U Chit Hlaing (Ko Ko Maung Gyi) and Shwe Son Nyo (Photo – Yan Naung (Botahtaung) |
ရန်နောင်(ဗိုလ်တထောင်) – ဘုံဘဝ သခင်တင်မြနဲ့ သေသည်အထိ လက်တွဲခဲ့သူ ဦးချစ်လှိုင် (စာရေးဆရာ ကိုကိုမောင်ကြီး ) ၏ ပြောကြားချက်များ
(မိုးမခ) မတ် ၁၈၊ ၂၀၁၅
ညနေဘက် ဗိုလ်တထောင်ဘုရားသို့ ဘုရားဖူးသွားဖြစ်ခဲ့သည်။ ဘုရားတွင် စာရေးဆရာ ဆရာရွှေစွန်ညို နှင့် တွေ့သောအခါ –
“ဟိုမှာ ဦးကိုကိုမောင်ကြီး ရောက်နေတယ်။ မင်း မေးချင်တာရှိရင် မေးပါလားကွာ ” ဟု ပြောပါသည်။ ကျနော် လည်း ဆာနေတုန်း စတုဒိသာနှင့် တိုးဆိုသလို “ ဟာ အဘ ဒါဆို ကျနော်မေးချင်တယ် ” ဆိုတော့ အဘ ရွှေစွန်ညိုက စာရေးဆရာ ကိုကိုမောင်ကြီး နှင့် မိတ်ဆက်ပေးခဲ့သည်။
စာရေးဆရာ ကိုကိုမောင်ကြီးသည် အသက် (၈၆) နှစ်ပြည့်ချိန် သူ့ အသံမှာ အားသန်သန်နှင့် ရှိနေတုန်းပင်ဖြစ်သည်။ စမိတ်ဆက်ပြီးပြီးချင်း“ ခင်ဗျားနာမည်ပြော၊ ကျုပ်က မြင်ရတာ မဟုတ်ဘူး၊ အသံပဲ နားထောင်ရတာ ” ဟု ပြောသောအခါ ကျနော် ဇရာသဘောကို ရင်နင့်စွာ တွေ့လိုက်ရသည်။“ ခင်ဗျား သိချင်တာ မေးပါ။ ကျနော် အကုန်ဖြေပေးပါ့မယ် ” ဟုလည်း ရိုးသား နှိမ့်ချစွာဖြင့် ကျနော့်လို မြေးအရွယ်၊ မြစ်အရွယ်ကို အလေးထား ပြန်လည် ဖြေကြားပေးသည်မှာလည်း လေးစားဖွယ်ပင်ဖြစ်သည်။
စာရေးဆရာ ကိုကိုမောင်ကြီး (ဦးချစ်လှိုင်) နှင့် ကျနော်တို့ စာရေးဆရာရွှေစွန်ညို( ဦးခင်ဆွေ) ၏ မိတ်ဆက်ပေးမှုဖြင့် တွေ့ရသည့်အချိန်အနည်းငယ်အတွင်း စာရေးဆရာ သခင်တင်မြ နှင့် ပတ်သက်၍ မေးမြန်းထားမှု အနည်းငယ်ကို စာဖတ်သူများအား တဆင့်ပြန်လည် ဖောက်သည်ချပြရမည်ဆိုသော်…..
“ သခင်တင်မြ နဲ့ ကျနော်တို့က ၁၉၄၄ ခု ဇန်နဝါရီလ၊ လောက်ထဲက သူသေတဲ့အချိန်အထိ တယောက်နဲ့ တယောက် တောက်လျှောက်ချည်း ခင်မင်လာခဲ့တဲ့သူ။ ခင်များတချက်နှစ်ချက်တော့ မေးလို့မရဘူး။ ၁၉၄၄ ခု ဇန်နဝါရီလက စ – သူသေတဲ့အချိန်အထိ ကျနော်နဲ့သူ တခါမှ အဆက်အသွယ် မပြတ်ကြဘူး ။ ပြတ်တာက သူတောခိုနေတဲ့ လေးနှစ်ပဲ အဆက်အသွယ်ပြတ်တယ် ။ သူတောခိုပြန်လာတဲ့အခါ ထောင်ကျနေတုန်းမှာ လမ်းစဉ်ပါတီမဖွဲ့ခင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ကြေငြာတဲ့နောက် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ကို သူက ထောက်ခံတယ်ဆိုလို့ ဦးနေဝင်းက ခိုင်းလို့ ဗိုလ်မှူးကြီးစောမြင့်ရယ်၊ ကျနော်ရယ်၊ နှုတ်ခမ်းမွှေး ဗိုလ်မှူးကြီးမောင်လွင်ရယ်၊ ဦးစောဦးရယ် သူ့ကို ထောင်ထဲက သွါးထုတ်ပြီးတော့ လမ်းစဉ်ပါတီနေရာပေးခဲ့တာ ကျုပ်တို့ပေးခဲ့တာ ။သဘောပေါက်လား ။ …
သူနဲ့ ကျနော်က ဂျပန်ခေတ်မှာ သခင်စိုးဦးစီးတဲ့ ကွန်မြူနစ်ပါတီ ဗမာပြည်( ခေတ္တ အိန္ဒိယ) ဆိုတဲ့ပါတီမှာ ဒုတိယအသုတ်ခေါင်းဆောင်ထဲမှာပါခဲ့တယ်။ အဲဒါ ကိုတင်မြ နဲ့ ပတ်သက်လို့ ဖြစ်တာ။ အဲဒီက စခင်တာ ကွယ်လွန်တဲ့ အချိန်အထိပဲ။ သခင်တင်မြက ဂျပန်ခေတ်တုန်းက သခင်စိုးနဲ့ သခင်တင်မြက ကွန်မြူနစ်ပါတီကို ထောင်ခဲ့တာ ။ အဲဒီထဲမှာပါတဲ့ ကိုထိန်လင်းတို့၊ ကိုထွန်းစိန်တို့ ၊ကိုထွန်းရင်တို့၊ ကိုထွန်းသန်းတို့၊ ကိုကျော်ဝင်းတို့၊ကိုစံညွန့် တို့ဆိုတာ သခင်တင်မြ စည်းရုံးခဲ့တာ။ ဒုတိယ အသုတ်စည်းရုံးတဲ့ အထဲမှာ ကျနော်ပါတယ်။ သူက လက်မှုပညာလည်းတော်တယ်။ လက်မှုပညာက သူက မျက်မှန်လုပ်တတ်တယ်။ တခြားဟာတွေလည်းလုပ်တတ်တယ်။အဖက်ဖက်က တော်တယ် သူက။ ဒါပေမဲ့ သူက တကယ့်နိုင်ငံရေးသမားအစစ် ။ အစအဆုံး နိုင်ငံရေးလုပ်လာတာ ။အဲတော့ သူ့အကြောင်းက ဘာပြောရမလဲဆိုတော့ သူက ကျနော်သိသလောက်တော့ ကိုယ်ကျိုးမရှာဘူးဗျာ။သန့်သန့်ရှင်းရှင်းလုပ်တယ် သူယုံကြည်တာကို။
သူတောခိုတဲ့ အခါကျတော့ ကျနော်တို့ နဲ့ ကွဲသွားတယ်။ဘာကြောင့်ဆိုတော့ ကျနော်တို့က တောခိုတဲ့ ဝါဒကို မယုံဘူး ။ သူကယုံတယ်။ ယုံပေမဲ့လို့ကျုပ်တို့က ဝါဒချင်းမတူပြန်ပေမဲ့လို့ လူချင်းခင်တယ် ။ သူတိတ်တိတ်ပုန်း မြေအောက်လှုပ်ရှားမှု သွားလာနေပေမဲ့ ကျုပ်တို့ အစိုးရကို ချောက်မချခဲ့ဘူး ။ ကျနော်တင် ချောက်မချတာမဟုတ်ဘူး ။ ကျနော့်ယောက်ဖ သခင်သာခင်ဆိုတာ ပြည်ထဲရေးဝန်ကြီး၊ သူနဲ့က ခဏခဏ ဆုံတယ်။ ဒါပေမဲ့ သခင်သာခင် သူ့ကို မဖမ်းဘူး ။ဘာဖြစ်လို့ဆို ကိုတင်မြက သူယုံကြည်တာပဲ လုပ်တယ်။သူမယုံကြည်ပဲနဲ့ မလုပ်ဘူး ။
ပထမ သခင်စိုးနဲ့နေတယ်။နောက် သခင်စိုးကို မယုံကြည်တဲ့အခါမှာ သာယာဝတီထောင် ကို ဗိုလ်သက်ထွန်း လာဖောက်တဲ့အခါမှာ သူ ဗကပ ဘက်ကို ပါသွားရတယ်။ သူပြန်လို့မရဘူး ။တခါ ဗကပ လုပ်ပုံတွေကို မကြိုက်တာနဲ့ သူဒီဘက်ကို ကူးလာဖို့ လုပ်တယ် ။ မကူးလာခင် မြေအောက်လောက လုပ်နေတုန်းမှာ သူရယ်၊ ကိုဘခက်ရယ် ၊ ကိုလှမြိုင် ရယ် မြေအောက်မှာ တူတူလုပ်ကြတုန်းမှာ ဖမ်းမိသွားတယ်။ ကိုလှမြိုင်တော့ မဖမ်းပါဘူး ။ ကိုလှမြိုင် က အစောကြီးရောက်တယ်။ ကိုတင်မြကို ဖမ်းလို့ ထောင်ထဲရောက်သွားတာ ။ အင်းစိန်ထောင်ကိုရောက်တာပေါ့ ။
လမ်းစဉ်ပါတီ ဖြစ်လာတဲ့အခါကျတော့ သူက ကျနော်တို့ လမ်းစဉ်ပါတီကို ထောက်ခံတယ်ဆိုလို့ ကျနော်နဲ့၊ ဗိုလ်မှူးကြီးစောမြင့် နဲ့ ဦစောဦး နဲ့ ဗိုလ်မှူးကြီးမောင်လွင် နဲ့ ထောင်ထဲကထုတ်လာပြီး လမ်းစဉ်ပါတီမှာ နေရာပေးခဲ့တာ။ အဲဒီကနေစပြီး ကျနော်တို့ လမ်းစဉ်ပါတီအလုပ်ကို တောက်လျှောက်လုပ်လာတာ သူက ဗဟိုကော်မတီတောင်ဖြစ်သေးတယ် ။
သူဗဟိုကော်မတီ ဖြစ်တော့ ပါတီထဲမှာ ကျနော် မရှိတော့ဘူး ။ သူ ဗဟိုကော်မတီရေးရာ အတွင်းရေးမှူးလုပ်ပြီးတော့ ပါတီကနေ ဘယ်အချိန်နားသွားလဲ ကျနော် မသိဘူး ။ သူနဲ့ မတွေ့တာ အဲ့နောက်ပိုင်း မတွေ့ဘူး ။
ဒီဘက်ခေတ် အရေးအခင်း ပြီးမှ ပြန်တွေ့တာ ။ အဲတော့ သိပ်အဆက်မပြတ်ပါဘူး။ သူ့မှာ ဘာမှ မရှိဘူးဆိုတာ တော့ မဟုတ်ဘူး ။ သူလိုအပ်တာတွေ အစိုးရ ကထောက်ပံ့တယ်။ သူရောင်းခဲ့တဲ့ အိမ်ကြီးက ဟိုအရင် မဆလ လက်ထက်က သူ့ကိုပေးခဲ့တာ။ ဟို အရင် ရွှေတောင်ကြားမှာ နေခဲ့တဲ့ အိမ်ကြီးလည်း ရှိခဲ့သေးတယ်။ သူ့မိန်းမနဲ့သူ့သားသမီးတွေ မနေခင် ရွှေတောင်ကြားမှာ နေခဲ့သေးတယ်။ လုံးလုံးဘာမှ မရှိတာတော့မဟုတ်ဘူး ။ ရှိသင့်သလောက်တော့ ရှိခဲ့တယ် ။ ရှိပေမဲ့လို့ အလုပ်အကိုင်က နောက်ပိုင်းမှာ သိပ်တိတိကျကျ မဟုတ်တော့ နောက်ပိုင်းမှာ ကုန်တာပေါ့ဗျာ ။
အခု ကျနော်သိသလောက်တော့ ရန်ကုန်တိုင်း ဗိုလ်ချုပ်ကြီးမြင့်ဆွေ တို့၊ သမ္မတကြီး ဦးသိန်းစိန်၊ ဗိုလ်ချုပ်ကျော်ဆန်း၊ နောက် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် တို့ရော သူမကျန်းမာတော့ တတ်နိုင်သမျှ အတော်ပေးကြပါတယ်။ ပေးပေမယ့်လို့ဗျာ ဒီခေတ် ပိုက်ဆံက ဘယ်လောက်ပေးပေး ဘယ်လောက်မလဲ ဟုတ်လား ။ နေမကောင်းတာကိုး ။ သေတာကတော့ နေမကောင်းရင်းက လေဖြတ်သလိုဖြစ်သွားပြီး သတိတွေ ဘာတွေ မေ့ကုန်တာပေါ့ဗျာ။ ခင်ဗျားပြောသလို သူဘာမှ မရှိဘူး၊ နှမြောတယ်ဆိုတာက သူက အစိုးရ အလုပ်လည်း သူလုပ်တာမှ မဟုတ်ပဲကိုး။ သူက နိုင်ငံတော်ကောင်စီ ဘက်မှာ မပါဘဲ လမ်းစဉ်ပါတီဘက်မှာ ပါတာလားမသိဘူး ။
သူ၊ ဦးရဲထွဋ် တို့ပထမတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကူသေးတယ်။ နောက်တော့ သူတို့ကို ဖယ်ထုတ်လိုက်တယ်။ ကျနော်က အဲဒီတုန်းက ဒီမှာ မရှိတော့ သိပ်မသိဘူး ။ …”
ထိုစဉ်တွင် စာရေးဆရာ ကိုကိုမောင်ကြီး ၏ တူမဖြစ်သူမှ မွေးနေ့အဖြစ် ဘုရားကို လာခြင်းဖြစ်ကြောင်း၊ ညနေ ၆ နာရီမှ ၇နာရီ အထိ ဗိုလ်တထောင် ဘိုးဘိုးကြီး (ရောဟဏီဘိုးဘိုးကြီး) တွင် အဓိဋ္ဌာန်ပြုမည်ဖြစ်၍ အခုပင် ၇ နာရီ ထိုးတော့မည်မို့ ကျနော်လည်း သူတပါး၏ မွေးနေ့တွင် သေဆုံးသူ တစ်ယောက်အကြောင်း အင်တာဗျူးမိလျက်သား ဖြစ်နေခြင်းကိုသာ တအံ့တဩဖြစ်ခဲ့မိသည်။ ထိုမေးမြန်းမှု ဖြစ်မြောက်ရေးအတွက် အကူအညီပေးခဲ့သော စာရေးဆရာရွှေစွန်ညို အားအထူးပင်ကျေးဇူးတင်ရှိပါကြောင်း လည်း မှတ်တမ်းတင်လိုက်ရပါတော့သည်။