ကိုသန်းလွင် သတင်းဆောင်းပါး

ကိုသန်းလွင် – ဒီမိုကရေစီနောက်ကြောင်းပြန်

ကိုသန်းလွင် – ဒီမိုကရေစီနောက်ကြောင်းပြန်
(မိုးမခ) မတ်လ ၁၈၊ ၂၀၁၅

 

(၁)

လူ့ယဉ်ကျေးမှုသမိုင်းနှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီသည် သူ့ အယူအဆကိုရေးသားဘူးသည်။ မကြာခဏ နောက်ပြန်ဆွဲမှုများရှိစေ လူအမျိုးအနွယ်သည် ရှေ့သို့သာတိုးတက် ချီတက်လျက်ရှိသည်။ လူအချင်းချင်း တဦးနှင့်တဦး ချစ်ကြည်ရေး၊ စည်းလုံးညီညွတ်ရေး တို့မှာပိုမိုကောင်းမွန်၍သာလာနေသည်။ တနည်းဆိုသော် လူတို့သည် ပို၍လွတ်လပ်လာကြမည်။ လူ့ဘောင်အနေအထားသည် ပိုမိုကောင်းမွန်လာမည်ဟု ဆိုသည်။ ကားလ်မတ်(စ) ကမူ လူသည် မိမိလုပ်အား (Manual labour) ကိုပင်ပင်ပမ်းပမ်း အသုံးချ၍ နေထိုင်ရခြင်းမှ တနေ့တွင် လွတ်ကင်းလာကြမည်။ အလုပ်ကို ပင်ပင်ပမ်းပမ်း လုပ်စရာမလိုတော့ဟု ဆိုသည်။

ဂန္ဓီက သမိုင်းကို တိတိကျကျမှတ်တမ်းတင်နိုင်သည့်အချိန်ကစပြီးကြည့်သော် ရှေးရှေးနှစ်များနှင့်စာလျင် လူ့ယဉ်ကျေးမှု သည် အကောင်းဘက်သို့ရောက်နေပါပြီ။ နောက်ပိုင်း ပို၍ ကောင်းလာရန်သာရှိသည်။ လူတို့သည် သမိုင်းသင်ခန်းစာတွေရပြီး တဖြည်းဖြည်းပြုပြင်ကာ အကောင်းဘက်သို့သာ ပြောင်းလဲသွားရမည်ဟု ရေးသားခဲ့ပါသည်။

သိပံ္ပပညာ တိုးတက်လာခြင်း၊ အလယ်လတ်တန်းစား ချမ်းသာသူတွေများပြားလာခြင်း၊ ဆက်သွယ်ရေးစနစ်၊ အင်တာနက် ပိုမိုကောင်းမွန်လာခြင်းတို့သည် လူကို ပို၍လွတ်လပ်တရားမျှတသော ဒီမိုကရေစီစနစ်ဆီသို့ ဆောင်ကျဉ်း ပေးလိမ့်မည်ဟု ဆိုရမည်ထင်ပါသည်။

(၂)

၂၀၀၉ ဇွန်လ ၄ ရက်တွင် အမေရိကန်သမ္မတ အိုဘားမားသည် အီဂျစ်နိုင်ငံ ကိုင်ရိုလွှတ်တော်သို့ အမှာစကား ပြောကြားခဲ့ သည်။ သူ့မိန့်ခွန်း၏ အဓိက ဆိုလိုချက်မှာ မွတ်စလင်နိုင်ငံ များနှင့် ချစ်ကြည်စွာ ယှဉ်တွဲနိုင်ရေး ဖြစ်ပါသည်။ သို့ပါသော်လည်း သူက လူမဲ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀ ခန့်ကအထိ အမေရိကန် နိုင်ငံတွင် လူမဲတို့အနေအထားမှာ ဆိုးရွားလှသည်။ ထိုစဉ်က လူမဲဆိုသည်မှာ ကျေးကျွန် လူတန်းစားဖြစ်သည်။ လူဖြူတို့နှင့် တန်းတူအခွင့်အရေး မရ၊ တန်းတူ ကား၊ ရထား မစီးရ၊ စားသောက်ဆိုင် ပန်းခြံတို့တွင် အတူထိုင်ခွင့်မရှိ။

တဖြည်းဖြည်းခေတ်ပြောင်းလာသော် မစ္စတာအိုဘားမားသည် ကမ္ဘာတွင် အင်အားအကြီးဆုံးနိုင်ငံကြီး၏ သမ္မတကြီးဖြစ် လာခဲ့သည်။ ဤသည်မှာ လူအခွင့်အရေးတန်းတူညီမျှခြင်း၊ ဒီမိုကရေစီစနစ်၏ အနှစ်သာရပြယုဂ်ကို ဖော်ညွှန်းသည်။ တီဗွီ မှာမြင်ရသူတွေကဖြစ်စေ၊ သတင်းစာမှာ သူ့မိန့်ခွန်းကို ဖတ်ရသူတွေကဖြစ်စေ ကမ္ဘာကြီးမှာ အသားအရောင်၊ အဆင့် အတန်း ခွဲခြားမှုမရှိတော့ပြီ၊ လူဖြစ်လာလျင် အတူတူပင်ဖြစ်သည်ဆိုသောအချက်မှာ ထင်းထင်းကြီးပေါ်နေလေသည်။

လွန်ခဲ့သော အနှစ် ၂၀၊ ၃၀၊ အထိ ကမ္ဘာ့နိုင်ငံများ၏ တ၀က်လောက်မှာ အာဏာရှင်များက အုပ်ချုပ်စိုးမိုးထား ကြလေသည်။  သူတို့သည် သူတို့စိတ်ကြိုက် မိမိကောင်းစားရေးအတွက် ကျန်လူထုကို ဖိနှိပ်ချုပ်ချယ်ကြသည်။ မိမိအုပ်ချုပ်ရေးကို ဆန့်ကျင် သူများကို ရက်ရက်စက်စက် နှိပ်ကွပ်သတ်ဖြတ်ကြလေသည်။

သမ္မတအိုဘားမား၏ မိန့်ခွန်းသည် Arab Spring ခေါ် အာရပ်နိုင်ငံ၊ အရှေ့အလယ်ပိုင်းနိုင်ငံတွေ၏ ဒီမိုကရေစီရေးရာ လှုပ် ရှားမှုကိုဖြစ်စေသည်ဟု နယူးရော့တိုင်းသတင်းစာက ရေးသားသည်။

၂၀၁၀ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် အုပ်ချုပ်သူလူတန်းစားက မတရားနှိပ်စက်သည်ဆိုကာ ကျူနီရှားနိုင်ငံတွင် သစ်သီး ရောင်း သူတဦးက မိမိကိုယ်ကို မီးရှို့ဆန္ဒပြလေသည်။ ထိုဆန္ဒပြမှုမှအစပြုကာ ပြည်သူလူထုက အာဏာရှင်ဖြုတ်ချရေး ဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်လာခဲ့သည်။ ဇန်န၀ါရီလ (၁၄) ရက်တွင် သမ္မတဘင်အလီ ထွက်ပြေးရသည်။

ဇန်န၀ါရီလ (၇) ရက်တွင် အယ်လဂျီးရီးယား၌ ရုန်းရင်းဆန်ခတ် ဆန္ဒပြကြသည်။ (၁၇) ရက်နေ့တွင် အီဂျစ်ပါလီမန်ရှေ့၌ မိမိကိုယ်ကို မီးရှို့ကာ ဆန္ဒပြမှု စတင်ဖြစ်ပွားခဲ့ပြီး တပြည်လုံး အာဏာရှင် မူဘာရက်အစိုးရကို ဆန္ဒပြကြသည်။ ဖေဖော်ဝါရီ (၁၁) ရက်တွင် မူဘာရက် ရာထူးမှ နှုတ်ထွက်ပေးရသည်။ ဧပြီလ (၁၃) ရက်တွင် မူဘာရက်ကို ခြစားမှုနှင့် ဖမ်းဆီးလိုက်သည်။
ဖေဖော်ဝါရီ (၁၆) ရက်တွင် လစ်ဗျားနိုင်ငံ ဘင်္ဂါဇီမြို့မှာ စတင်ဆန္ဒပြကြပြီး မြို့တော် ထရစ်ပိုလီသို့ ပြန့်နှံ့သွားသည်။ အောက် တိုဘာလ ၂၀၁၂ တွင် အာဏာရှင် ကဒါဖီမှာ လူအုပ်က ၀ိုင်းဝန်းသတ်ဖြတ်ခြင်း ခံရသည်။

တနိုင်ငံပြီး တနိုင်ငံ အာဏာရှင်အစိုးရတွေ ပြုတ်ကျပြီးသော် ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ပါမည်ဟု ကတိစကား များနှင့် အစိုးရတွေ တခုပြီးတခု တက်လာကြသည်။ Third Wave of Democratic Reform ဟု သတင်းစာတွေက ရေးကြပါသည်။ မြန်မာနိုင်ငံတွင် ရာစုနှစ်တ၀က်ကျော်အုပ်ချုပ်လာခဲ့သော တပ်မတော်အစိုးရသည် အာဏာစွန့်ပြီး ၂၀၁၁ ဧပြီလတွင်  အရပ် သားအစိုးရ ပေါ်လာခဲ့သည်။ အစိုးရသစ်က မြန်မာနိုင်ငံကို ဒီမိုကရေစီနည်းစနစ်အုပ်ချုပ်မည်ဟု ဆိုခဲ့သည်။

၁၉၈၉ ခုနှစ်တွင် ဆိုဗီယက်အင်ပါယာကြီး ပြိုကွဲပြီး ကမ္ဘာတွင် အင်အားကြီးနိုင်ငံအဖြစ် အမေရိကားသာကျန်တော့သည်။ ဒီမိုကရေစီစနစ်က အောင်ပွဲရပြီး တကမ္ဘာလုံး ဒီမိုကရေစီစနစ်ဖြင့် ကောင်းကျိုးချမ်းသာတွေ ရကြလိမ့်မည်ဟု မျှော်လင့်ခဲ့ကြပါ သည်။

ယနေ့ရုရှား သမ္မတပူတင်၏ ယူကရိန်းအရေးတွင် ၀င်ရောက်စွက်ဖက်နေမှုနှင့် တရုတ်နိုင်ငံ၏ ဒေသတွင်းလွှမ်းမိုးရန် ဗြောင် ကျကျ လှုတ်ရှားမှုများကိုမြင်ရသောအခါ စစ်အေးကာလအချိန်များသို့ ပြန်သွားဦးမှာလားဟု စိုးရိမ်ကြရပါသည်။ ဂန္ဓီကြီး၏ ခေတ္တခဏ နောက်ပြန်ဆွဲမှုများသာဖြစ်သည်ဟု ယူဆလိုပါသည်။

၂၀၁၄ ခု၊ ဇန်န၀ါရီလ (၅) ရက်နေ့ ရွေးကောက်ပွဲတွင် ဘင်္ဂလားဒေ့ (ရှ်) နိုင်ငံတွင် အာဏာရပါတီက အနိုင်ရရှိခဲ့သည်။ အတိုက်အခံတို့က ရွေးကောက်ပွဲကို သပိတ်မှောက်ကြသည်။ အကြမ်းဖက်မှုများကြောင့် လူတစ်ရာကျော် သေဆုံး ခဲ့ကြရ သည်။

နေ့စဉ်ဆန္ဒပြမှုများကြောင့် ဘန်ကောက်တမြို့လုံး အလုပ်ပျက် အကိုင်ပျက်ဖြစ်ခါ အစိုးရကလည်းဘာမှ မလုပ်နိုင်ဖြစ်နေ ချိန်တွင် ခေတ်သစ်သမိုင်းတွင် ၁၂ ကြိမ်မျှ အာဏာသိမ်းခဲ့ဘူးသောစစ်တပ်က အာဏာသိမ်းလိုက်ပြန်သည်။ စစ်ဗိုလ်ချုပ် ကြီးက ယူနီဖောင်းချွတ်ခါ ၀န်ကြီးချုပ်လုပ်သည်။ ၀န်ကြီးချုပ်ဟောင်း ရင်လတ်မှာ တရားရင်ဆိုင်နေရပြီး   ထောင်ဒဏ်ကျခံ ရမည့် ခြိမ်းချောက်မှုများရှိနေသည်။ စစ်တပ်က ဘာမှမဖြစ်ခဲ့သလို ဆက်လက်အုပ်ချုပ်နေသည်။ ၂၀၁၅ တွင် ရွေးကောက်ပွဲ ပြုလုပ်ပေးမည်ဟုဆိုခဲ့သော်လည်း ၂၀၁၆ သို့ နောက်ဆုတ်သွားမည့်သဘောရှိနေလေသည်။

၂၀၁၄ နိုဝင်ဘာလတွင်  မြန်မာအစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မပေးနိုင်ကြောင်းကြေငြာခဲ့သည်။     ချမှတ်ထား သော စည်းနှင့်ကမ်းနှင့်ဆိုသော် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတဖြစ်မလာနိုင်တော့ပေ။ Unjust, Unfair, Un demonatic တရားမျှတခြင်းမရှိ၊ မျှတမှုမရှိ မဖြစ်သင့်သောကိစ္စ၊ ဒီမိုကရေစီမကျသောကိစ္စသာဖြစ်သည်ဟု ပြောသည်။ အမေရိကန် သမ္မတအိုဘားမားပြန်သွားပြီးကတည်းက မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေးလမ်းစများကို မတွေ့ရတော့ပေ၊ ယခုအခါ အများကထောက်ခံမှုမရှိသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် အစိုးရက စဉ်းစားနေပုံရသောကျေညာချက်မျိုးထုတ်ပြန်ထားသည်။

ကျောင်းသားများက ပညာရေးဥပဒေအတွက်ချီတက်ဆန္ဒပြနေကြပေရာ သဘောထားကြီးပြီး ပညာရှိရှိဖြေရှင်းပေးမည့် အရိပ်အရာင်ကို မမြင်ရသေးပေ။ တိုင်းပြည်အတွက် အရေးကြီးသောကိစ္စရပ်များရှိနေသည်ဆိုကာ ပြဿနာကို ချောင်ထိုး လိုကြဟန်ရှိသည်၊ နောက်ပိုင်းတွင် ကျောင်းသားများ၏ဆန္ဒထုတ်ဖော်မှုကို အကြမ်းဖက်နှိမ်နင်းခဲ့သည်။

အာဖဂ္ဂန်နစ္စတန်ရွေးကောက်ပွဲမှာလည်း မရိုးသားမှုတွေ အများအပြားတွေ့ကြရပြီး ခြစားမှုတွေကို တိုက်ဖျက်ပစ်ပါ မည်ဆို ကာ အစိုးရသစ် သမ္မတအသစ်တက်လာခဲ့သည်။ ပြိုင်ဘက်သမတလောင်းက မဲခိုးမှု မရိုးသားမှုတွေရှိသည်ဆိုပြီး ကန့် ကွက်သဖြင့် သမတ အသစ်ကျမ်းကျိန်ရေးကိစ္စ နှောင့်နှေးခဲ့ရသည်။

၁၉၆၅ ခုနှစ်ကတည်းက စင်္ကာပူနိုင်ငံကိုအုပ်ချုပ်ခဲ့သော ၀န်ကြီးချုပ် လီကွမ်းယူ၏ အာဏာရပါတီမှာ ယခုတိုင် အုပ်ချုပ်နေဆဲ ပင်ဖြစ်သည်။ စီးပွားရေးတိုးတက်လာမှုကြောင့် အတိုက်အခံပါတီများရှိနေစေကာမူ အစိုးရသည် မိမိစိတ်ကြိုက် အုပ်ချုပ် နေနိုင်ဆဲဖြစ်သည်။ ၀န်ကြီးချုပ်ဟောင်း လီကွမ်းယူ တယောက်နိုင်ငံရေးတွင်မရှိတော့ဘူးဆိုလျင်တော့ ပြောင်းလဲမှုတွေ တွေ့ရကောင်း တွေ့ရပေလိမ့်မည်။

ဟောင်ကောင်တွင် ကျောင်းသားများက  မိမိခေါင်းဆောင်ကို မိမိတို့ဖာသာ ရွေးချယ်ပိုင်ခွင့် အတွက် ဆန္ဒပြ တောင်းဆိုကြခြင်း ကို  “သူတို့က မရနိုင်တဲ့ပန်းတိုင်အမြင့်ကြီးကို မှန်းလွန်းနေကြတယ်” ဟု မစ္စတာလီက မှတ်ချက်ပေးခဲ့သည်။ သူတို့ ဒီမိုကရေ စီကို ဒီထက်ပိုပြီးရချင်လို့ မဖြစ်နိုင်ပါဟု အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းဆွေးနွေးပွဲ (International Business Forum) တွင် ပြောခဲ့သည်။

မလေးရှားနိုင်ငံတွင် လွတ်လပ်ရေးရချိန်ကစပြီး  (UNMO- United Malays National Organization) ပါတီတခုတည်းကသာ အုပ်ချုပ်နေဆဲဖြစ်သည်။ ဒီမိုကရေစီ၏ အနှစ်သာရမှာ ပြည်သူတို့၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်းပင်ဖြစ်သည် ဟု ဆိုသည်။

Joshun Kurnatzick  ဆိုသူက Demociray in Retreat ခေါ်စာအုပ်တအုပ်ရေးသားခဲ့သည်။ ကမ္ဘာကြီး၏ နိုင်ငံရေး တိုးတက်မှုများကိုကြည့်သော် ဒီမိုကရေစီ ရေးသည် နောက်ပြန်သွားနေခဲ့ပါပြီဟု ရေးခဲ့သည်။ Freedom House ဟုခေါ်သော အဖွဲ့က ၂၀၁၂ သည်ဒီမိုကရေစီ (Index) အမှတ်အသား ကျဆင်းနေသည်မှာ ၆ နှစ်ဆက်တိုက်ရှိပါပြီဟု ကောက်ချက်ချသည်။ သူတို့က ဒီမိုကရေစီစံနစ်ကို ပြတ်ပြတ်သားသား မချမှတ်နိုင်သေးသော နိုင်ငံအလတ်တန်းစားနိုင်ငံများမှာ အထိခိုက်ဆုံး ဖြစ်သည်ဟု ဆိုသည်။

အာရပ်နွေဦး (Arab Spring) ကဲ့သို့ လှုပ်ရှားမှုများကြောင့် တရုတ်ပြည်လိုနိုင်ငံများတွင် အတိုက်အခံတို့ကို နှိပ်ကွပ်မှုများမှာ ပိုမိုရက်စက်ကြမ်းကြုတ်လာသည်ဟု ဝေဖန်သည်။ လူများစွာ ထောက်ခံမှုမရသော်လည်း စံပယ်တော်လှန်ရေး (Jasmine) ဟူ၍ ဖြစ်ပေါ်ရန် ကြိုးစားခဲ့ကြဘူးသည်။

ဟန်ဂေရီနိုင်ငံတွင် စာပေလွတ်လပ်မှုကိုချုပ်ချယ်လာခြင်းမှာ ဆိုဗီယက်တို့ခေတ်အုပ်စိုးစဉ်ကအတိုင်းပင်ဖြစ်သည် ဟု ကောက်ချက်ချကြသည်။

ဘာရိန်းနိုင်ငံတွင် အုပ်ချုပ်သူစော်ဘွားသည် စစ်တပ်၏အကူအညီကိုယူကာ အတိုက်အခံတို့ကို ရက်ရက်စက်စက် နှိပ်ကွပ် နိုင်ခဲ့သည်။

သူ့စာအုပ်တွင် ကမ္ဘာအနှံ့ နိုင်ငံပေါင်းစုံတွင်ဖြစ်ပွားခဲ့သော အာဏာလွှဲပြောင်းရယူကြပုံများကိုကြည့်ကာ သူဆွဲသော ကောက်ချက်မှာ ဒီမိုကရေစီသည် နောက်ပြန်ဆွဲနေရပြီဟုဆိုသည်။

လွန်ခဲ့သောမျိုးဆက်တခုအတွင်း  အစိုးရအာဏာများကို စစ်တပ်ကအင်အားသုံး၍  ယူခဲ့ကြပါသည်။ ကျွန်တော်တို့ နိုင်ငံတွေ မှာ စီးပွားရေးနဲ့ လူမှုရေး အခြေအနေတွေ ဒီထက်တိုးတက်ဖို့ လိုပါသေးတယ်။ ပြီးမှ ဒီမိုကရေစီကို ကြမှာပါဟု ဘန်ကောက် ပို့ (စ်) သတင်းစာတွင် Robin Powell  ဆိုသူက ရေးသားခဲ့သည်။ ကမ္ဘာ့အခြေအနေသည် ဒီမိုကရေစီရေးအတွက် အဆင် သင့်မဖြစ်သေးပါဟု ဆိုသည်။

(၃)

မြန်မာနိုင်ငံတွင် အဘယ့်ကြောင့် ဒီမိုကရေစီခေတ်မရောက်ရသေးလဲဆိုတာက ဆန်းစစ်သော် အစိုးရခေါင်းဆောင် ပိုင်းက လူကြီးတွေ၏ အုပ်ချုပ်မှုစတိုင်လ်မှာ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ ဒီမိုကရေစီနိုင်ငံဖြစ်သင့်ပြီဟု စေတနာမရှိခြင်း (Political Will) တို့ကြောင့် ဒီမိုကရေစီပြောင်းလည်းရေး နှောင့်နှေးရခြင်းဖြစ်သည်ဟု ထင်မြင်မိပါသည်။ မည်သို့ဆိုစေ၊ ဒီမိုကရေစီရေး သည် မြန်မာနိုင်ငံသားတို့က အလိုရှိသည့်အတိုင်း မြန်မာနိုင်ငံသို့ မုချရောက်လာရမည်သာ ဖြစ်သည်။

ကိုသန်းလွင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ကိုသန်းလွင် – ဒီမိုကရေစီနောက်ကြောင်းပြန်
  1. ဆရာကိုသန်းလွင် .. နိုင်ငံများစွာရဲ့ အစိုးရများကို သိမှတ်လိုက်ရလို့ ကျေးဇူးအထူးတင်ပါတယ်။
    အစိုးရ-မိမိစိတ်ကြိုက် အုပ်ချုပ်ကြသည် ..ဆိုတာ အာဏာရှင်နိုင်ငံများအတွက်တော့ ၁၀၀% မှန်ကန်ပါသည်။
    အာဏာရနေသူများကတော့ နည်းမျိုးစုံနဲ့ထိုင်ခုံမဖယ်ဖို့ ကြိုးစားစမြဲဖြစ်ပါတယ်။
    .
    အကောင်းဆုံး ဒီမိုကရေစီကတော့ အားလုံး တွေဝေမှုမရှိပဲ ဒေါ်အောင်ဆန်းစုကြည်ကို ပုံပြီးမဲပေးဖို့ပါပဲ။ သူမ ၄နှစ်လောက်တော့ မြန်မာဒီမိုကရေစီ အစိုးရဖြစ်စေချင်ပါတယ်။ (မှတ်ချက်။ အစ္စရေးနိုင်ငံ အမျိုးသမီးခေါင်းဆောင် ဂိုဒါမီယာသည် အသက်၇၂နှစ်တွင် ဝန်ကြီးချုပ်အဖြစ် အာရပ်-အစ္စရေး စစ်ပွဲကြီးကို ခေါင်းဆောင်ခဲ့ပါသည်။

Comments are closed.