ဗိုလ်ထက်မင်း ဝေဖန်ရေးရာ

ဗိုလ်ထက်မင်း – တပ်မတော်ခေါင်းဆောင်ရဲ့ ဥပဒေကိုင်စွဲ ဘက်မလိုက် ရင့်ကျက်မှု လက္ခဏာတွေဆိုတာ ဘာလဲ … ဘယ်လဲ …

 ဗိုလ်ထက်မင်း – တပ်မတော်ခေါင်းဆောင်ရဲ့ ဥပဒေကိုင်စွဲ ဘက်မလိုက် ရင့်ကျက်မှု လက္ခဏာတွေဆိုတာ ဘာလဲ … ဘယ်လဲ …

(မိုးမခ) မတ်လ ၁၈၊ ၂၀၁၅

တပ်မတော်မှာ ချမှတ်ထားတဲ့မူဝါဒ၊ ကာကွယ်ရေးဌာန ကောင်စီလုပ်ထုံးလုပ်နည်းများ၊ ၁၉၅၉ ခုနှစ် အက်ဥပဒေ၊ လိုက်နာ ရမည့် စစ်သည်တော်ကျင့်ဝတ် (၆၀)၊ တပ်ရဲ့အစဉ်အလာတွေကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် (သို့မဟုတ်) အကြီး အကဲများဖြစ်ခဲ့ကြတဲ့ ဖခင်ဗိုလ်ချုပ်အောင်ဆန်းနဲ့ မွေးစားဖခင်ဗိုလ်ချုပ်ကြီးနေ၀င်းတို့သာ အပြည့်အ၀လိုက်နာခဲ့ပါတယ်။ ဦးနေ၀င်းတောင် အာဏာရှင်ဖြစ်ခဲ့ပေမယ့် အသက် ၆၀ ပြည့်လို့ ယူနီဖောင်းချွတ်ကာ နောက်လူကို တပ်ချုပ်ရာထူးလွှဲပေး ခဲ့ ပါတယ်။ ဒါပေမဲ့ ၁၉၈၈ ခုနောက်ပိုင်း တပ်ချုပ်လုပ်တဲ့သူတွေဟာ ယူနီဖောင်းချွတ်ဘို့ ၀န်လေးနေတတ်ပြီး တပ်မတော်ရဲ့ အထက်ပါမူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ကျင့်ဝတ်များကို မျက်ကွယ်ပြု ဖြစ်စဉ်များနဲ့ သုံးသပ်တင်ပြသွားပါမယ်။

စတင်ပျက်ယွင်းတဲ့ကာလက တပ်ချုပ်ဗိုလ်ချုပ်မှူးကြီး သန်းရွှေကဖြစ်ပြီး လက်ရှိတပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အထိ တပ်ရဲ့အစဉ်အလာများ ပိုမိုဆိုးဝါးနေတာကို တွေ့ရပါတယ်။ ၁၉၉၃ ခုနှစ် ၆၀ ပြည့်တဲ့ ဦးသန်းရွှေကို စစ်ရာထူးခန့်ချုပ် ဒု ဗိုလ်ချုပ်ကြီးမောင်လှကတင်ပြရာမှာ တပ်မတော်အရံအင်အားစာရင်းပြ လက်မောင်းတံဆိပ်ဖြုတ်စေကာ ၆၅ နှစ်ထိ ဆန့် ထုတ်ပြီး အထူးကိစ္စရပ်ဆိုတဲ့ စကားလုံးလှလှလေး သုံးခဲ့ပါတယ်။

ဦးမောင်လှဟာ ဂေါက်ရိုက်တဲ့အခါ … “အသက်တွေလည်း ကြီးကုန်ကြပြီ၊ ပင်စင်မယူနိင်ကြသေးဘူး။ ကိုယ်လည်း ရုံးအုပ် ဘ၀ရောက်နေပြီဆိုကာ ဂေါက်ရိုက်ဖေါ်များကို ငြီးတွားခဲ့ဘူးပါတယ်။ အဲဒီလိုကစပြီး လူခင်ရင် မူပြင်၊ လူမုန်းရင် မူသုံးဆိုတဲ့ စစ်တပ်ဆိုရိုးစကားအဖြစ် ရေပန်းစားလာပါတယ်။

ဒီလို ထိပ်ပိုင်းက လူကြီးတွေပိတ်ထိုင်ထားတာကြောင့် အောက်ကလူတွေ တော်တော်နဲ့ တက်လို့မရဘဲဖြစ်နေတာမို့ ထိပ်ပိုင်း လူကြီးတွေ ရဟတ်ယာဉ်စီးပြီး ပြန်တက်သွားတဲ့အချိန်မှာ အောက်က ဗိုလ်ချုပ်တချို့က အလေးပြုရင်း၊ ပါးစပ်မှ “vacancy” ဟု နောက်သလိုလိုနဲ့ ရေရွတ်နေသံကို စာရေးသူ ကြည်း၊ လေ ပူးပေါင်းစစ်ဆင်ရေးအခမ်းအနားတခုမှာ အံသြစွာ ကြုံတွေ့ ခဲ့ရပါတယ်။ သူတို့က ရဟတ်ယာဉ်ပျက်ကျပါစေလို့ မေတ္တာပို့နေတာဖြစ်ပြီး၊ စူးရှလို့လားမသိ ဖားအံမှာ အတွင်းရေးမှူး (၂) အဖွဲ့ ပျက်ကျခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ဆွမ်းကြီးလောင်းပွဲကျင်းပသလို တပြုံကြီး ရာထူးတွေ ခွဲတမ်း အလုအယက် ယူကြပါတယ်။

တပ်ရဲ့မူဝါဒတခုဖြစ်တဲ့ တဆင့်မြှင့်ရာထူးရဲ့လစာကို ကြိုတင်ခံစားစေပြီး တနှစ်ပြည့်မှ အဲဒီရာထူးရဲ့အဆင့်ကို ပခုံးပေါ် အပွင့်တင်ရတဲ့စနစ်ရှိပါတယ်။ အင်္ဂလိပ်လို officiating ခေါ်ပြီး တပ်မှာတော့ ဗန်းစကား ဦးသျှစ်သီး (သို့မဟုတ်) ရှင်လောင်း လို့ ခေါ်ကြပါတယ်။ အဲဒီအဆင့်များကတော့ ဗိုလ်ကြီးမှ ဗိုလ်ချုပ်မှူးကြီးအထိဖြစ်ကာ ဗိုလ်မှူးချုပ်အဆင့်ထိ ရုံးထိုင်နေလို့ မရတော့ဘဲ မဖြစ်မနေ ရှေ့တန်း (သို့မဟုတ်) နယ်စွန်ခြေလျင်၊ တပ်မများကိုဆင်းရမှာဖြစ်ပြီး စစ်တပ်စကားအရ ကျောပိုး အိတ်ပိုး field service ယူရမယ်ဆိုတဲ့ သတ်မှတ်ချက်ရှိပါတယ်။ ရုံးထိုင် စစ်ဦးစီးအရာရှိများ၊ ကိုယ်ရေးအရာရှိများဟာ အလုပ် ကျွမ်းကျင်မှုရှိတယ်။ နောက်လူလွှဲဖို့  မဖြစ်နိုင်သေးဆိုတဲ့ အကြောင်းပြချက်များနဲ့ မိမိဆင်းရမယ့် တပ်ရင်းမှူးအထက် ကို လက်ရှိလူကြီးရဲ့ အရှိန်အ၀ါကိုသုံးကာ အဘကခိုင်းနေလို့ သတင်းပို့ရက်ကို စာရွက်ပေါ်မှာဘဲ လုပ်ထားပေးဖို့ လေသံ ပျော့ပျော့နဲ့ ပြောဆိုညှိလာပါတယ်။

ဒီလိုညှိရင်းနဲ့ ပြသနာပေါ်တဲ့ဇာတ်လမ်းတခုကတော့ ယခု လောက်ကိုင်တိုက်ပွဲကို ကြီးကြပ်ကွပ်နေတဲ့ ကစထ ၂ မှူး၊ ဒုဗိုလ် ချုပ်ကြီး အောင်သန်းထွဋ် (D.S.A.20) ။ (ဖြစ်စဉ်ဖြစ်ပွားတုန်းက သူဟာ အတွင်းရေးမှူး (၂) ရဲ့  ကိုယ်ရေးအရာရှိ ဗိုလ်ကြီး အဆင့်မှ ဗိုလ်မှူးလစာစား၊ ရာထူးတိုးမြှင့်) နဲ့ ကကပြည်က နာမည်ကြီး ဗိုလ်ကြီးစောအောင်နိင် (D.S.A.20) တို့ဟာ အထက်ပါနည်း အတိုင်း ညှိယူကာ စစ်ရုံးမှာပဲ နှပ်နေပါတယ်။ မကြာပါ။ တပ်စစ်ဖို့ တိုင်းမှူး ဗိုလ်ချုပ်တင်လှ (စစ်ထောက်ချုပ်၊ သူလည်း ထက်မြက်သူဟု တပ်အသိုင်းဝိုင်းက သတ်မှတ်ခံရသူ) ဟာအဆိုပါ တပ်ရင်းကိုရောက်ချလာပြီး မေးရာ၊ တပ်ရင်းမှူးခမျာ ဖုံးလို့ မရတော့ပဲ၊ ဘူးပေါ်သလို ပေါ်လာတာကြောင့်၊ Report … စစ်ရုံးကို တက်ပါတော့တယ်။ အဲဒီအခါ စစ်ရာထူးခန့်ချုပ်ဒုဗိုလ်ချုပ်ကြီးမောင်လှက ဒေါကန်ပြီး သတ်မှတ်ကာလ ပယ်ဖျက်ကာ သက်ဆိုင်ရာဌာနများကို စာပို့မယ် လုပ်လို့ သူတို့ရဲ့ အဘကြီးဆီ ခြေသလုံးဖက်ရပါတော့တယ်။ ဒုဗိုလ်ချုပ်ကြီးတင်ဦးကိုယ်တိုင် ဖိုင်ကိုင်ကာ ဒုဗိုလ်ချုပ်ကြီး မောင်လှရုံးခန်းကို လေးလေးစားစား မေတ္တာရပ်ခံပေမယ့် ပြန်လန်ကျကာ၊ မရဘဲ သူတို့နှစ်ဦးစလုံး ကျောပိုးအိတ်ပြင်ကာ ခြေလျင်တပ်ရင်းကို သုတ်ခြေတင် ပြေးရပါတော့တယ်။

ဒုဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်ဟာ လက်မှာ ရွှေဟမ်းချိန်းဝတ်ပြီး ရှေ့တန်းသွားရာ၊ ရန်သူ့စနိုက်ပါ အချိန်ခံရတဲ့အခြေအနေမှ လွတ်မြောက်ခဲ့တဲ့အပြင်၊ ကံဇာတာ ဆက်တက်ပုံလေး တင်ပြပါအုံးမယ်။ အတွင်းရေးမှူး (၂) ရဲ့ဇနီးကို ထိပ်ပိုင်းလူကြီးများက ဂရုဏာသက်သဖြင့် အလိုရှိရာပြောပါလို့ဆိုရာ၊ အမက ပြ့ည်စုံပြီးဖြစ်လို့ ဘာမှမလိုပေမယ့်၊ အိမ်ရဲ့ကိစ္စတွေကို စွမ်းစွမ်းတမန် လုပ်ခဲ့တဲ့ မောင်အောင်သန်းထွဋ်ကိုတော့ ကြည့်ပေးပါလို့ဆိုတာကြောင့် ယခုလို ကစထမှူး ဖြစ်လာတယ်လို့ သိရပါတယ်။ ကျေးဇူးသိတတ်လွန်းလို့ အမကြီး ဒေါ်ခင်သန်းနွဲ့အရှိန်အ၀ါ ဘယ်လောက်ကြီးသလဲဆိုရင် လာမယ့် ၂၀၁၅ ခုနှစ်ရွေးကောက် ပွဲပြီးက ဒုဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်တယောက် ပြည်ထဲရေးဝန်ကြီး line-up ထဲမှာပါသေးတယ်လို့ ထပ်မံသိရပါတယ်။ လောက်ကိုင်ဒေသ တိုက်ပွဲအကျဆုံးများတာ သူနဲ့မဆိုင်သလို ကျော်လွန်သွားမှာဖြစ်ပါတယ်။

အလားတူ ကကလှမ်းက အရာရှိများ၊ စစ်ဦးစီးဗိုလ်မှူးချုပ်၊ စစ်ဆင်ရေးအရာရှိကြီးများ (ဦးသိန်းစိန်၊ ဦးမြင့်ဆွေ၊ ဒုဗိုလ်ချုပ်ကြီး ကိုကို) ဟာ ခြေလျင်ဆင်းစရာမလိုတော့ဘဲ လုပ်ငန်းလိုအပ်ချက်၊ အထူးကိစ္စရပ်ဆိုတဲ့ စကားတွေနဲ့ ဖုံးလွှမ်းကာ စစ်ရုံးမှာ ပြန်လည်တွဲဘက်သွားခဲ့ပါတယ်။

ဒုဗိုလ်ချုပ်ကြီးမောင်လှနဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့် ထိပ်တိုက်တွေ့တဲ့ကိစ္စတခုက န၀တရုံးကိစ္စအားလုံးကို တာဝန်ခံလုပ်နေတဲ့ ဒုဗိုလ်မှူးကြီး ဖေငြိမ်းအား နယ်ဘက်ကို ပါဝါရှိအောင် ဗိုလ်မှူးကြီး ရာထူးတိုးမြှင့်ပေးဖို့ တိုက်တွန်းခဲ့ပေမယ့် မူနဲ့ဆန့်ကျင် နေတယ်ဆိုပြီး လှန်ကြခဲ့ဖူးပါတယ်။

ဦးသန်းရွှေရဲ့တပည့် ဗိုလ်မှူးချုပ်စောလှမင်းဟာ ဒေါ်ကြိုင်ကြိုင်ထံ မျက်နှာငယ်ငယ်နဲ့ သတင်းပို့လိုက်တာနဲ့ တပ်မတော်နေ့ အခမ်းအနားမှာ နောင်ရာထူးတဆင့်ကို မျှော်လို့ရတဲ့ အရံစစ်ရေးပြမှူးကြီး နေ့ချင်းညချင်း ဖြစ်လာဖူးပါတယ်။ အလားတူ တပည့်နောက်တဦးဖြစ်တဲ့ ဗိုလ်ချုပ်ဝင်းလှိုင်ဟာ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ စစ်ဒေသမှူး၊ ဗိုလ်မှူးကြီးအဆင့်မှ နယ်မဆင်းရဘဲ ဗိုလ်မှူးချုပ်အပွင့်တင်ကာ ကျိုက္ကဆံစစ်ဒေသမှူး ရုံခန်းမှာ အစည်းအဝေးတခုအပြီး သူထက်ရာထူးကြီးသော ဒုတိုင်းမှူး ဗိုလ် မှူးကြီးစိန်ထွားကတော့ ကုလားထိုင်မှာကျုံ့ကျုံ့လေးထိုင်နေသလောက် ဗိုလ်မှူးချုပ်ဝင်းလှိုင်ကတော့ အင်္ကျီလက်ခေါက် ကာ စားပွဲပေါ်မှာ ခပ်တည်တည်ထိုင်နေတာရှိခဲ့တယ်လို့ သိရပါတယ်။

အလားတူ စခန်းမှူး ဗိုလ်ချုပ်လှအောင်သိန်းဟာ အိမ်တော်ကြီးနောက်ဖေးမီးဖိုချောင်ကိစ္စတွေလုပ်ရလွန်းလို့ ဗိုလ်မှူးအဆင့်မှ ဗိုလ်ချုပ်အဆင့်အထိ ရှေ့တန်းမဆင်းရတဲ့အပြင် တချို့ရာထူးတိုးမြှင့်မယ့်သင်တန်းတွေကိုတောင် ကင်းလွတ်ခွင့်ရကာ အေးအေးဆးဆေး ဖြစ်ခဲ့ပါတယ်။

နောက်တပ်ချုပ်ကတော့ ဦးသန်းရွှေရဲ့ခြေလှမ်းအတိုင်း တထပ်တည်းနင်းလာပုံကို အပိုင်း၂ တွင် ဆက်ပြီး တင်ပြသွားပါမယ်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဗိုလ်ထက်မင်း – တပ်မတော်ခေါင်းဆောင်ရဲ့ ဥပဒေကိုင်စွဲ ဘက်မလိုက် ရင့်ကျက်မှု လက္ခဏာတွေဆိုတာ ဘာလဲ … ဘယ်လဲ …
  1. ဦးနေ၀င်း ဆိုလို့၊ ဒီမင်းဆိုးမင်းညစ် ပဲမဟုတ်ပါလား၊ သူ့နဲ့တပည့် ဗိုလ်ခင်ညွန့်တို့က အဆိုးဆုံးပါပဲ။ ၂၀၁၃ ဖမ်းခံ ပထမမျိုးဆက် ဇတ်သိမ်းရတယ်။ They are Devils

Comments are closed.