Han Thit Naing သတင်းပဒေသာ

ဟန်သစ်နိုင် – လူမှုရေးအသင်းအဖွဲ့အားတိုက်ခိုက်ခြင်းသည် အလွန်ရုပ်ဆိုးသောဖြစ်ရပ်ဖြစ်ဟု ဦးကျော်သူပြော

ဟန်သစ်နိုင် – လူမှုရေးအသင်းအဖွဲ့အားတိုက်ခိုက်ခြင်းသည် အလွန်ရုပ်ဆိုးသောဖြစ်ရပ်ဖြစ်ဟု ဦးကျော်သူပြော
(မိုးမခ) မတ်လ ၁၄၊ ၂၀၁၅

မတ်လ ၁၂ ရက်နေ့တွင် ဒဂုံမြောက်ပိုင်း နာရေးကူညီမှုအသင်း (ရန်ကုန်) တွင်ကျင်းပသော ပညာရေးပြုပြင်ပြောင်းလဲမှုအတွက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်တောင်းဆိုနေသော ကျောင်းသား၊ ကျောင်းသားများနှင့် ပြည်သူလူထုတို့ကို ရက်စက်စွာအကြမ်းဖက်နှိမ်နင်းမှုအား ကန့်ကွက်ရှုံ့ချခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းထားသော ကျောင်းသား/သူများ အမြန်လွှတ်ပေးရေး တောင်း ဆိုပွဲ အခမ်းအနားကို ပြုလုပ်ခဲ့သည်။

နာရေးကူညီမှုအသင်းသည် လူသားချင်းစာနာမှုနှင့် လုပ်ကိုင်နေသောအဖွဲ့၊ အလုပ်ဖြစ်ကြောင်း၊ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ကျန်းမာရေးအတွက် ဒုက္ခရောက်နေသောကျောင်းသားများကိုကူညီရာတွင် လူနာတင်ယာဉ်ကို ခဲဖြင့်ပေါက်၊ တုတ်ဖြင့် ရိုက်ခြင်း၊ ဒဏ်ရာရလူနာများကို အတင်းဆွဲထုတ်ခြင်း များပြုလုပ်ခဲ့ကြောင်း၊ လူသာချင်းစာနာသည့်အတွက် လူပီသစွာလုပ်ဆောင်သော်လည်း ယခုကဲ့သို့ပြုမူလုပ်ဆောင်သောဖြစ်ရပ်သည် အင်မတန် အကျည်းတန်အရုပ်ဆိုးကြောင်း နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ဥက္ကဌ ဦးကျော်သူမှ ပြောကြားခဲ့သည်။

ဆက်လက်၍ “ပြည်သူလူထုမှ တင်မြှောက်သောအစိုးရဆိုရင် ပြည်သူလူထုကို ဒီလိုအကြမ်းဖက်ဖို့မလိုပါဘူး။ နောက်နောင် ပြည်သူလူထုတင်မြှောက်တဲ့ အစိုးရဆိုပြီးတော့ မပြောပါနဲ့” ဟု ပြောသည်။

ဦးကျော်သူမှ ရွှေပါရမီတောရ အရှင်ဆန္ဒာဓိကမှပေးပို့သောမှ အကြမ်းဖက်မှုဆန့်ကျင်ရှုံ့ချသောသဝဏ်လွှာကိုလည်း ဖတ်ပြ ခဲ့သည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုမင်းကိုနိုင်မှပြောကြားရာတွင် အကြမ်းဖက်နှိမ်နင်းခြင်း အပြုမူ သည် ၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက လုပ်ခဲ့တဲ့ အင်မတန်ရိုးနေ အင်မတန်ယဉ်နေတဲ့လက်တွေကနေပြီး ထပ်ခါထပ်ခါလုပ်တဲ့ အပြုမူဖြစ်ကြောင်း၊ ဥပဒေနှင့်အညီဟုပြောနေသူများသည် လူတစ်ယောက်ကိုဖမ်းဆီးပြီးရာတွင်လည်း ဥပဒေမဲ့ အငြိုးကြီး ထိုးကြိတ်ရိုက်နှက်ခြင်းများဟာ ဥပဒေနှင့်မညီညွှတ်ကြောင်း၊ နိုင်ငံသားများသည် နိုင်ငံသားအခွင့် အရေး ဖြစ်တဲ့ လွတ်လပ်စွာဆန္ဒပြဖော်ထုတ်ရာတွင် ထိခိုက်နစ်နာ အခွင့်အရေးဆုံးရှုံးခြင်း၊ ဘဝ အသက် လုံခြုံမှု ကင်းမဲ့သူများ အဖြစ်ရှိ နေကြောင်း၊ ပြုပြင်ပြောင်းလဲရေးဟု ဆိုင်းဘုတ်တွေ ဘယ်နှစ်ခုတပ်တပ် ယုံကြည်လက်ခံမည်မဟုတ်ကြောင်းများ ပြောကြားသည်။

“ကျနော်တို့အားလုံးဟာ နောက်ထပ်ရင်ဆိုင်ရမယ့်အချိုးအကွေ့တွေမှာ ရက်စက်ကြမ်းကြုတ်စွာဖြေရှင်းချင်သူတွေရဲ့ ပရိ ယာယ် မာယာအင်အားတွေကို ကျနော်တို့ စုစည်းညီညာတဲ့အားတွေနဲ့ တွန်းလှန်ပြီးတော့ အခက်အခဲအားလုံးကျော်နိုင်တဲ့ ဉာဏ်ပညာရော ရဲစွမ်းသတ္တိရောပြည့်ဝတဲ့ နိုင်ငံသူ နိုင်ငံသားများ အမှန်တရားဘက်တော်သားများအဖြစ် လက်တွဲနိုင်ကြပါ စေ” ဟု ပြောကြားခဲ့သည်။

ပညာရေးပြုပြင်ပြောင်းလဲရေးတွင် တစိုက်မတ်မတ်ပါဝင်ဆောင်ရွက်ခဲ့သော ဒေါက်တာသိန်းလွင်မှလည်း ပြောကြားရာတွင် ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် ကျောင်းသားထုအစည်းအဝေးသည် အစိုးရမှပြဌာန်းလိုက်သော အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်ခဲ့ပြီး သပိတ်မှောက်ခဲ့ကြောင်း၊ ထိုမှကျောင်းသားကိုယ်စားလှယ် ၁၅ ယောက်ရွေးပြီး ထိုကျောင်းသားများကို ဘယ်သူကမှ ကြိုးကိုင်၊ မြှောက်ပေးခြင်းမရှိခဲ့ကြောင်း၊ လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင်လည်း ကျောင်းသားများတောင်းဆိုသော အချက် (၁၁) ချက်ကိုလက်ခံခဲ့ပြီး လွှတ်တော်သို့တင်သွင်းနိုင်ခဲ့ကြောင်း၊ ထို့နောက်တွင် လေးပွင့်ဆိုင်ရဲ့သဘောတူချက် များနှင့်ကွဲလွဲပြီး ပညာရေးဝန်ကြီးဌာနမှ ကျောင်းသားသမဂ္ဂများ တရားဝင်ဖွဲ့စည်းခွင့်တောင်ဆိုရာတွင်လည်း ကွန်မြူနစ်ဝါဒကိုအသက်သွင်းသည်ဟုပြောကြောင်း၊ ပညာရေးဥပဒေကိုပြင်သောမူကြမ်းသည်လည်း အမျိုးဘာသာ၊ သာသနာကိုထိခိုက် သည်ဟုလည်း မဆိုင်သောစကားများဆိုခဲ့ကြောင်း၊ သပိတ်မှောက်ကျောင်းသားများသည် လက်ပံတန်းမှရန်ကုန်သို့ ငြိမ်း ချမ်းစွာစီတန်းလမ်းလျှောက်မည်ဟု တောင်းဆိုသော်လည်း ရဲအင်အားများစွာဖြင့် တာဆီးပိတ်ပင်၊ ရိုက်နှက်ဖမ်းဆီးခြင်းများခံခဲ့ရကြောင်း၊ ပညာရေးစနစ်ပြောင်းလဲဖို့အတွက် ကျောင်းသားများအနစ်နာခံဆောင်ရွက်သွားနေခြင်းကို ဂုဏ်ယူကြောင်း များ ပြောသည်။

ကျောင်းသားများကို အကြမ်းဖက်မှုအား ရှုံ့ချပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သောကျောင်းသားများ၊ နိုင်ငံရေးအဖွဲ့အစည်းအသီးသီးမှပုဂ္ဂိုလ်များ၊ စာပေပညာရှင်များ၊ ရုပ်ရှင်နှင့် ဂီတသမားများနှင့် ပြည်သူများအသီးသီး တက်ရောက်ခဲ့ကြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts