကျွန်မတို့လိုချင်တဲ့ ဒီမိုကရေစီပန်းတိုင်ကို မုချ ရောက်ရှိသွားပါလိမ့်မယ်ဆိုတာ လက်တွေ့ပြနေပြီ။

၁၉၆၂ ဇူလိုင်အရေးအခင်းအပြီးမှာ အုပ်စိုးသူများက “ဓားဓားချင်း-လှံလှံချင်း”လို့ကြုံးဝါးစိန်ခေါ်ရဲခဲ့ပေမယ့် အခု ၂၀၁၅ မတ်လ (၁၀)ရက်အပြီးမှာတော့ ပြန်ကြားရေးဝန်ကြီး (တနေ့တမျိုး အမျိုးမျိုးမရိုးရအောင်) ဘာတွေပြောနေရလဲ ကြည့်ပါ။ ကျောင်းသားတွေကိုကျောင်းပြန်တက်ဖို့ လွှတ်တော်ကတဆင့် တောင်းဆိုစရာရှိတာတွေ တောင်းဆိုဖို့ ပြော ဆိုနေတာတွေ ကျောင်းသားတွေရဲ့တင်ပြချက်တွေကို (နောင်မလုပ်ခါမှနေရော) လောလောဆယ် လိုက်ရောပေးနေရ တာတွေ တွေ့နေရတော့ ဒီပွဲမှာကျောင်းသားတွေ (moral ground) စိတ်ဓာတ်ရေးရာအရ နိုင်လိုက်တယ်ဆိုတာ ပိုသေချာသွားပါတော့တယ်။

မိခင်များနဲ့ကျောင်းသူကျောင်းသားအပေါင်းကို ကျွန်မအားပေးလိုက်ပါရစေ။

တောင့်ထားကြပါ။ အောင်ပွဲဟာ တိုက်ရဲသူများအတွက်သာဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ မေမေကိုရည်စူးပြီး ကျွန်မရေးသားထုတ်ဝေခဲ့တဲ့ “အလွမ်းစာပန်းခြင်းလေး” စာအုပ်ရဲ့ ရည်ညွှန်းစာ လေးကို ပြန်တင်လိုက်ပါရစေ။

“ဗမာပြည်ရဲ့အလွန်ပြင်းထန်လှသော နိုင်ငံရေးမုန်တိုင်းများအကြား လင်သားများနောက်မှလည်းကောင်း သားသမီး များနောက်မှလည်းကောင်း ကျောက်ဆိုင်ကျောက်သားလို မားမားရပ်ပြီး ဒုက္ခဟူသမျှ ဝေမျှ ရင်စည်းခံခဲ့ကြသော “မေမေ” ကဲ့သို့သော ဇနီးများ မိခင်များသို့ ရည်ညွှန်းဦးညွှတ်လျက်-

၁၅-၃-၂၀၁၅