ရသဆောင်းပါးစုံ ခေတ်ပြိုင်အတွေ့အကြုံ

နေ၀န်းနီ (မန္တလေး) – လမ်း​ဘေးတက္ကသိုလ်​နဲ့ မန်းည​ဈေး

နေ၀န်းနီ (မန္တလေး) – လမ်း​ဘေးတက္ကသိုလ်​နဲ့ မန်းည​ဈေး
(မိုးမခ) မတ်လ ၁၈၊ ၂၀၁၅

ည​နေ ၅ နာရီ​လောက်​မှစတင်​၍ ၈၄ လမ်းတလျှောက်​လုံးတွင်​ ​မန္တ​လေးမြို့​လေးကို အလှဆင်ရန်​ ည​ဈေးသည်​များ ​ဈေးခင်း ရန်​ ပြင်​ဆင်​​နေကြ​လေသည်​။ ၂၆ လမ်းမှ ၂၈ လမ်းထိက စာအုပ်​အ​ဟောင်း​တွေ​ရောင်းတဲ့အတန်းပါ။ ဆရာ​ဇော်​ခိုင်​ဦးက လမ်း​ဘေးတက္ကသိုလ်​လို့တင်​စားပြီး စာ​ပေ​ဟော​ပြောပွဲများတွင် ထည့်​သွင်း​ပြောသည်​ကိုကြားဖူးသည်​။ ထိုစာ​အုပ်​အ​ဟောင်း တန်းတွင်​ စာအုပ်​မျိုးစုံရရှိ​လေသည်​။ တချို့စာအုပ်ဆိုင်​​ပေါ်တွင်​မရှိသည့်​စာအုပ်​မျိုး​တွေကို ထိုလမ်း​ဘေးတက္ကသိုလ်​​လေး၌ သွား​ရောက်​ရှာ​ဖွေရသည်​။ဈေးလည်းသက်​သာ​ပေသည်​။ ထိုလမ်း​ဘေး တက္ကသိုလ်​​လေးတွင်​ စာအုပ်​မဝယ်​လည်း လာ​ရောက်​ဖတ်​ရှုနိုင်​​ပေသည်​။ စိတ်​တိုင်းကြမှ ဝယ်​ယူနိုင်​သည်​။

၂၈ လမ်း မှ ၂၉ လမ်းထိက​တော့ အင်္ကျီဆိုင်​၊ အိမ်​​ဆောက်​ပစ္စည်း၊ ဖိနပ်​ဆိုင်​၊​ ရေဒီယို ကက်ဆက်​ဆိုင်​နှင့်​ဝက်​သားဒုတ်​ထိုးသည်​ဆိုင်​များ၊ ထိုးမုန့်ဆိုင်​တို့ ရှိ​လေသည်​။ ခင်းကျင်းထားပုံမှာလည်း ၈၄ လမ်းမကြီး လက်​ဝဲ လက်​ယာနှင့်​ အလယ် ခေါင်​တို့တွင်​ ခင်းကျင်းထား​လေသည်​။ ​၁၉၇၇- ၁၉၇၈ ခုနှစ်​​လောက်​တုန်းကဆို မန္တ​လေး​ဈေးချိုည​ဈေးတန်းမှာ အလွန်​စည်း ကား​လေသည်​။ နာရီစင်​ထိပ်​မှ စကာ ၃ ပြတိတိ စား​သောက်​ဖွယ်​ရာ စားသုံးသူ၊ ဝယ်​ယူသူများနှင့်​ အလွန်​စည်းကားလှ​ပေသည်​။ ​ဈေးသည်​များ၏ ​ဖော်​​ရွေသောအ​ပြောများ​ကြောင့်​ ဝယ်​သည်​ မဝယ်​သည်​အပထား မန္တ​လေး​ဈေးချိုည​ဈေးတန်း​လေးမှာ လူအများအပြားစည်​ကားသည်​။

နာရီစင်​ထိပ်​တွင်​ အ​ကြော်​ဆိုင်​ အ​အေးဆိုင်​များ ​နောက်​စာအုပ်​တန်း ထိုးမုန့်​တန်းများဖြင့်​ မန္တ​လေးရဲ့ညချမ်း​လေးကို အလှ ဆင်​ကြ​လေသည်​။ ကျွန်​​တော်​ငယ်​ငယ်​တုန်းကဆိုရင်​ စက်​ဘီး​လေးတစ်​စီးဖြင့်​ ညပိုင်းတွင်​ လမ်း​ဘေးတက္ကသိုလ်​၌ ဘဝ အတွက်​ ပညာများကို ဆည်းပူး​လေ့လာရ​လေသည်​။ ထိုကဲ့ လမ်း​ဘေးတက္ကသိုလ်​၌  ​ ပညာများဆည်းပူးသလို တခါတခါ တွင်​လည်း လက်​ဖက်​ရည်​ဖိုးမရှိသဖြင့်​ ​လေး​လေး၏စာအုပ်​များကို  လမ်း​ဘေးတက္ကသိုလ်​လေး၌ ​ရောင်းစားဖူး​လေသည်​။ တက​နေ့ဆိုရင်​ဖြင့်​ ည​နေ ၆ နာရီကတည်းကပင်​ ထိုလမ်း​ဘေးတက္ကသိုလ်​​လေးစာထိုင်​ဖတ်​လိုက်​တာ ဆိုင်ရှင်ဦး​လေးကြီး ကစာအုပ်​​တွေသိမ်း​နေတာ​တွေ့​တော့မှ နာရီကြည့်​မိပြီး ဆိုင်​သိမ်းချိန်​​ရောက်​မှန်းသိ​ပေသည်​။

အခု​ခေတ်​က​လေး​တွေကို ည​ဈေးတန်းလို့ ​ပြောလိုက်​လျှင်​ တရုတ်​တန်း ည​ဈေးတန်းလားလို့ လာ​မေး​လေသည်​။ ရင်​နင့်စ ရာပါပဲ။ အဲဒီတရုတ်​တန်း ည​ဈေးတန်းက ၁၉၉၀ ​နောက်​ပိုင်းမှ စပြီးဖြစ်ပေါ်လာသည်​။ ကျွန်​​တော်​တို့မန္တ​လေး​ဈေးချိုည​ဈေး တန်းက ​ဈေးချို​တော်​ရုံကြီး ၁၂ ရုံကတည်းရှိတာ။တရုတ်​တန်းည​ဈေးတန်းက မ​နေ့တနေ့မှ​ ပေါ်လာတာပါ။ သူတို့လို လူငယ်​​လေး​တွေက အခုလို​ပြော​တော့ ကျွန်​​တော်​စိတ်​ထဲ၌ ငါ့တို့ မန္တ​လေးမြို့ကြီးဟာ ဘိုးဘိုး​အောင်​​မြို့ဖြစ်​​နေပြီ။ “ဝ” တစ်​လုံးပျက်​ရင်​ “ဝ” နှစ်​လုံး၊ “ဝ” နှစ်​လုံးပျက်​ရင်​ “ဝ” ​လေးလုံး ဟို​နေရာ “ဝ” ဒီ​နေရာ တရုတ်​နဲ့တ​မြို့လုံးလည်း ထုံးသုတ်​စရာမလိုပဲ ​ဖွေး​​နေပြီလို့​ တွေးမိသည်​။

ဒီမြို့​လေးကအ​ပြောင်းအလဲ​တွေ မကြာခဏဖြစ်​​နေလို့ လူငယ်​​လေး​တွေသိ​အောင်​​ ရေးသား​တင်​ပြလိုင်ခြင်းဖြစ်​ပါတယ်​။ ည​ဈေးတန်းလို့ ပြောလိုက်​တာနဲ့ ​ဈေးချိုည​ဈေးတန်းဆိုပြီး သိရှိနိုင်​ပါ​စေ။ အမှန်​အတိုင်းမြင်​နိုင်​ကြပါ​စေ…။  ။

လေးစားလျက်
နေဝန်းနီ (မန္တ​လေး)

ပန်းချီဆရာ – ခင်မောင် (ဘဏ်) ဖြစ်ပါတယ်။ ပန်းချီကို ဒီနေရာက ယူပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts