သတင်းပဒေသာ

ပအိုဝ်းအမျိုးသားနေ့ အမေရိကန်ပြည်ထောင်စုတွင် ခြမ့်ခြိမ့်သဲကျင်းပ

 ပအိုဝ်းအမျိုးသားနေ့ အမေရိကန်ပြည်ထောင်စုတွင် ခြမ့်ခြိမ့်သဲကျင်းပ
တက္ကဆက်၊ အမာရီလို။ ။ မတ်လ ၁၄၊ ၂၀၁၅

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အမာရီလိုမြို့တွင်ကျင်းပပြုလုပ်ခဲ့သော စတုတ္ထအကြိမ်မြောက် ပအိုဝ်းအမျိုး သားနေ့ အခမ်းအနားမှာ တိုင်းရင်းသားပေါင်းစုံ ပူးပေါင်းပါဝင် တက်ရောက်အားပေးခဲ့ကြသဖြင့် ခြိမ့်ခြိမ့်သဲစည်ကားခဲ့ကြောင်း သတင်းရရှိသည်။

ကောဇာသက္ကရာဇ် ၁၃၇၆ခုနှစ်၊ ခရစ်သက္ကရာဇ် ၂၀၁၅ ခုနှစ် မတ်လ (၄) ရက်၊ တပေါင်းလပြည့်နေ့ တွင် ကျရောက်ခဲ့သော ပအိုဝ်းအမျိုးသားနေ့ ကို အမေရိကန်ပြည်ထောင်စု တောင်ဖက်ခြမ်း တက္ကဆက်ပြည်နယ် အမာရီလိုမြို့ရောက် ညီညွတ်သော ပအိုဝ်းတိုင်းရင်းသားများက မတ်လ ၈ ရက် တနင်္ဂနွေနေ့တွင် အမာရီလိုမြို့ရှိ ဇေယျသုခ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းအနီး မြန်မာနိုင်ငံသားများ အများစုနေထိုင်သည့် (Evergreen) ရပ်ကွက်ရှိ (Vientiane Night, 6007) ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

အခမ်းအနားကို အစီအစဉ်နှစ်ရပ်ဖြင့် ကျင်းပခဲ့ရာ ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် စတင်ဖွင့်လှစ်ခဲ့ပြီး အခမ်းအနား အစီအစဉ် ပထမပိုင်းတွင် ပအိုဝ်းအလံတော်ကို အလေးပြုခြင်း၊ သဘာပတိမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ပအိုဝ်းသမိုင်း ကြောင်းကို ရှင်းလင်းဖတ်ကြားခြင်း၊ ပအိုဝ်းအမျိုးသားနေ့ကျင်းပရသည့်ရည်ရွယ်ချက် ပြောကြားခြင်း၊ ပြည်တွင်းပြည်ပမှ တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်းများနှင့် လူမှုအသင်းအဖွဲ့အစည်း အသီးသီးမှပေးပို့သော သ၀ဏ်လွှာများကို ဖတ်ကြား ခြင်းနှင့် ကျေးဇူးတင်စကား ပြောကြားခြင်း စသည့်အစီအစဉ်များ ပါဝင်ခဲ့သည်။

ပအိုဝ်းအမျိုးသားနေ့ကျင်းပရသည့် ရည်ရွယ်ချက်မှာ အမာရီလိုမြို့ အနီးတ၀ိုက်တွင် ရောက်ရှိနေထိုင်ကြသည့် ပအိုဝ်းအမျိုး သားများ အချင်းချင်း ချစ်ကြည်ရင်းနှီး စည်းလုံးညီညွတ်မှု၊ ဘာသာ သာသနာရေးနှင့် သာရေးနာရေးကိစ္စရပ်များကို မြန်မာတိုင်းရင်းသားများနဲ့ အတူတကွလက်တွဲပူးပေါင်း ဆောင်ရွက်နိုင်ရေး၊ အနာဂတ်လူ့ အဖွဲ့ စည်းများရဲ့ ခေါင်းဆောင်များ ဖြစ်လာကြမည့် ပအိုဝ်းမျိုးဆက်သစ်လူငယ်များကို မိမိတို့၏ ကောင်းမွန်သောဓလေ့ထုံးတမ်းအစဉ်အလာ ရိုးရာယဉ်ကျေးမှု စာပေ၊ ဘာသာစကားနှင့် သမိုင်းအမွှေအနှစ်များကို လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက် ဖော်ထုတ်ပေးနိုင်ရေးဆိုသည့် ရည်ရွယ်ချက်များဖြင့် ပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပအိုဝ်းအမျိုးသား “ခွန်လှဌေး” မှ ရှင်းလင်းပြောကြားခဲ့သည်။

ပအိုဝ်းအမျိုးသားနေ့ အောင်အောင်မြင်မြင် ကျင်ပပြီးစီးနိုင်အောင် အဖက်ဖက်မှ ကာယအား ဉာဏအားများဖြင့် တတ်စွမ်း သမျှ အင်တိုက်အားတိုက် ၀ိုင်းဝန်းပံ့ပိုးပေးခဲ့ကြသော တိုင်းရင်းသား ညီကိုမောင်နှများကို လေးလေးနက်နက် ကျေးဇူး ဥပကာရ အထူးတင်ရှိကြောင်း ပအိုဝ်းမိသားစုများကိုယ်စား အမာရီလိုမြို့ ညီညွတ်သော ပအိုဝ်းတိုင်းရင်းသားများအဖွဲ့ ဥက္ကဌ “နန်းနွယ်နွယ်ကျော်” မှ ပြောကြားခဲ့သည်။

အခမ်းအနားအစီအစဉ် ဒုယပိုင်းတွင် ဖျော်ဖြေရေးနှင့် ကျွေးမွေးဧည့်ခံရေး အစီအစဉ်များ ပါဝင်ခဲ့သည်။ ဖျော်ဖြေရေးအစီအစဉ် တွင် ၀ိဇ္ဖာ နဂါး နှစ်ပါးသွားအက၊ ပအိုဝ်း အမျိုးသားတော်လှန်ရေးသီချင်း၊ ပအိုဝ်းရိုးရာ တေးသီချင်း၊ ပအိုဝ်းရင်သွေးငယ်များ၏ မြူးကြွသည့်အကအလှ၊ ကချင်တိုင်းရင်းသား အကအလှ၊ ဇူမီး ချင်းတိုင်းရင်းသား အကအလှ၊ မွန်တိုင်းရင်းသား အကအလှ၊ KBS ကရင်ဗုဒ္ဓဘာသာ အဖွဲ့ အစည်း အမာရီလိုမြို့  ထီးဆယ်မယ်ယွာ ဘုန်းတော်ကြီးကျောင်း၏ ကရင်ရိုးရာ ယဉ်ကျေးမှု အကအလှ၊ ကရင်ရိုးရာ ဒုံးယိမ်းအကအလှ၊ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာ အဖွဲ့  အစည်း၏ တိုင်းရင်းသားပေါင်းစုံ ပါဝင်သည့် “စည်းလုံးခြင်းရဲ့အင်အား” တေးသီချင်း အကအလှ စသည့်တေးသီချင်း အကအလှများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ဖျော်ဖြေခဲ့ကြပြီး ရိုးရာစားသောက်ဖွယ်ရာ အမယ်စုံလင်စွာဖြင့် ကျွေးမွေးဧည့်ခံကြသည်။

ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားသို့အမာရီလိုမြို့နှင့် အနီးတ၀ိုက်မြို့များမှ ပရိတ်သတ် ၆၀၀ ကျော်ခန့် တက်ရောက် အားပေးခဲ့ကြပြီး အခမ်းအနားကို ဒေသစံတော်ချိန် ညနေ ၄ နာခန့်တွင် အောင်မြင်စွာ ရုပ်သိမ်းပြီးဆုံးခဲ့ကြကြောင်း သိရှိရ သည်။

ပအိုဝ်းအမျိုးသားနေ့ ဖြစ်ပေါ်လာပုံမှာ သုဝဏ္ဏဘူမိသထုံပြည်ကြီးတွင် အုပ်စိုးခဲ့သော ပအိုဝ်မင်းဆက် (၁၅၈)ဆက် ရှိသည့် အနက် မဟာသက္ကရာဇ် (၃) ခုနှစ် “တပေါင်းလပြည့်” စနေနေ့ ၊ လ၀င် နေထွက် လရောင်နေရောင် ထွန်းလင်းရော ယှက် သည့် အချိန်တွင် ဖွားမြင်သန့် စင်တော်မူပြီး မဟာသက္ကရာဇ် (၁၄) ခုနှစ်တွင် နန်းတက်ခဲ့ပြီး ထင်းရှားကျော်ကြား ဘုန်းတန်ခိုးအကြီးမြတ်ဆုံးဖြစ်သော သူရိယစန္ဒာမင်းကြီး မွေးနေ့တပေါင်းလပြည်နေ့ကို “ပအိုဝ်အမျိုးသားနေ့” အဖြစ် ဂုဏ်ပြု သတ် မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုမင်းစိုးစံစဉ် သုဝဏ္ဏဘူမိသထုံပြည်ကြီးသို့ မြတ်စွာဘုရားရှင် ကြွရောက်တော်မူပြီး တရားရေအေး အမြိုက်ဆေးများ တိုက်ကျွေးတော်မူရာ၊ သူရိယစန္ဒာမင်းကြီးအား အကြောင်းပြု၍ သထုံတိုင်းသူပြည်သားတို့ ဗုဒ္ဓဘာသာဝင်ဖြစ်ရခြင်း၊ တပေါင်းလပြည့်နေ့ တွင် ဓါတ်တော်၊ မွေတော်နှင့် စေတီဘုရားတို့ကို ဆွမ်း၊ ရေချမ်း၊ ဆီမီး၊ ပန်းတို့ လှူဒါန်းပူဇော်၍ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပခြင်း၊ သထုံတိုင်းသူပြည်သားတို့၏ အမျိုးဂုဏ်ကို ထွန်းပြောင်စေခြင်း စသည့် ကြီးမားသော ဂုဏ် ကျေးဇူးတော်တို့ကို အထိမ်းအမှတ်ပြုသောအားဖြင့် တပေါင်းလပြည့်နေ့ကို “မွူနီခွိုပအိုင်း-ပအိုဝ်းတိုင်းရင်းသားနေ့” အဖြစ် သတ်မှတ်ဂုဏ်ပြု ကျင်းပလာခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။

ရုပ်သံမှတ်တမ်းအား ကြည့်ရှုရန်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts