သတင်းဆောင်းပါး ဇော်အောင် (မုံရွာ)

ဇော်အောင်(မုံရွာ) – ပညာရေးဘတ်ဂျတ်နှင့် ပညာတော်သင်ဆု

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဇော်အောင်(မုံရွာ) – ပညာရေးဘတ်ဂျတ်နှင့် ပညာတော်သင်ဆု

(မိုးမခ) မတ် ၁၉၊ ၂၀၁၅

 

ဂျပန်နိုင်ငံတက္ကသိုလ်မှာ ဒေါက်တာဘွဲ့ ၂၀၁၅မှာ အောင်မြင်ရရှိသွားတဲ့ နန့်ကသွယ်မိုးကို လေးစားစွာမှတ်တမ်းတင်ပါတယ်။ မြန်မာနိုင်ငံ ငါးလုပ်ငန်းဌာနဆိုင်ရာက ရွေးချယ်စေလွှတ်ခံရသူ ဖြစ်ပါတယ်။ အထူးသဖြင့်  မြန်မာနိုင်ငံရဲ့ ရေလုပ်ငန်းများက နိုင်ငံခြားငွေ နှစ်စဉ် ကန်ဒေါ်လာ၂ဘီလျှံ အထက် နိုင်ငံခြားပို့ကုန်ဖြစ်ပါတယ်။  ပုလဲမွေးမြူရေးလုပ်ငန်းကလည်း ဂျပန်ကုမ္ပဏီများ အများစုက ပုလဲရတနာများ နှစ်စဉ် ကန်ဒေါ်လာ တစ်ဘီလျှံလောက် ရရှိပါတယ်။ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံများက ၅ဆမက ပိုပြီးထုတ်လုပ်နိုင်ပါတယ်။ ဒီလောက် အဖိုးတန်ထုတ်ကုန် လုပ်ငန်းကို ဂျပန်များ ပညာသင်ဆုပေးနေတာ မထူးဆန်းပါဘူး။  

လူတော်လူကောင်းများကို မွေးထုတ်ပေးတဲ့ ပညာသင်ဆု တစ်ခုအကြောင်း ရေးလိုက်ပါတယ်။ ဖေဖေါ်ဝါရီ ၂၀၁၅ ဂျပန်တိုကျိုမှာ ပညာတော်သင်နဲ့ပတ်သက်ပြီး အစည်းဝေးသွားတဲ့ခဲ့တဲ့ မစု ဆိုတာ၊ ဘာပါဝါမှ မရှိပါဘုး။ ဘယ်သူကို ရပစေ၊ ဘယ်သူကို မရွေးနဲ့လို့လဲ ပြောခွင့်မရှိပါ။ ပညာတော်သင်များရဲ့ မှတ်တမ်းကို နိုင်ငံတကာဌာနမှာ ပွင့်လင်းစွား တောင်းကြည့်လို့ရပါတယ်။  ဒီလူကို ဘာကြောင့် ပညာတော်သင် ရွေးချယ်ရပါသလဲဆိုတာ ကိုးကားချက်အပြည့်အစုံနဲ့ဖေါ်ပြထားပါတယ်။ DoF ဝန်ထမ်းမများဟာ ၁၉၉၇ ကတည်းက ဂျပန်ကို နှစ်ရှည် ပညာသင်သွားခဲ့ကြပါတယ်။ အခုဆို ၁၂ယောက် ရှိသွားပါပြီ။

Name, Major, University, Year
1. Nilar Shein, Aquaculture, Nagasaki, 2003
2. ## ## , Admin, Kagoshima, 2004 – Resigned
3. Yin Yin Moe, Aquaculture, Kagoshima, 2005
4. Aung Naing Oo, Aquaculture, TUMSAT, 2007
5. Than Than Lwin , R&D, TUMSAT, 2007
6. ## ##, Aquaculture, Kagoshima, 2009 – Resigned
7. Kyaw Kyaw, Aquaculture, Kagoshima, 2010
8. Su Myo Thwe, FIQC, TUMSAT, 2011
9. Htun Thein, R&D, Hiroshima, 2012
10. ## ##, Aquaculture, Heroshima, 2013 – Resign
11. Saw Myat Lin, Aquaculture, Kagoshima, 2014
12. Nant Kay Htwe Moe, FIQC, TUMSAT, 2015

ရွေးချယ်နည်းကတော့အသက်၃၅နှစ်အောက် မာစတာ M.Sc ဘွဲ့ ရပြီးသားလူ ဖြစ်ရပါမယ်။ နှုတ်ဖြေအတွက်တော့ ဇီဝဗေဒဌာနက ပါမောက္ခအဖွဲ့က အင်တာဗျူးပါတယ်။ ရွေးချယ်ဖို့ ဘွဲ့လက်မှတ်မှာ ဂျီပီအေ GPA Grade 4 ရှိရမယ်လို့ သတ်မှတ်ထားပေမဲ့၊ နောက်ပိုင်း ဌာနဆိုင်ရာက မလိမ့်တပတ်နဲ့ ရိုးရိုးဘွဲ့ရသူတွေကိုလည်း လျှောက်ခိုင်းတဲ့အခါ ရွေးချယ်အဖွဲ့က အားလုံးကို ပယ်လိုက်ပါတယ်။ 

ပညာသင်ရွေးချယ်ရေးစနစ် ခြစားမှုဖြစ်လာလို့ ပညာသင်ခေါ်ယူမှု ရပ်ဆိုင်းလိုက်ပါတယ်။ DoF ပညာသင်ဆု နောက်ဆုံး ပါရဂူဘွဲရ့သွားတဲ့ နန့်ကေသွယ်မိုး ဖြစ်ပါတယ်။ ၁၂ဦး ရွေးချယ်ခဲ့တာ ၉ယောက် ၈၀% ပါရဂူဘွဲ့ရရှိတယ်ဆိုတော့  အောင်မြင်ပါတယ်။

 

TUMSAT ဆိုတာ ရေလုပ်ငန်းတက္ကသိုလ်ဖြစ်ပါတယ်။ မြန်မာအစိုးရဝန်ထမ်းများကို ဂျပန်ပညာသင်ဆုများစွာ ခေါ်ယူလျှက်ရှိပါတယ်။ ဥပမာ မွေးကု/ မွေးဆေး၊ အင်ဂျင်နီယာ၊ စီးပွားရေး၊ ဝိဇ္ဖာသိပ္ပံပညာရပ်များ၊ အုပ်ချုပ်ရေးပညာ၊ ပညာရေးကျောင်းဆရာများ..စသဖြင့် နှစ်စဉ်ဆက်တိုက် ခေါ်ယူနေဆဲ၊ သင်ကြားနေဆဲဖြစ်ပါတယ်။ တိုးတက်တဲ့ နိုင်ငံများမှာ ပညာချွန်ဆု အမြောက်အများပေးသလို၊ ပညာသင်ဆု ဆိုတဲ့ Education Grant ပိုပြီးများပြားစွာ ပေးပါတယ်။ စင်ကာပူက ပိုလီဒီပလိုမာကျောင်းသားအားလုံးနီးပါး ပညာသင်ဆုရကြပါတယ်။ ထိုင်း၊ မလေးရှား နိုင်ငံတွေမှာ ပုဂ္ဂလိကတက္ကသိုလ် အမြောက်အများရှိပါတယ်။ 

ဥပမာ မလေးရှားက အစိုးရရေနံဓါတ်ငွေ့ကုမ္ပဏီ ပက်ထရိုနတ်တက္ကသိုလ် Universiti Teknologi Petronas အများအပြား မတည်ထားပြီး၊ ပညာသင်ဆုများစွာ ပေးပါတယ်။ ကျောင်းပြီးရင် အလုပ်အကိုင်ကောင်းလဲ ရပါတယ်။ မြန်မာလူငယ်များစွာလည်း ဒီလို နိုင်ငံတကာတက္ကသိုလ်များမှာ ပညာသင်ဆုနဲ့ပိုမိုသင်ကြားခွင့်ရလာဖို့ နိုင်ငံခြားပညာသင်ဖို့ ILBC ကောလိပ်၊ ချင်းတွင်းကောလိပ် စတဲ့ ပုဂ္ဂလိကကော်လိပ်များ ပိုပြီးအောင်မြင်၊  အရည်သွေးမြင့်လာဖို့  ကျောင်းသားများအတွက် နိုင်ငံခြားတက္ကသိုလ်များက ပညာသင်ဆုများများကို ရှာဖွေပေးဖို့ မျှော်လင့်ပါတယ်။

 စာတော်တဲ့ မြန်မာကျောင်းသားများ နိုင်ငံခြားစရိတ်မတတ်နိုင်ပါ။ ပညာလည်း သိပ်မထူးချွန်ပါ။ ဒါပေမဲ့ ကြိုးစားချင်စိတ်ကြီးပါတယ်။ ပညာသင်ဆုများများ ရရှိဖို့လိုပါတယ်။ ဒါတွေကတော့  မြန်မာအစိုးရခေါင်းဆောင်များ နောင်တရရင်တော့ မကြာမီနှစ်တိုအတွင်း မြန်မာကျောင်းသားလူငယ်များ အတွက် တကယ်ဖြစ်လာမဲ့၊ အိပ်မက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံပညာရေးဘတ်ဂျတ်ကို ဘယ်လိုသုံးစွဲနေကြပါသလဲ ?

ဒီမေးခွန်းကို ဖြေရမယ်ဆိုရင်၊ သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက်ပိုင်း အစိုးရပညာသင်များ ဘယ်နှစ်ယောက်လွှတ်ခဲ့သလဲဆိုတာ ပွင့်လင်းမြင်သာမှု လုံးဝမရှိတဲ့၊ သိသူဖော်စား ဆိုတာမျိုး ဖြစ်နေပါတယ်။  ၂၀၀၀ ခုနှစ်လောက်က စင်ကာပူပေါ်လီဒီပလိုမာအတွက် ဆယ်တန်းမှတ် ဂုဏ်ထူး၎ဘာသာလောက် အနည်းဆုံးပါမှ လျှောက်ခွင့်ရပါတယ်။ ထုံးစံအတိုင်း မြန်မာနိုင်ငံစာစစ်ဌာနမှာ ဆယ်တန်းအောင်အမှတ်တွေ ပြင်ဆင်တဲ့ မလိမ့်တပတ်ဖြစ်ခဲ့ပါတယ်။ ငွေပေးပြီး အမှတ်တွေ ၆ဘာသာဂုဏ်ထူးတွေချည်းဖြစ်လာပြီး၊ နှစ်စဉ် မြန်မာနိုင်ငံက မလိမ့်တပတ် ရောက်လာတဲ့ကျောင်းသားတွေ စာမေးပွဲတဘုန်းဘုန်းကျ၊ ဒီပလိုမာတောင် မရတာတွေ သိပ်များလာလို့ စင်ကာပူပေါ်လာ ပညာသင်ရွေးချယ်ရေးအဖွဲ့ကိုယ်တိုင် ရန်ကုန်သွားပြီး၊ ရွေးချယ်ရပါတယ်။ အမှတ်နဲ့မရွေးပဲ၊ လူတွေ့နဲ့ရွေးရပါတယ်။ ၁၀တန်းမေးခွန်းတောင် အတိအကျ၊ မေးခွန်းပေါက်တဲ့ ခေတ်ကာလ ရောက်ခဲ့ပါတယ်။ အခုတော့ ပြန်လည်ကောင်းမွန်စ ပြုလာပြီလို့ ဆိုနိုင်ပါတယ်။ 

ဒါပေမဲ့ ကျောင်းသားတွေနဲ့ပညာရှင်များက ပညာရေးမူဝါဒကို သပိတ်မှောက်နေရတဲ့ ၂၀၁၅ ကျောင်းသားသပိတ် ပေါ်လာခဲ့ပါတယ်။

မြန်မာနိုင်ငံ ပညာရေးဘတ်ဂျတ်ကို ဒီနှစ် ၂၀၁၅မှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်ကို မီဒီယာမေးမြန်းခဲ့တဲ့ ပညာရေးဘတ်ဂျတ် သုံးစွဲမည့်အခြေ အနေနှင့် ပတ်သက်ပြီး မေးခွန်းအပေါ် ပြန်လည်ဖြေကြားရာမှာ …

”ကျွန်တော်တို့ရဲ့ ပညာရေးဟာ  နောက်ကျကျန်နေတာတော့ အမှန်ပါပဲ။ အဲဒါကလည်း အကြောင်းကြောင်းတွေ အများကြီးရှိပါတယ်။ ဘယ်သူ့ ဘယ်သူကိုမှ ကျွန်တော်တို့ အပြစ်တင်ဖို့မလို ပါဘူး” လို့ ပြောပါတယ်။ 


ဒါကြောင့် ၂၀၁၄ တုန်းက အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ဆုံ၊ ပညာရေးမြှင့်တင်ဖို့အတွက် ပြောဆိုခဲ့ကြောင်း၊ အမေရိကန်နိုင်ငံက နာမည်ကြီးတက္ကသိုလ်များတွင် မြန်မာကလေးများကို ပို့ချင်ကြောင်း ပြောဆိုခဲ့တယ်လို့ သမ္မတက ပြောပါတယ်။ ထို့ပြင် ဂျွန်ဟော့ကင်း တက္ကသိုလ်ကို မြန်မာနိုင်ငံမှာ လာရောက်ဖွင့်လှစ်ဖို့အဲဒီတက္ကသိုလ်ကို တင်ပြခဲ့တယ်လို့ ဆိုပါတယ်။  လူ့စွမ်းအား အရင်းအမြစ်တွေ မလုံမလောက်ကြောင်း ပြောပေမဲ့ လက်တွေ့မှာတော့ ပညာရေးဘတ်ဂျတ်ဟာ ပညာသင်ဆု၊ ပညာသင်စရိတ် လုံးဝမသုံးပဲ၊ တပြည်လုံးမှာ အဆောက်အဦတွေချည်း နင်းကန်ဆောက်နေကြတာ ဝမ်းနည်းဖွယ်ရာ လက်တွေ့ဖြစ်နေပါတယ်။ 

ပညာရေးဘတ်ဂျတ် ကန်ဒေါ်လာ သန်းပေါင်းများစွာ ချပေးလိုက်တယ် ဆိုတာနဲ့၊ တက္ကသိုလ်ကောလိပ်ကနေ မူလတန်းကျောင်းအထိ ၊ အားလုံးသော တာဝန်ရှိ ပညာရေးဝန်ထမ်းများနဲ့ အာဏာပိုင်များရဲ့ ဘတ်ဂျတ်သုံးစွဲမှုက …


၁။ အဆောက်အဦ

၂။ အဆောက်အဦ

၃။ အဆောက်အဦ .. ဖြစ်နေတာ …  အလွန် ကြေကွဲ ဝမ်းနည်းစရာဖြစ်နေပါတယ်။ 

အဆောက်အဦ ဆောက်လုပ်ရင် မြန်မာပြည်မှာ ကန်ထရိုက်တာများနဲ့ပေါင်းလုပ်ပြီး အလွန်အမြတ်အစွန်းရပါတယ်။ ဘိလပ်မြေ၊ အုတ်သဲကျောက် ဈေးနှုန်းများဟာ အိမ်နီးချင်း ထိုင်း၊ မလေးရှား နိုင်ငံများထက် ၂ဆမက ဈေးကြီးနေပြီး၊ ထိုင်းနိုင်ငံမှာ ကျောင်းတစ်ခု ဆောက်စရိတ် ကန်ဒေါ်လာ ၁သန်း ကျသင့်မယ်ဆိုရင် မြန်မာပြည်မှာ အနည်းဆုံး ၂ဆ ပိုပြီးကုန်ပါတယ်။ အဲဒီ ပိုကုန်တဲ့ငွေတွေ ဘယ်နေရာကို ရောက်သွားပါသလဲ မေးခွန်းကို ဖြေရရင်တော့ လွှတ်တော်ဥက္ကကြီး ပြောတဲ့ ဇီးသီဗန်းမှောက်သလိုပဲ ဖြစ်မှာပါ။

ဘာကြောင့် ပညာတော်သင်စရိတ်၊ လူသားအရင်းမြစ် ပေးခြင်းကို မလုပ်ကြပါသလဲ။ 

မ.ဆ.လ အစိုးရလက်ထက်မှာတောင် တက္ကသိုလ်ပညာသင်ဆု အမြောက်အမြား ပေးအပ်ခဲ့ပေမဲ့၊ အခုခေတ်တော့ ပညာသင်ဆု ဆိုတာ ရပ်ရွာကထောက်ပံ့တဲ့ ဆုပဲဖြစ်နေပါတယ်။

အစိုးရကိုယုံကြည်မှု သုညလား …


အစိုးရကို နိုင်ငံခြား ဘယ်တက္ကသိုလ်မှာ မယုံပါဘူး။ ပညာတော်သင် ရွေးချယ်ရင်လဲ ပညာတော်ပြီး၊ ငွေကြေးမတတ်နိုင်တဲ့ ကျောင်းသားများကို နိုင်ငံခြားတက္ကသိုလ် ကိုယ်တိုင် လာရွေးချယ်ကြပါတယ်။ အဲ..အစိုးရအရာရှိတွေ ဝင်လာရင်တော့ ပျက်တော့တာပါပဲ။ 

ဒါကို နိုင်ငံတော်သမ္မတကြီးက ကောင်းကောင်း နားလည်လို့၊ ပုဂ္ဂလိကကျောင်း ဥပဒေကို အတည်ပြုခဲ့ပါပြီ။ မြန်မာပြည်ရဲ့ အနာဂါတ်ပညာရေးဟာ ပုဂ္ဂလိကကျောင်းများကို နေရာပေးရပါတယ်။ အစိုးရအရာရှိများကို လုံးဝယုံကြည်မှု မရှိတော့ပါဘူး။ မယုံကြတော့ဘူး ဆိုတော့ လွှင့်ပစ်ရပြီလား မေးရင်၊ မဟုတ်ပါဘူး။ လောကအလင်း၊ ဖယောင်းတိုင်လိုလူမျိုး၊ ဆားလို အရသာကိုပေးတဲ့ လူမျိုးတွေ အစိုးရဝန်ထမ်းများမှာ ရှိနေပါတယ်။ သုည တော့မဟုတ်ပါဘူး။

လောကအလင်း အစိုးရဝန်ထမ်းများ

ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းအရေအတွက်၊ အချက်အလက်များ ဖြစ်ပါတယ်။

ကျောင်းဆရာ/မပေါင်း
မူလတန်း – ၁၈၄,၄၆၅ (တသိန်း၈သောင်း)
အလယ်တန်း – ၆၈,၁၀၈
အထက်တန်း – ၂၇,၃၁၁
စက်မှုအထက်တန်း – ၁,၀၁၃
စိုက်ပျိုးသိပံ္ပ – ၂၄၀
GTC – ၂,၃၈၈
သူနာပြုအတတ်သင် – ၂၂၇
တက္ကသိုလ်များ – ၂၆,၂၄၂ (၁၅၉ခု)

ကျန်းမာရေး
ဆရာဝန်ပေါင်း (အစိုးရ) – ၁၁,၉၇၃
သွားဆရာဝန် – ၈၈၀
ကျန်းမာရေးမှုး – ၁,၉၅၂
ကျန်းမာရေးဆရာမ၊ သွားဘက်သူနာပြု၊ – ၄,၀၀၀ ခန့်
သူနာပြုဆရာမပေါင်း – ၁၈,၀၅၀

အထက်ပါ အရောအတွက်ဟာ နိုင်ငံဝန်ထမ်းချည်းဖြစ်ပါတယ်။ (2012 data).  ပုဂ္ဂလိကနဲ့သမ၀ါယမ ၀န်ထမ်းတွေပေါင်းရင် ၂ဆ အရေတွက်များပါတယ်။

သူတို့အတွက် လစာ ဘယ်လောက်ပေးတယ်ထင်ပါသလဲ။ ဆရာဝန်မှ ကျပ်တစ်သိန်းတောင် လစာမရပါ။ သူနာပြုဆရာမများဟာ အပြင်မှာလုပ်ကိုင်စားလို့ ရပါတယ်။ ကိစ္စမရှိပါဘူး။ ကျောင်းဆရာ၊ ဆရာမများကတော့ ပညာရေး စံပြပုဂ္ဂိုလ်များ မိဘ၊ဆရာ လေးစားရမဲ့အဆင့်ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းသားများထံက အခကြေးရယူနေခြင်းကို ရပ်တန်းရပ်ဖို့ ပညာရေးဘတ်ဂျတ် အများဆုံးကို ဆရာ၊ဆရာမများရဲ့ စားဝတ်နေရေးမှာ သုံးနိုင်ရပါမယ်။ 

ဥပမာ ဆရာ၊ဆရာများရဲ့ လစာ၊ ကျပ်တစ်သိန်း၊ နေစရိတ်၊ စားစရိတ် ကျပ် ၁သိန်း(အပိုကြေး) ပေးတဲ့နည်းနဲ့ လူသားအရင်းအမြစ်ပြုစုနိုင်ရပါမယ်။ ဆရာများ စားဝတ်နေရေး လုံလောက်မှ၊ သူတို့ ပူပင်မှုမရှိပဲ ပညာသင်ပေးနိင်မှာပါ။ ဒါမှ ပညာရေးစနစ်လည်း တကယ်တိုးတက်လာမှာ ဖြစ်ပါတယ်။

ဝန်ထမ်းမျာတွေကို လစာထက်၊ အခွင့်ရေး Benefits များ ဖန်တီးပေးခြင်းလုပ်နိုင်ပါတယ်။ ၀န်ထမ်း ၃သိန်းအတွက် တစ်နှစ် 300,000 x US$ 500 x 12 months = US$ 1.8 billion ကုန်ကျမည်ဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏ လက်ရှိ GDP သည် US$ 60 billion ဆိုပါက အိမ်နီးချင်းနိုင်ငံများကဲ့သို့ tax 15% ။ ကောက်နိုင်လျှင် စုစုပေါင်း ကန်ဒေါ်လာ ၉ဘီလျံ ရမှာဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံလို ဘတ်ဂျတ်ရဲ့ ၂၀% ပညာရေးမှာ သုံးဖို့လဲ လိုပါတယ်။ အခွန်ကောက်စနစ်နဲ့ဘတ်ဂျတ်သုံးစနစ်ကို Good Education & Good Attitude လူတော်လူကောင်းများပဲ လုပ်နိုင်ပါတယ်။ ဒါတွေကတော့ စိတ်ကူးယဉ်ဖြစ်နေပေမဲ့ လက်တွေ့လဲ ဖြစ်နိုင်ပါတယ်။

အကောင်းဆုံးသော ရင်းနှီးမြှတ်နှံမှုဟာ ပညာရေးပဲ ဖြစ်ပါတယ်။  အဆောက်အဦ မဟုတ်ပါဘူး။ ပညာသင်ဆု ပေးခြင်းဖြစ်ပါတယ်။ စင်ကာပူမှာ စီးပွားရေးလုပ်ဖို့ ဘဏ်ချေးငွေ ရဖို့မလွယ်ပါ။ ပညာသင်စရိတ် ချေးငွေ အလွယ်တကူရပါတယ်။ ဆရာများ၊ ကျောင်းသားများကို ငွေအကုန်ခံ ပျိုးထောင်ပေးတဲ့ မိဘတိုင်း၊ အသီးအပွင့်ခံစားရသလို၊ ပညာကို လိုလားတဲ့ နိုင်ငံတိုင်း အသီးအပွင်များစွာ ခံစားရပါတယ်။ 

စကားမစပ် … နိုင်ငံတကာမှာ ကျောင်းဆရာများဟာ လစာနည်းရင်သာ ရှိမယ်။ စားဝတ်နေရေးကို အစိုးရက တာဝန်ယူပေး ထားပါတယ်။ စင်ကာပူမှာဆို ကျောင်းဆရာ ကနဦးလစာ ကုမ္ပဏီများထက် အမြင့်ဆုံးပေးပါတယ်။

နိဂုံး (ဂုဏ်ပြုမှတ်တမ်း)

နန့်ကေသွယ်မိုး နဲ့ မစု နှစ်ယောက်ကို မြန်မာ့အလင်း ဆောင်ယူတဲ့ ကြယ်ပွင့်များအဖြစ် မှတ်တမ်းတင်ပါတယ်။ သူတို့လို မြန်မာလူငယ်များစွာ ပြည်တွင်း၊ ပြည်ပတွေမှာ ရှိနေကြပါတယ်။ ဒီလိုလူမျိုးတွေကို မြေတောင်မြှောက်ပေးရပါမယ်။ ပုဂ္ဂလိက နိုင်ငံခြား၊ ပြည်တွင်း ပညာသင်ဆု၊ ပညာချွန်ဆုများစွာ မြန်မာနိုင်ငံကို ရောက်လာနေပါတယ်။ မြန်မာနိုင်ငံရဲ့ လူရွေးချယ်မှုစနစ်ကို ယုံကြည်လာဖို့ ချစ်ခြင်းမေတ္တာ၊ ရွှင်လန်းမှု၊ ငြိမ်းချမ်းမှုများ ပေးနိုင်တဲ့ စာရိတ္တကောင်းမွန်တဲ့ လူငယ်မျိုးဆက်သစ်တခု Myanmar Good Attitude အဟုန်ပြင်းစွာ ပေါ်ထွက်လာပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံကို အမှောင်ခွင်း၊ အလင်းကို ဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်လို ကမ္ဘာက လေးစားရတဲ့ ခေါင်းဆောင်လဲ မြန်မာပြည်မှာ ရှိနေပါတယ်။ သူတို့ကို တစိုက်တမတ် အားပေးဖို့ မျှော်လင့်ချက်များစွာနဲ့ နန့်ကေသွယ်မိုး ကို ဂုဏ်ပြုလိုက်ပါတယ်။ 

 ဇော်အောင်(မုံရွာ)

Reference:
Nant Kaythwe  ဓါတ်ပုံ-သူ့ဖေ့စ်ဘုတ် နန့်ကေသွယ်မိုးနှင့်မစု
DoF :  မြန်မာ၊ ငါးလုပ်ငန်း … Department of Fisheries (DoF)
Aquaculture: ငါးပုဇွန်မွေးမြူရေး  farming of aquatic organisms such as fish, crustaceans, molluscs and aquatic plants.
FIQC :  ငါး-အရည်သွေးထိန်းခြင်း၊ Fish Inspection and Quality Control
Tax per GDP: တိုးတက်နိုင်ငံများမှာ Tax per GDP 40% အထိ ကုမ္ပဏီကြီးများထံမှ အခွန်ဘဏ္ဍာရရှိပါတယ်။ မြန်မာနိုင်ငံက 4% ပဲကောက်နိုင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts