ဖိုးထက် သရော်စာ

ဖိုးထက် – ဒေါ်စု အစ်စ် ဒေါ်စု

ဖိုးထက် – ဒေါ်စု အစ်စ် ဒေါ်စု
(မိုးမခ) မတ် ၁၈၊ ၂၀၁၅

“ကြောင် ကြာကြာ ရေမငုပ်ပါဘူး မသူ ရာ”

“ ရှင့်ကြောင်က စူဠလိပ်နဲ့ ပြီတီတီ နန့်တန့်တန့် နေခဲ့တဲ့ ကြောင်လားမှ မသိတာ။ အခုတော့ ဒီအကောင်တွေဘဲ ကောင်းစားနေတယ် ကိုသောင်းရဲ့”

မသူဇာ နှင့် ကိုသောင်းမြင့် တို့ လင်မယားစုံတွဲမှာ နှစ်ဦးသား ဂဟေဆက်၊ သဘောညီ၊ တူညီစွာ ကြည်နူးကြသောအခါ ကိုသောင်းမြင့်က မသူဇာကို သမီးရည်းစား ဘ၀က ခေါ်သလို မသူ ဟု ခေါ်သလို မသူဇာကလဲ ကိုသောင်းဟု လေးလေးစားစား ခေါ်ဝေါ် ကင်ပွန်းတပ်လေ့ ရှိကြသည်။

အခုလဲ ဘာတွေကို သဘောညီနေကြသနည်းဟု အမေးရှိသော်…

ကျောင်းသားလေးတွေကို စစ်သား အရေခွံ့လဲ အစိုးရက မလှိမ့်တပါတ်ဖြင့် အကြမ်းမဖက်ပါဘူး အတန်တန် ကတိပေးထားပါရဲ့နှင့် လမ်းဘေးမှာ ရန်ဖြစ်သလို ၀င်ပြီး ရိုက်နှက်တာကို ကြည့်ပြီး အတူတူ အော်ဂလီ ဆန်နေကြခြင်း ဖြစ်သည်။ ကိုသောင်းမြင့်က သောက်ကျင့်ယုတ်တဲ့ အစိုးရ မကြာခင် ၀ဠ်အကြီးကြီး လည်လိမ့်မည်ဟု ဗေဒင်ဖတ်နေခြင်း ဖြစ်သည်။ ကျောင်းသားတွေ အလှည့် ရောက်ရအုံးမှာပေါ့ကွာဟု Life is circle ဆိုသည့် သဘောကို ပြောနေခြင်း ဖြစ်သည်။ မသူဇာကတော့ သိပ်ပြီး စိတ်ရှည်တာ မဟုတ်။ ပြောလဲ ပြောချင်စရာ။ သူတို့ဘဲ ကောင်းစားပြီး ပြည်သူလူထု၊ ရဟန်းရှင်၊ ကျောင်းသား အကုန်လုံးကို အနိုင်ကျင့် ဗိုလ်ကျနေခြင်း မဟုတ်လား။

တကယ်ကျတော့ ကိုသောင်းမြင့်နှင့် မသူဇာမှာ နိုင်ငံရေးမှာ သိပ်ပြီး သဘောညီကြတာတော့ မဟုတ်။ စစ်အစိုးရကို မုန်းတာခြင်း တူညီပေမယ့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတ်သက်လာလျှင် သဘောကွဲကြသည်။ ကိုသောင်းမြင့်က ဒေါ်စုသည် သိပ်ပြီး အားကိုးလို့ မရ။ ပျော့လွန်းသည်။ မှန်လွန်းသည် လို့ ထင်သည်။ ပြောသင့် ပြောထိုက်သည့် စကားတွေကို ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဆိုသည့် ဂုဏ်ပုဒ်ကြီးကို အားနာပြီး၊ ငဲ့ကွက်ပြီး မပြောဘူးလို့ ထင်မြင်သေးသည်။ ဥပမာအားဖြင့် ရခိုင်အရေး။ မွတ်ဆလင်တွေကို နှိပ်ကွပ်သင့်တယ်လို့ ကိုသောင်းမြင့်က ထင်သည်။ ထို့ကြောင့် ဒေါ်စုက မွတ်ဆင်လင်တွေကို နှိပ်ကွပ်သော စကားလေးတစ်ခွန်းသော်မှ မပြောနိုင်ခြင်းကို မချင့်မရဲဖြစ်သည်။ သူ့စကား တစ်ခွန်းဟာ တစ်ကမ္ဘာလုံးက နိုင်ငံရေး ခေါင်းဆောင်တွေ၏ အတွေးအမြင်ကို ပြောင်းလဲ နိုင်ပါလျက်ကယ်နှင့် တုံဏှိဘာဝေ လုပ်သည်လို့ မြင်သည်။ ထင်သည်။

ကိုသောင်းမြင့် ဒေါ်စုကို မကြည်ဆုံးက မဘသ ကိစ္စ။ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရာမှာ ဘယ်သူ့မျက်နှာမှ ကြည့်စရာမလိုဘူး ဖြစ်ပါလျက်နှင့် ဒေါ်စုက ဆန့်ကျင်သည့် သဘော ပြောထွက်တာကို ရင်နာလို့မဆုံး။ ဒေါ်စုရဲ့ အရည်အချင်း၊ ဥာဏ်ပညာကို ကိုသောင်းမြင့်က ယုံပေမယ့် ဒီ မဘသ ကိစ္စမှာ ဘယ်လိုမှ နားလည်ပေးလို့ မရ ဖြစ်ခဲ့သည်။ ဒါကြောင့် ဒေါ်စုဆိုလျှင် ကိုသောင်းမြင့်က သိပ်အစာကြေတာ မဟုတ်။

မသူဇာကတော့ ရှင်းသည်။ ဒေါ်စုကိုယုံသည်။ ဒေါ်စု ပြောစကားတွေဆိုလျှင် အလွတ်ရလုနီးပါးဖြစ်အောင် အလွတ်ရနေတတ်ပြီး ယုံလို့ ပုံအပ်ထားသော သူဖြစ်သည်။ ခေါ်တာတောင်မှ မေစု၊ မေစု ဟု ချစ်စနိုး ကင်ပွန်း တပ်သောကြောင့် ကိုသောင်းမြင့်က “ငါ့အမေကျတော့ မင်းက အန်တီလို့ ခေါ်တယ်။ မင်းရှိလို့ ရှိနေမှန်းတောင် မသိတဲ့ ဒေါ်စုကျတော့ တစ်မေတဲ့ မေနေတာပါလားကွ” ဟု စကားနာ ထိုးတတ်သည်။ မသူဇာကတော့ ကိုသောင်းမြင့် မကျေနပ်လို့ လေဖြတ်ချင်ဖြတ်။ ဒေါ်စုမှ ဒေါ်စု။ ဒေါ်စု၏ သဲသဲလှုပ် ပရိတ်သတ်။ “ဒေါ်စု ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရထားတာ အိုဘားမား ရသလို မျက်နှာလို မျက်နှာရ ရထားတဲ့ ဆုကြီး မဟုတ်ဘူးတော့။ သူပြောတဲ့စကား၊ သူ့နိုင်ငံရေး သက်တမ်း တစ်လျှောက် လိုက်ကြည့်လိုက်စမ်းဘာ။ သူ့အသက် ရန်ရှာတဲ့ လူတွေတောင်မှ အပြစ်ရှာစကား မပြောတာ ရှင်တို့လို ကြောင်တောင်တောင် မဘသ ဆိုပြီး ခါတော်မှီ လုပ်စားတဲ့ အဖွဲ့သဘောကျ လိုက်ပြောရမယ်ဆိုတာကတော့ ကိုသောင်းရယ် ဒုက္ခကြီးလိုက်ပါဘိတော့” ဟု နှိပ်ကွပ်သောအခါ ကိုသောင်းမြင့် တို့ လင်မယား စကားမပြောဘဲ နေကြတာ လချီကြာသည်။

လူ့ဘ၀ဆိုတာ ဘုံလုံတစ်လှည့် ငါးပျံတစ်လှည့်သာ ဖြစ်သည်။ မသူဇာက လက်ရှိ စစ်သားလူထွက် အစိုးရ၏ လုပ်ရပ်များကို သဘောမကျ အမုန်းကြီး မုန်းပြီး ပြစ်ပြစ်နှစ်နှစ် အမုန်းဖြင့် ဝေဖန်သောအခါ ကိုသောင်းမြင့်က “ဟ မင်းအမေစုကိုယ်တိုင်တောင် မေတ္တာတရား ရှေ့ထားပြီး ဒီလူတွေကို ဆက်ဆံနေတာဘဲကွာ။ မင်းက ကြားထဲက ငထွား ခါးမနာစမ်းပါနဲ့။ မင်းတို့ ခေါင်းဆောင်ကြီးအတိုင်း မေတ္တာထားစမ်းပါ။ ဟဲ….ဟဲ….ဟဲ” ဟု ပြောတော့ မသူဇာက တွေ့ကရာနဲ့ ကောက်ပေါက်တာ ခံရသည်။

တစ်ခါတော့ မသူဇာက သူ့အလုပ်အတွက် under table ခေါ် အကျင့်ပျက် ချစားခြင်းကို သွယ်ဝိုက်အားပေးသည့် သဘောရသည့် လာဘ်ပေး လာဘ်ယူ ကိစ္စတစ်ခု ပြုမူမိတော့ ကိုသောင်းမြင့်က မသူဇာကို ပါယ်ပါယ်နှယ်နှယ်ကြီး တွယ်သည်။ “ခေါင်းဆောင်က အကျင့်ပျက် ချစားကို တိုက်။ နောက်လိုက်တွေက အကျင့်ပျက် ချစားတာတွေ သွယ်ဝိုက်အားပေး။ ကောင်းသေးကွာ။ ဒါများ ဒေါ်စုနောက်လိုက်ဆိုပြီး မေစု မေစု ခေါ်နေတာ ငါဖြင့် မင်းတို့ အစား မျက်နှာတောင် ဘယ်နား သွားထားရမှန်း မသိဘူး” ဟု ပြောမိသည်။

မသူဇာက ကက်ကက်လန် စွာသူဘဲ။ “ရှင့်မျက်နှာ ထားစရာ နေရာ မရှိရင်ပြော။ ကျွန်မ နေရာချပေးမယ်။ ဒီနိုင်ငံမှာ ဘယ်လိုမှ ရှောင်လို့ မရတဲ့ ကိစ္စတွေ ရှိနေသေးတယ်။ ကျွန်မ မလုပ်ရင် ၀င်ပြီး အခွင့်အရေးယူ လုပ်ကြမယ့် သူတွေ အများကြီး။ ကျွန်မ ရှာကျွေးတဲ့ ပိုက်ဆံနဲ့ ရှင့် အဖေနဲ့ အမေ အိုကံကောင်းနေတာ။ ကျေးဇူး မကန်းနဲ့။ ကျွန်မ ခပ်မှန်မှန်ကြီး လုပ်နေရင် ရှင်ကော ကျွန်မကော ရှင့်မိဘတွေကော အခုလောက်ဆို လမ်းဘေးမှာ မိသားစုလိုက် ပျော်ပျော်ကြီး ခွက်ဆွဲတောင်းနေရလောက်ပြီ။” ဟု မသူဇာက သူ့ဒေါသကို သူမထိန်းဘဲ မိဘကိုပါ ထိခိုက်ပြီး မိုက်မိုက်ရိုင်းရိုင်း ပြောတော့ သူတို့ လင်မယား ကွဲကြ၊ ပြဲကြမလိုအထိကို ဖြစ်ယူရသည်။ နှစ်ဖက်မိဘများက ၀င်ငေါက်မှ ပွဲပြီး မီးသေဖြစ်ခဲ့ရသည်။

သို့သော် အခုမှာတော့ နှစ်ဦး သဘောတူသည်။ ဘာအကြောင်းနဲ့မှ ကျောင်းသားတွေကိုလက်ပါစရာ မရှိလို့ နှစ်ဦးလုံး တွေးကြသည်။ အာဏာလုနေတာလဲ မဟုတ်။ ၄၃၆ ပြင်ခိုင်းတာလဲ မဟုတ်။ ၅၉(စ)ကို ထိတာလဲ မဟုတ်။ နောင်လာနောက်သားတွေအတွက် ပြင်သင့်ပြင်ထိုက်တာကို တောင်းကြတာလေးကို ဘာကြောင့် ဒီလောက် ခါးခါးသီးသီး ဖြစ်နေရတာလဲလို့ သူတို့ လင်မယား အတို့ အထောင်ဖြင့် စကားလက်စ မကုန် ဖြစ်ရသည်။ နောက်ပြီး ဘယ်က ကလေက၀ အုတ်ကြားမြက်ပေါက် ဓာတ်တိုင်ခေါင်းအုံး လမ်းဘေး အီးပါ ကျောက်ခဲနဲ့ အီးကုန်းမှန်း မသိသော လူများကို လက်ပါတ် အနီပါတ်ပြီး ကျောင်းသူလေးတွေပါ မချန် ခွေးရူးကိုက်သလို ၀င်ဆွဲတာကို လင်မယားနှစ်ယောက် ဒေါသထွက်လို့ မဆုံး။ မသူဇာက ပြစ်ပြစ်နှစ်နှစ်ကြီး ဆဲသည်။ ရစရာ မရှိအောင် ပြောသည်။ ဝေဖန်သည်။ ကိုသောင်းမြင့်က ၀ဠ်လည်အုံးမှာ ဒီကောင်တွေတော့ဟု ဘယ်တော့ ဘယ်အချိန် ဘယ်နေရာမှာ ဘွားခနဲ့ ပေါ်လာမည်မှန်း မသိသော ၀ဠ်နဲ့ ကို အားကိုးသည်။ ဘယ်လိုဘဲ ဖြစ်ဖြစ် ဒီကျောင်းသား အရေးမှာတော့ လင်နဲ့ မယား ရှေ့သွား နောက်လိုက် ညီကြပါပေသည်။

တစ်ရက်မှာတော့ မသူဇာ ဈေးက ပြန်လာပြီး မီးဖိုထဲမှာ ဟင်းချက်နေစဉ် ကိုသောင်းမြင့်က ဂျာနယ် တစ်စောင်ကို လက်က ကိုင်လာပြီး “ကိုင်း…မသူ..ရော့ ဒီမှာ ဖတ်ကြည့်စမ်း…မင်း မေစု ပြောတဲ့ စကား တယ် တရားကျဖို့ ကောင်း။ ဖတ်ကြည့်စမ်းကွာ” ဆိုပြီး ဂျာနယ်ကို လှမ်းထိုးပေးသည်။ မသူဇာ ဖတ်ကြည့်တော့ ဒေါ်စုက ကျောင်းသား အရေးမှာ အစိုးရနဲ့ ကျောင်းသား နှစ်ဖက်စလုံးကို မေးခွန်းထုတ်ရမယ်လို့ ပြောထားတာကို ဖတ်ရသည်။

မသူဇာ ကွက်ခနဲ့ မျက်နှာပျက်သွားသည်။ နောက်တစ်ခေါက် ပြန်ဖတ်သည်။ ပြီးတော့ ခေါင်း တစ်ငြိမ့်ငြိမ့် လုပ်ပြီး “ဒီမှာ ကိုသောင်းရဲ့ ဖြတ်ခနဲ့  ဖတ်ကြည့်လိုက်ရင်တော့ စိတ်ခုစရာဘဲ။ ဒါပေမယ့် သူက သူရှင့်။ Daw Su is Daw Su လို့ ပြောရမှာဘဲ။ သူက အသွေးထဲ အသားထဲကကို ပုဂ္ဂိုလ်ရေး မုန်းတီးမှု မရှိဘဲ စနစ်ကို တိုက်နေတဲ့ သူရှင့်။ ရှင်တို့ ကျွန်မတို့လို လူနဲ့ စနစ်နဲ့ ခွဲမရ ဖြစ်ချင်နေတဲ့ သူတွေ မဟုတ်ဘူး။ သူကတော့ ကျွန်မတို့ နိုင်ငံကို စနစ်ကောင်းကြီး တစ်ခုအပေါ်ကို ဆွဲတင်နေတဲ့သူရှင့်။ အခုလဲ ကျောင်းသားလေးတွေကို မေးခွန်းထုတ်မယ်ဆိုတာလဲ ကဖျက်ကယက် ပြောတာ မဟုတ်ပါဘူး။ နိုင်ငံရေးမှာ တစ်ခါတစ်ရံ ကိုယ်ဖြစ်ချင်နေတာ တစ်ခုတည်းကို ဇွတ်ခြေစုံကန်ပြီး ပေကပ်နေလို့ မရဘူး။ ပြောစရာ ရှိတာ ပြော။ တောင်းစရာရှိတာတောင်း။ ဒါပေမယ့် ကိုယ့် ပြိုင်ဘက်ကို ချောင်ပိတ် မရိုက်မိအောင် မေတ္တာနဲ့ နေကြပါလို့ ဆိုလိုချင်တဲ သဘောနေမှာပါ။” ဟု ပြုံးပြုံးကြီး ပြောသည်။

“ဒီမှာ မသူဇာ မင်းမလဲ ဒုက္ခကြီးလိုက်တာကွာ။ မင်း အမေစု ဘာလုပ်လုပ်။ ဘာပြောပြော မှန်တယ် ထင်နေတော့တာဘဲ။ ဒီကိစ္စမှာ ကျောင်းသားတွေဘက်ကို ဘာမေးခွန်းမှ ထုတ်နေစရာ မလိုဘူး။ ဟိုကလေးတွေ တောင်းနေတာ ရန်ကုန်ကို ၀င်မယ်။ ကလေးသဘာဝ သူတို့ ပန်းတိုင်ကို သူတို့ အရောက်သွားချင်တဲ့ သဘောဘဲ။ ဘာပေးမသွားစရာ ဘာရှိသလဲ။ ပေးမသွားတဲ့ အပြင် အရိုက်ပါ ခံလိုက်ရတဲ့ သူတွေကို မေးခွန်း ထုတ်ရမယ်ဆိုတာကြီး ဘယ်လို နားလည်ပေးရမလဲကွ။ ဒေါ်စုပါတဲ့ အီးတုံးတောင် ပုံလှတယ်။ အလုံး အရပ် အနေတော်ဘဲ ဆိုတဲ့ မင်းလို လူတွေကြောင့် ဒီအစိုးရ ဒီလို မိုက်ရိုင်းတာ။ ခွေးဇာတ်ခင်းနေတာကွ။”ဟု အနှောင့်အသွား မလွတ် မသူဇာရဲ့ မာနကိုပါ ထိခိုက်ပြီး ပြန်ပြောသည်။

မသူဇာသည် မသူဇာဖြစ်သည်။ သူ့မာနကို ထိခိုက်လျှင် အမေကိုတောင် မခံဘဲ သူ့အမေ လုံးဝ သဘောမတူသည့် ကိုသောင်းမြင့်ကို ရအောင် ယူထားသူဘဲ။ ဘယ်ခံလိမ့်မလဲ။

“ရှင်ဘာသိလဲ။ ဒီအစိုးရလူကြီးတွေက စစ်ဗိုလ်တွေရှင့်။ သူတို့ မျက်လုံးထဲမှာ ဦးရွှေရိုး ကတာတောင် ဒေါ်ရိုး မပါစေချင်တဲ့ လူတွေ။ လူတစ်ယောက်ထက် ပိုစုရင် သူတို့ အာဏာ၊ စည်းစိမ်ကို ထိပါးမယ့် လူတွေ စုပြီလို့ ထင်တဲ့ သူတွေ။ အခု ကျောင်းသားတွေ အရေး ပြည်သူလူထု တစ်ရပ်လုံးက ထောက်ခံ နေတယ်ဆိုတာ သိနေတော့ ရန်ကုန်လို မျက်စိကြီး နားကြီး နိုင်ငံရေးပွင့်ပြီးသားနေရာ၊ သံရုံးတွေရှိတဲ့ နေရာကို ဘယ်လိုလုပ်ဝင်စေချင်ပါ့မလဲ။ သူတို့ ဘယ်တုံးကမှ မလိုက်လျောဘူးတဲ့ ကိစ္စတွေကို လိုက်လျောထားပြီးပြီလို့ သူတို့က ထင်တာ။ သူတို့ မာနကို ထိပါးခံပြီး အတော်ကြီး သီးခံပြီး လိုက်လျောခဲ့ရတာ။ အခုရန်ကုန် ၀င်မယ့် ကိစ္စ၊ လူတွေ အုပ်လိုက်ကြီး ဖြစ်လာနိုင်တဲ့ ကိစ္စမှာ နှလုံးခုန်နှုန်းတွေ မြန်ပြီး နှလုံးသွေး ရပ်မလို သေမလို ဖြစ်နေတဲ့ ကိစ္စကို အထိမခံတဲ့ သဘောဘဲ။ ဒီလို ကျွန်မပြောလို့ ကျောင်းသားတွေကို ရိုက်တာကို မှန်တယ်လို့ ရှေ့နေ လိုက်ပေးနေတာ မဟုတ်ဘူး။ သူ့ဘက် ကိုယ့်ဘက် နှစ်ဘက် ကြည့်တတ်သူ တစ်ယောက်အနေနဲ့ မေးခွန်းထုတ်ရမယ်၊ စနစ်ကြီးကို တိုက်နေတဲ့ လူအတွက် ဒီလိုစကားပြောထွက်တာ ရှင်သာ ခပ်တုံးတုံးမို့ နားမလည်သာ။ ကျွန်မကတော့ ကျွန်မ မေစုကို လုံးဝနားလည်တယ်။ သဘောမကျပေမယ့် လက်ခံတယ်။” ဟု သူ့လင်တော်မောင်ကို ခပ်တုံးတုံးဟု ပြန်တွယ်သည်။

ဒေါ်စုက နှစ်ဖက်စလုံးကို မေးခွန်းထုတ်ရမည်ဟူသော စကားကြောင့် ဘယ်နိုင်ငံရေး အဖွဲ့အစည်းများ ဘယ်လို ဖြစ်ကြသည် မသိ။ ဘယ်လို ခံစားကြရသည် မသိ။ နောက်ဆုံးမှာတော့ ကိုသောင်းမြင့်တစ်ယောက်တော့ ညစာ ငတ်သွားသည်။ အဲဒီညက ကိုသောင်းမြင့် တစ်ယောက် ထမင်း မစားလိုက်ရ။

ကိုသောင်းမြင့်က “မင်းကွာ လူကို မတိုက်ဘဲ စနစ်ကို တိုက်တာဆို။ အခု ငါ့အတွက် ညစာ ချန်မထားတာ စနစ်ကို တိုက်သလား။ လူကို တိုက်သလား မင်း ဘာသာ ပြန်မေးကွာ” ဟု စောဒက တက်တော့ မသူဇာက တစ်ခွန်းထဲ ပြန်ပြောသည်။

“မသူဇာ အစ်စ် မသူဇာ။ ဒေါ်စု အစ်စ် ဒေါ်စု” တဲ့လေ။ ကိုသောင်းမြင့် ဗိုက်ထဲက တဂွီဂွီအသံသည် ဘယ်ဒီမိုကရေစီမှ မရသေးတာကို ကိုယ်စားပြုသည်။ အမျိုးသား ပညာရေး စနစ် ပြင်ကို ပြင်ရမယ်လို့ သဘောရနေသည်လာ မသိ။

ဖိုးထက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts