ရသဆောင်းပါးစုံ

နီနီမာ – မရွတ်ချင်တဲ့ကဗျာ နဲ့ ရွတ်ချင်တဲ့ကဗျာ

 

နီနီမာ – မရွတ်ချင်တဲ့ကဗျာ နဲ့ ရွတ်ချင်တဲ့ကဗျာ
(မိုးမခ) မတ် ၁၉၊ ၂၀၁၅

ညက ရှောင်တိမ်းနေရတဲ့ သပိတ်မှောက်ကျောင်းသားလေးတယောက်ရဲ့  စတေးတပ်တချို့ကို ဖတ်မိရင်း ကြေကွဲ..။ ကိုယ့်သားလေးအရွယ်မို့  သူ့မေမေကို သူ..ယုံကြည်ချက်တွေ  မအောင်မြင်မချင်း.. အိမ်မပြန်နိုင်သေးတဲ့ အကြောင်းရေးထားတဲ့ စာတွေကို ဖတ်ရင်း.. စာနာမျက်ရည်တွေဝဲ။

ကဗျာလေးတပုဒ်ကို သွားသတိရမိတယ်..။ ၈၈ အရေးတော်ပုံအပြီးမှာ မဂ္ဂဇင်းတစောင်ထဲမှာပါတဲ့  ဆရာကြီး မောင်လင်းယုန်(ရှမ်းပြည်) ဘာသာပြန်ထားတဲ့ ကဗျာပါ..။ စာပေကင်ပေတိုင်တွေ ဆင်ဆာဖြတ်ပြီး  ငွေမှင်သုတ်ထားတဲ့အောက်ကနေ  ရအောင် ကူးထားမိတာကို
မှတ်စုစာအုပ်ထဲမှာ ပြန်ရှာမိတယ်။ William  Barnes ရဲ့ The  mother’s  dream  တဲ့။ ဆရာကြီး မောင်လင်းယုန်က… မေမေ့အိပ်မက်.. လို့ ဘာသာပြန်ထားတယ်..။

” မေမေ့အိပ်မက်”
(မောင်လင်းယုန် (ရှမ်းပြည်)

သည်ည ..ကျမအိပ်မောကျစဉ်
အိပ်မက်မြင်ခဲ့ရ

ရင်တွင်းအသည်းခိုက်ကြေကွဲစရာ
ခုတိုင်..ကျမ ငိုနေဆဲပါ။

ကျမ  ပူမှုပွားအောင်ထားရစ်ခဲ့တဲ့
ကျမရဲ့  ရင်နှစ်သည်းခြာ၊ သူ့ ရုပ်ပုံလွှာ
အော်..သည်ရင်သွေး၊ ကျမ မွေးပါရက်
မကျွေးသာတဲ့  မယ့်သည်းခြာ။

ကောင်းကင်ဘုံမြင့်အတွင်း
ချင်းနင်းဝင်ကာ ကျမရဲ့ကလေးကို  ရှာစဉ်
ညင်ညင်သာသာ  သန့်သန့်ကြည်ကြည်
ကလေးများ  လာခဲ့ကြ  အစီအရီ။

အဖြူရောင်ဝတ်စုံကိုယ်စီ
လက်မှာကိုင်စွဲ လင်းထိန်တဲ့ မီးအိမ်ကလေးတွေကလည်း
ကိုယ်စီကိုယ်ငှ
ခွဲခွဲခြားခြား  ပြတ်ပြတ်သားသား   မြင်ရသော်ငြား
စကား သူတို့ မဆိုရှာကြ။

အဲဒီနောက်မှာတော့
ကြေကွဲဝမ်းနည်းနေတဲ့ ကျမရဲ့  ကလေး
သူကလေးရဲ့  အလှည့်ရောက်လာတော့
အို… သူ့မီးအိမ်မှာ  မီးငြိမ်းနေပါပေါ့။

ထွက်မဲ့ဟန်အပြင်မှာ
ကျမရဲ့ သံသယကို ခြေဖျက်ဖို့ ပြောခဲ့ပေ
“မေမေ့ မျက်ရည်ကြောင့်  ငြိမ်းတာပါလေ … ဘယ်တော့မှ မငိုပါနဲ့ မေမေ” … တဲ့။

ကျမသည်ကဗျာကို အသံထွက်..  မရွတ်ချင်ဖူး..။ စိတ်ထဲမှာ သိမ်းထားလိုက်တယ်..။ ဟောင်းနွမ်းဝါကျင့်နေတဲ့ မှတ်စုစာအုပ်ရဲ့ 
နောက်နားခပ်ကျကျမှာ ဆရာမောင်ဒီရဲ့ ကဗျာတပုဒ်ကို ကူးထားတာတွေ့ပြန်တယ်။

“သိမ်းငှက်တို့ရဲ့ သဘာဝ” … တဲ့

သိမ်းငှက်ပျိုတို့ရဲ့ 
ဘ၀အစ ဆိုတာ
ဟို… သစ်ပင်အိုကြီးများရဲ့ 
ထိပ်ဖျားလောက်ကနေ
အောက်ကို… ခုန်ချလိုက်တာပဲ …။

အဲဒီအခါမှာ …
ငှက်ငယ်ဟာ  ကြောက်လန့်တကြားနဲ့
တအား အော်ဟစ်ရင်း
အတောင်များကို
ဖြန့်ကားလိုက်ရာမှာ
အာကာသထဲမှာ
သူ့ရဲ့ အသည်းနှလုံးဟာ
ဗြုန်း.. ဆို  ပြောင်းသွားခဲ့တယ်လို့
တို့ အဘိုးက
ကွမ်းတရိုးဝါးရင်းနဲ့
ပြောပြခဲ့ဖူးတယ်။   ။

(မောင်ဒီ) …တဲ့။

ကျမ..ဒီကဗျာကို  သိမ်းငှက်ကလေးတွေ ကြားအောင်..အကျယ်ကြီး ဌာန်ကရိုဏ်းကျကျ   အော်ဟစ် ရွတ်လိုက်ချင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts