တူမောင်ညို သူတို့အာဘော်

တူမောင်ညို – တရုတ်နိုင်ငံကို တောင်းပန်လျှင် ပြည်သူများကိုလည်း တောင်းပန်ဖို့လိုသည်

တူမောင်ညို – တရုတ်နိုင်ငံကို တောင်းပန်လျှင်  ပြည်သူများကိုလည်း တောင်းပန်ဖို့လိုသည်
(မိုးမခ) မတ် ၁၈၊ ၂၀၁၅

(ဗိုလ်) ဦးသိန်းစိန်အစိုးရအဖို့ ဒွေးရော ဥပဒ်ရော ဒေါင်လိုက်အလျားလိုက် ဝင်နေသည့် ကာလဟုပြောရမည်။

“လက်ပံတောင်း၊ လောက်ကိုင်၊ လက်ပံတန်း” စသော ဗုဒ္ဓဟူးနံများ “ခိုက်”နေပုံရသည်။ ဘာပဲလုပ်လုပ် လုပ်သမျှ အရာရာနဲ့ အကြောင်းကြောင်း ပက်ကျိသွားသကဲ့သို့ဖြစ်နေသည်။

ယခုနောက်ဆုံးဖြစ်ပေါ်လာသည့်ကိစ္စမှာ မတ်လ ၁၃ ရက်နေ့က လောက်ကိုင်ဘက်တွင် မိုက်မိုက်ကန်းကန်း ဗုံးကြဲသည့်ကိစ္စ၌ ဗုံးဆံသည် တရုတ်ပြည်ပိုင်နက်ထဲ ကျသွားသည်။ ကြံစိုက်ခင်းထဲမှ တရုတ်ပြည်သား ၅ ဦးသေပြီး၊ ၈ ဦးဒဏ်ရသည်။ ထိုကိစ္စကို တရုတ် အစိုးရက တောင်းပန်ရမည်၊ လျော်ကြေးပေးရမည်၊ တာဝန်ရှိသူကို ထုတ်ဖော် အရေးယူပေးရမည်ဟု တောင်းဆိုသည်။

မတ်လ ၁၅ ရက်နေ့က   ပဏာမတောင်းပန်စာ ထွက်လာသည်။

ယင်းနောက် ဆက်တိုက်ဆိုသလို လောက်ကိုင်ဘက်တွင် တာဝန်ထမ်းဆောင်နေသည့် တပ်မမှူး ၃ ဦးကို လက်ရှိတာဝန်မှ ထုတ်ပယ်ရွေ့ပြောင်းလိုက်သည်ဟု သိရသည်။ လောက်ကိုင် ပြဿနာသည် ဦးသိန်းစိန် အစိုးရအဖို့ ထင်သည်ထက် ပိုဆိုးနေပြီ။

ပထမတော့ တရုတ်ကြေးစားစစ်သားတွေပါသလိုလို၊ အချုပ်အခြာအာဏာထိပါးသလိုလို၊ ပြည်ပကျူးကျော်စစ်ပဲ တိုက်နေ သလိုလို အသံကျယ်ကျယ် ဟစ်သည်။ နောက်တော့ ထိုအသံ တိုးတိမ်ပျောက်ကွယ်သွားသည်။ ဖုန်ကြားဆင်း ကိုးကန့်ဘက်မှ (UWSA) ‘ဝ’တပ်ဖွဲ့ ပါဝင်ကူညီတိုက်ခိုက်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိသူက ဗြောင်သတိပေးသည်။ တာဝန်ယူရ မည်ခြိမ်းချောက်သည်။ နောက်တော့ အခြား ဒုတိယ ဗိုလ်ချုပ်ကြီး တစ်ဦးက ယင်းသို့ ပြောကြားသည်မှာ မှားယွင်းကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းထံ တောင်းပန်သည်။ ရလဒ်က ထိုကိစ္စအပေါ် အကြောင်းပြုပြီး (UWSP) နှင့် ဆက်ဆံရေးအပေါ်လွှာ တင်းမာသွားသည်။

ယခုအခါ လောက်ကိုင်ကိစ္စသည် တပ်ဗိုလ်တပ်သားအကျအဆုံးအထိအခိုက်များသည်သာမက၊ တပ်မမှူး ၃ ဦး ထုတ်ပယ်ရ သည့် အနေအထားသို့ တဆင့်တက်သွားခဲ့ပြီ။ ဤသို့ တပြိုင်ထဲ တပ်မမှူး ၃ ဦးထုတ်ပစ်ရခြင်းသည် ပထမဆုံးနှင့် အများဆုံးဖြစ်ဖွယ်ရှိပါ သည်။ ဤသည်မှာ ကြည်းတပ်ဖက်ကသာဖြစ်သည်။ ဗုံးကြဲလေတပ်ကမည်သူတွေ ဖြုတ်ထုတ်ခံကြရဦးမည်မသိ။ ထို့အပြင်သေဆုံးသူ၊ ဒဏ်ရသူများအတွက် လျော်ကြေးမည်မျှပေးရမည်ကိုမူ မသိရသေး။ လျော်ကြေးမည်မျှပေးရသည်ကို ပြည်သူများ သိရှိအောင် ထုတ်ပြန် ပေးဖို့လိုသည်။

ယင်းလျော်ကြေးအတွက် ခရိုနီကုမ္မဏီများထံမှ အလှူငွေကောက်ခံမည်ဟု ကြားရသည်။ ဒါမျိုးဆိုလျှင် ဒေါ်စန္ဒာဝင်းတို့ မိသားစုက လက်နှေးမည်ဟု မထင်။ “ချစ်သော တပ်မတော်ကြီး” အတွက် လုံးကနဲ၊ ခဲကနဲ လှူနိုင်ကြလိမ့်မည်။ ဦးတေဇ၊ ဦးဇော်ဇော် တို့ကလည်း လက်ပိုက်ကြည့်နေကြမည်မဟုတ်ပါ။

ရုပ်ရှင်၊ သဘင်၊ ဂီတ နယ်ပယ်မှ လူမင်း၊ ဇာဂနာ စသော တက်ကြွသူများကလည်း သူတို့အနုပညာဖြင့် ရန်ပုံငွေရှာပေးကြ ပေလိမ့်မည်။ လူမှုအဖွဲ့အစည်းများမှ  လယ်သမားအရေးဆောင်ရွက်နေသူ မစုစုနွေးတို့ကလည်း မနှေးပါဝင်ကြလိမ့်မည်ဟု ထင်မြင်ရပေ သည်။ လောက်ကိုင်အရေးမှာသူတို့သည် “နိုင်ငံတော်နှင့်တပ်မတော်ကြီးနှင့်”တသွေးထဲ၊ တသားထဲရှိခဲ့ကြသူများမဟုတ်ပါလော။ သို့ပါ၍ ယခုလို လျော်ကြေးငွေလိုအပ်နေချိန်တွင် သူတို့သည် မသိဟန်ချင်ဆောင်နေကြလိမ့်မည်မဟုတ်ပါ။

ယင်းသို့ ပြည်ပ( တရုတ်နိုင်ငံ)နိုင်ငံတစ်ခု၏ ထိခိုက်နစ်နာရမှုကို ကို အချိန်မဆိုင်းပဲ ဝန်ချတောင်းပန်နိုင်လျှင် ပြည်တွင်း၌ မိမိ ပြည်သူများအပေါ်ပြုမူခဲ့သည့် အကြမ်းဖက်ဖိနှိပ်ခဲ့သည့် လုပ်ရပ်များအတွက်  ဝန်ချတောင်းပန်နိုင်ရမည်။

သေဆုံးခဲ့ရသူများ၊ ထိခိုက်ခဲ့ရသူများအတွက် နစ်နာကြေး၊ လျော်ကြေးများ ပေး နိုင်ရမည်။ အကြမ်းဖက်မှုများတွင် ကွပ်ကဲ အမိန့်ပေးခဲ့သူများ၊ လက်တွေ့အကောင်အထည်ဖော်ခဲ့ကြသူများကိုလည်း ဖော်ထုတ်၍  ထိရောက်စွာ အပြစ်ပေး အရေးယူနိုင်ရမည်။

အိမ်နီးချင်းကောင်းပီသမှုပဲဆိုဆို၊ ဆွေးမျိုးပေါက်ဖော်ချစ်ကြည်ရေးပဲပြောပြော ပြည်ပနိုင်ငံတစ်ခုအပေါ်အရေးထားမှု၊ လေးစား သမှု၊လိုက်လိုက်လျောလျောပြုမူနိုင်သည်ဆိုလျှင် အမိအဖသဖွယ်ဖြစ်သောပြည်တွင်းပြည်သူများအပေါ်ပို၍အလေးထားနိုင်ရမည်သာဖြစ် သည်။

သို့ပါ၍ ပဏာမအဆင့်အနေဖြင့် ကိုပါကြီး၊ ဒေါ်ခင်ဝင်း၊ ကချင်ကျောင်းဆရာမလေး နှစ်ဦးကိစ္စနှင့် လတ်တလော ဟိုးလေး တကျော်ဖြစ်ခဲ့သည့် “မတ်လ ၅ ရက်၊ ၁၀ ရက် အကြမ်းဖက်မှုမျာ”၊ ကျောင်းသားများအပေါ်၊  ပြည်သူများအပေါ်အကြမ်းဖက်မှုများ၊ “အောင်တံခွန်- ၃” သင်္ဘောနစ် မြုပ်မှုစသည့် ဖြစ်ရပ်များနှင့်ပတ်သက်၍  တောင်းပန်မှု၊ လျော်ကြေးပေးမှု၊ တာဝန်ရှိသူများကို ထုတ်ဖော် အပြစ်ပေး အရေးယူမှုများကို ဦးသိန်းစိန်အစိုးရအနေဖြင့် ထိထိရောက်ရောက် ပြုလုပ်သင့်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “တူမောင်ညို – တရုတ်နိုင်ငံကို တောင်းပန်လျှင် ပြည်သူများကိုလည်း တောင်းပန်ဖို့လိုသည်
  1. ကျုပ်တို့ဗမာစစ်တပ်တို့ ပုလိပ်တို့ဆိုတာ “အိမ်ကျယ်”တွေပါ။ လက်နက်မဲ့ ကိုယ့်ပြည်သူပြည်သား ဆိုရင် ဘုန်းကြီးအစ မူလတန်းကျောင်းသူကျောင်းသားကလေးအရွယ်အဆုံး ဘာမှဂရုမစိုက်ဘဲ ရက်ရက်စက်စက်ပစ်သတ်ရဲကြပေမဲ့ ခိုးဝင်တဲ့ကုလားတွေ တရုတ်တွေကျတော့ မထိရဲဘူး။ ထိရင် ကုလားပြည်တရုတ်ပြည်တို့ကသူတို့ကို “ဖင်ဆော်”မှာကြောက်လို့လေ။ နယ်စပ်က ခိုးဝင်တဲ့ကုလားတွေ တရုတ်တွေကိုလည်း တစ်ယောက်ဆယ်သိန်းနဲ့ သူတို့စစ်ကားတွေပေါ် တင်ပြီး မြန်မာတပြည်လုံးလိုက်ပို့ပေးနေတာဘဲဗျာ။ တပြည်လုံးလဲလက်ညှိုးထိုးရောင်းစားထား လို့ကုန်ပြီ။

    အင်္ဂလိပ်ခေတ်ကစကားပုံတခုရှိတယ်။ ယောက်ျားဖျင်းရင် ပုလိပ်၊ မိန်းမဖျင်းရင် “ကွိတ်” တဲ့။ “ကွိတ်”ဆိုတာ “ဖာသယ်မ”ကို အင်္ဂလိပ်ခေတ်က ခေါ်တဲ့ ဗန်းစကား။ မဆလခေတ်က “ကြက်”လို့ ခေါ်သလိုပေါ့။ အခုခေတ်မှာလည်း စစ်တပ်ကမလိုချင်တော့လို့ ရဲထဲပို့လိုက်တဲ့ လူတွေ ရှိပါရဲ့။

    အခုခေတ်မှာသုံးရင် အန္တရာယ်များပြီး ရေကြည်အိုင်တို့၊ နရသိမ်တောရတို့ရောက်နိုင်တဲ့ စကားပုံတွေ တွေလည်းရှိသေးတယ်။ ပြောပြရရင်ကတော့ “ဆန်မရှိ မတ်ပဲကြိုက်၊ ဉာဏ်မရှိ တပ်ထဲလိုက်”၊ “ဆန်မရှိ မတ်ပဲစွန်၊ ဉာဏ်မရှိ တပ်ထဲချွန်”၊ တဲ့ဗျ။

Comments are closed.