ကဗျာ ကျော်ဟုန်း

ကျော်ဟုန်း – မင်တက်မျက်ဝန်း အတွေးဖြာ

ကျော်ဟုန်း – မင်တက်မျက်ဝန်း အတွေးဖြာ
(မိုးမခ) မတ် ၁၃၊ ၂၀၁၅

စိုင် ကော်မြောက်လို့ 
ချုံပေါ်ရောက်ခဲ့လေသလား၊
အကျကောင်းလို့ 
ချုံပေါ်ရောက်ခဲ့လေသလား၊
ကံထူးရှင်ကြီးများအကြောင်း
စဉ်းစားနေမိတယ်။

ကြွက်ခုတ်ဖူးတဲ့ အိမ်မွေးကြောင်ကို
ငါးကင် မွှေးမွှေးလေး ကျွေးမိ
ငါးကြော် ကြွပ်ကြွပ်လေး ကျွေးမိ
သားစိမ်း ငါးစိမ်း မစားတော့ဘူး၊
ကြွက် မခုတ်တော့ဘူး။

မုန်တိုင်း ပင်လယ်လှိုင်း
နေခြည်ဖြာ ကမ်းစပ်
လောကပြယုဂ် လောကဓံ ၂ ရပ်။

ကောင်း၊ ဆိုး လောကဓံမှာ
အဆိုးတွေ ကြုံတုန်း
သွေးသံ တရဲရဲ
ချွေးပြန် တရွှဲရွှဲ
ရုန်းထွက်နိုင်ရဲသူတွေ။

ကောင်းခြင်း မီးမောင်းအောက်မှာ
စူးရဲ မျက်ဝန်းအစုံ
ပြူးပြဲ မှင်တက်နေပြီလား။

နေရဉ္စရာ ရေစီးကြောင်းမှာ
အဓိဋ္ဌာန်တွေပျောက်ပြီး
သစ္စာရွှေခွက် ရေမဆန်နိုင်
ရေစီးရာလမ်းအတိုင်း
အလိုက်သင့် မျောနေပေါ့
ချုံပေါ်ရောက်ခဲ့သူကြီးတွေ သစ္စာ
ကျိုးပေါက်ခဲ့ရော့လေသလား၊
အံ့သြကြီးစွာနဲ့ ပဲ
စိုက်ကြည့်ရင်း နှမြောနေမိ။

သြော် …
နေရာရယ်၊ အသပြာရယ်
စိတ်ကို အရောင်ပြောင်းစေတတ်
လောကဓံထဲက စရိုက် သာမန်။    ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts