ခေတ်ပြိုင်အတွေ့အကြုံ မောင်ရစ် ရေခြားမြေခြား မြန်မာများ

မောင်ရစ် – ငါ့သမီး ဆန္ဒပြနေတယ်

မောင်ရစ် – ငါ့သမီး ဆန္ဒပြနေတယ်

(မိုးမခ) မတ် ၁၂၊ ၂၀၁၅

 ဗမာပြည်က အကြမ်းဖက်အစိုးရကတော့ သူ့သရုပ်မှန်ကို ဖော်ပြတဲ့အနေနဲ့ မတ်လ ၁၀ ရက်နေ့မှာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို အကြမ်းဖက် တိုက်ခိုက် ဖြိုခွဲပစ်လိုက်တယ်။ တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ မျက်နှာကို သေနတ်တွေ လက်ကိုင်ဒုတ်တွေနဲ့ ထောက်ပြီးတော့ ပြတ်ပြတ်သားသား ဆောင်ရွက်လိုက်တာပဲ။ အဲသည်မတိုင်ခင် နေ့ မတ်လ ၉ ရက်နေ့မှာ ကျနော်သမီးက ကျောင်းမသွားခင် မိဘတွေကို အသိပေးလိုက်တယ်။ “ဒီနေ့ သမီးတို့ကျောင်းသားတွေ ကျောင်းရှေ့မှာ ဆန္ဒပြကြမယ်၊ ကျောင်းတက်ဖြစ်မှာ မဟုတ်ဘူး” တဲ့။

မောင်ရစ်သမီးက ကယ်လီဖိုးနီးယားပြည်၊ ဆန်ဖရန်ဘေးဧရိယာ၊ ရစ်ခ်ျမွန်မြို့က ဒီအန်ဇာအထက်တန်းကျောင်းသူ၊ နောက်ဆုံးနှစ် ၁၂ တန်း တက်နေတာပါ။ သူ ဆန္ဒသွားပြမှာက ပဲခူးတိုင်း၊ လက်ပံတန်းမြို့က မြန်မာကျောင်းသားတွေ ပိတ်ဆို့ခံထားရတဲ့ သပိတ်စခန်းမှာ မဟုတ်ပါဘူး။ အိမ်ကနေ လမ်းလျောက်သွားရင် ၃ ပြလောက်ဝေးတဲ့ သူ့အထက်တန်းကျောင်းရှေ့မှာ ဆန္ဒသွားပြမှာ ဆိုပဲ။

သူတို့တတွေ ဒီကိစ္စကို လုံးပမ်းနေတာ ကြာပြီ။ ၃ ပတ်လောက် ရှိနေပြီ။ အကြောင်းကတော့ သူတို့ကျောင်းက ဥပဒေအကယ်ဒမီသင်တန်း ဦးဆောင်ဆရာမ မစ်စဒင်းကို ကျောင်းအုပ်နဲ့ မြို့နယ်ပညာရေးဘုတ်အဖွဲ့က အလုပ်ဆက်မခန့်တော့လို့ပါ။ အင်း … မောင်ရစ်လည်း ဒီစာကို ဖွင့်ဆိုရှင်းနည်းနဲ့ ရေးရမယ်။ သူတို့ကယ်လီဖိုးနီးယား အချို့သောအထက်တန်းကျောင်းတွေမှာ Academy တွေရှိတယ်ဗျ။ Law Academy, Tech Academy and Health Academy ဆိုပြီး ဖြည့်စွက်သင်တန်း ၃ ခု ရှိတယ်။ ပုံမှန် သင်ရိုးတွေ၊ အားကစားတွေ၊ ကလပ်အဖွဲ့တွေနဲ့ လှုပ်ရှားမှုတွေ ရှိတဲ့အပြင် အကယ်ဒမီတွေက ဘာလုပ်ပေးသလဲဆိုတော့ ကျောင်းသားတွေ သက်မွေးပညာအတွက် အခြေခံ စာတွေ့လက်တွေ့ သင်ကြားမှု စပယ်ရှယ် သင်တန်းပေါ့ဗျာ။ ဥပဒေတို့ နိုင်ငံရေးတို့ ရာဇ၀တ်မှုရေးရာတို့ စိတ်ဝင်စားသူတွေက Law Academy ယူတယ်။ နည်းပညာသမားဖြစ်ချင်သူတွေက Tech, ကျန်းမာရေး ဆေးပညာစိတ်ပါသူတွေက Health Acedamy ယူကြတယ်။ Academy တွေမှာ ဆရာ ဆရာမတွေက ကျောင်းသားတွေကို ပုံမှန်သင်ရိုးမှာ မပါတဲ့ သူတို့စိတ်ကြိုက် စာတွေ လက်တွေ့တွေ သင်ပေးတယ်၊ အပြင်ထွက်ပြီး လေ့လာတယ်၊ လေ့ကျင့်ကြတယ်။

သမီးက Law Academy ဆိုတော့ တရားရုံး တရားခွင် ဥပဒေတွေ လျောက်လဲချက်တွေ၊ စကားစစ်ထိုးတာတွေ၊ socail and political justice issue တွေ နိုင်ငံရေး လူမှုရေးဆိုင်ရာ တရားမျှတမှုအရေးကိစ္စတွေ လေ့လာ ဖတ်ရှု တင်ပြ ရေးသားတာတွေ လုပ်ကြရတယ်။ ဒီလိုနဲ့ မောင်ရစ်တယောက်လည်း သူလုပ်နေတာတွေ ဘေးက ငေးမောပြီး နားစွင့် သင်အံရတာပေါ့လေ။ သူတို့ပြောမှ အမေရိကန်မှာ school to prison pipeline ဆိုတာကို ကြားဖူးတာဗျ။ ကျောင်းမှာ ဆိုးတဲ့ကလေးကို အချုပ်ထဲ တန်းပို့နိုင်တဲ့ လုပ်ပိုင်ခွင့်တွေ ရှိသတဲ့။ ဗမာပြည်က ကျောင်းသားတွေကို ထောက်လှမ်းရေးနဲ့ စွမ်းအားရှင်တွေ ကျောင်းထဲ ၀င်ဖမ်းချုပ်သလိုမျိုး ဆိုပါလား။ အမေရိကန်က inner-city တွေ (ဆင်ခြေဖုံးကျောင်းတွေ) ဟာ ပညာရေး ထောက်ပံ့မှု ချို့တဲ့တယ်၊ ဆရာတွေက ညံ့တယ်၊ ကျောင်းသားတွေ ဆိုးတယ်၊ သည်တော့ အထက်တန်းကျောင်းတောင် မပြီးဘဲ ကလေးတွေ လေလွင့်ဆုံးရှုံးတယ်၊ အဲသည်မြို့နယ်တွေဟာ လူနေမှုအဆင့် တိုးတက်မှု မရှိကြဘူး … ဒါမျိုးတွေလည်း ကြားရ သိရတယ်။ ဟင် … ငါတို့ဆီမှာလည်း ဒီလိုမျိုးတွေ ဖြစ်နေတာကိုးလေ။ ပြီးတော့ သူတို့ ဥပဒေအကယ်ဒမီသင်တန်းသားတွေက အခြားကျောင်းတွေနဲ့ တရားခွင်မှာ အပျော်တန်း အမှုလိုက်ကြ၊ လျောက်လှဲကြနဲ့ ပြိုင်ကြသေးသဗျ။ တရားရုံးတွေ၊ ရဲစခန်းတွေ၊ ထောင်တွေကိုလည်း သွားလည်ပတ်ကြသေးသတဲ့။ မြို့နယ်နဲ့ ဒေသဆိုင်ရာက အမတ်တွေ ကိုယ်စားလှယ်တွေနဲ့ တွေ့ကြရသတဲ့။ တလောက မြို့တော်ဝန် ရွေးကောက်ပွဲမှာတောင် မဲဆွယ်ပွဲတွေမှာ သူတို့တွေက နှစ်သက်ရာကိုယ်စားလှယ်တွေရဲ့ လှုပ်ရှားမှုတွေမှာ ပါကြတယ် ဆိုပဲ။ အောင်မယ်လေး သူတို့လုပ်နေတာများ ငါတို့ ဗမာပြည်ကကျောင်းမှာဆို ကျောင်းထုတ်ခံရမယ့်အပေါက်တွေချည်းပါလား။

ဒီလိုနဲ့ သူတို့ကလေးတွေရဲ့ ဆရာမ မစ်စဒင်းဟာ ကျနော်တို့အတွက်ပါ ရင်းနှီးချစ်ခင်စရာ ဆရာမ ဖြစ်လာတာပေါ့လေ။ သူက အာဖရိကန်အမေရိကန်မျိုးနွယ်။ အသား ညိုတိုတို။ နယူးယောက်မှာ ကြီးပြင်းပြီး ကျောင်းဆရာမအဖြစ် သမီးတို့ဆီကို ပြောင်းရွှေ့လာတာ စာသင်နှစ် ၂ နှစ်တောင် ရှိခဲ့ပါပြီ။ မစ်စဒင်း ကောင်းမှုနဲ့ ကလေးတွေဟာ ပြောရဲ ဆိုရဲ လေ့လာ ဆွေးနွေးရဲ အသင်းအဖွဲ့ စုဝေးပြီး လုပ်ရဲကိုင်ရဲ ဖြစ်လာလို့ မိဘတွေက ၀မ်းသာ အားရဖြစ်လို့ မဆုံးသေးဘူး … ဒီနှစ်ကုန်ကျရင် အဲသည်ဆရာမကို ကျောင်းအုပ်ကြီးနဲ့ မြို့နယ်ပညာရေးဘုတ်အဖွဲ့က ဆက်ပြီး အလုပ်မခန့်တော့ဘူးလို့ ယတိပြတ်ကြီး ဆုံးဖြတ်ချက် ချလိုက်ကြပါလေရောလား။

အဲသည်ဟာက အမှုသွား ဖြစ်စဉ်ပေါ့ခင်ဗျာ။ သမီးကို အတုယူပြီး ဖြစ်စဉ်ကို ပြောပြရတာလေ။ သည်တော့ သမီးတို့ ကျောင်းသားအုပ်စုက ဒါကို လုံးဝလက်မခံနိုင်ဘဲ မတရားမှုတခုအဖြစ် ရှုမြင်သုံးသပ်လိုက်ကြပါတယ်။ စုဝေးတိုင်ပင်ပြီးနောက် မိဘတွေ ကျောင်းဆရာတွေ ကျောင်းဝန်ထမ်းတွေကို ဖိတ်ကြားပြီးတော့ လွန်ခဲ့တဲ့ ၃ ပတ်က ကျောင်းစာကြည့်တိုက်က အစည်းအဝေးခန်းမမှာ ကျောင်းသားတွေရဲ့ ဆန္ဒထုတ်ဖော်ပွဲ ဆွေးနွေး တင်ပြပွဲ လုပ်ကြပါတော့တယ်။ ဒါကတော့ သူတို့က သူတို့လုပ်ငန်းစဉ်ကို စတင်တည်ဆောက်လိုက်တာပါ။ မောင်ရစ်တို့ မြန်မာပြည်မှာဆို ကျောင်းပြင်ပက ဘုန်းကြီးကျောင်းတို့ လဘက်ရည်ဆိုင်တို့မှာ တိုးတိုးတိတ်တိတ်ဆွေးနွေး တိုင်ပင်ရမယ့်ဟာ သူတို့က ကျောင်းတွင်းမှာပဲ မကျေနပ်ချက်တွေကို ဖွင့်ချပြီး အမှုကို တည်ဆောက်ပြကြတာကလား။ မောင်ရစ်လည်း သူတို့ ဖိတ်လို့ ခပ်ကုတ်ကုတ်နဲ့ ဆန္ဒထုတ်ဖော်ပွဲ တက်ခဲ့ရပါသေးသဗျ။

မိဘတွေ ကျောင်းသူ ကျောင်းသားတွေ လူတွေရှေ့ထွက်ရပ်ပြီး သူတို့ကျောင်းဆရာမကို အလုပ်ဆက်မခန့်ခြင်းအတွက် မကျေနပ်ချက်၊ ဆရာမရဲ့ ဆောင်ရွက်ချက်ကြောင့် သူတို့ကလေးတွေ ဘ၀အမြင် ပညာအမြင် ပြောင်းလဲတိုးတက်မှုတွေကို ရဲရဲတောက် ပြောကြ တင်ပြကြပါတယ်။ သည် ကြားနာပွဲ (အဲလေ ယောင်လို့ ဗမာပြည်က လွှတ်တော်ကြားနာပွဲတွေနဲ့ ရောကုန်ပြီ) အဲသည် ဆန္ဒထုတ်ဖော်ပွဲကို မြို့နယ်ပညာရေးဘုတ်အဖွဲ့က ကိုယ်စားလှယ်တဦးနဲ့ ကျောင်းအုပ်ကြီးကိုယ်တိုင်လည်း လာရောက် လေ့လာနားထောင်ကြတယ်ဗျ။ သတင်းပေးတွေ ထောက်လှမ်းရေးတွေ မလွှတ်တာ ဗမာပြည်နဲ့ ကွာချက်ပေါ့ဗျာ။ မကွာတာကတော့ မြို့နယ်နဲ့ ကျောင်းအုပ်က ပွင့်ပွင့်လင်းလင်းအကြောင်း ရှင်းမပြနိုင်ဘဲ ကျောင်းသားတွေရဲ့အချစ်တော် ဆရာတယောက်ကို အလုပ်ဆက်မခန့်ဘဲ ဖြုတ်ချတဲ့ အဖြစ်ပါ။ ကျောင်းအုပ်ကြီးကတော့ သူ ဘာမှ မှတ်ချက်မပေးနိုင်ပါဘူးတဲ့။ မြို့နယ်ကိုယ်စားလှယ်ကတော့ နောက်တပတ် မြို့နယ်ပညာရေးဘုတ်အဖွဲ့အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချမှာမို့ အခု ကျောင်းသားတွေ မိဘတွေ ပြောတာကို တင်ပြပေးပါ့မယ်တဲ့လေ။ မောင်ရစ်ဆိုတဲ့ ဗမာပြည်သား မကျက်တကျက်ဒီမိုကရေစီပေါင်မုန့်လောက် စားဖူးသူဆိုတော့ အော် … အာဏာပိုင်မောင်မင်ကြီးသားများ တင်ပြပေးမယ်ဆိုပါလား ဆိုပြီး သာဓုအကြိမ်ကြိမ် ခေါ်မိတာပေါ့ဗျာ။ သို့သော်လည်း ကလေးတွေကတော့ မယုံရေးချ မယုံတဲ့ဗျ။ ဗမာပြည်က ပညာရေးသပိတ်မှောက်ကျောင်းသားတွေကဲ့သို့ လေးပွင့်ဆိုင်ရုံမကလို့ နှစ်ဆယ်တစ်ပေါက်ပဲ ချချ၊ ဘူကြီးပဲ ထိုးထိုး၊ ပိုကာပဲ ဒေါင်းဒေါင်း … ဆွေးနွေးပွဲမှာ အဖြေမထွက်သေးသမျှ သပိတ်မလှန်ဟု သန္နိဌာန် ခိုင်မာဘိသကဲ့သို့ မြို့နယ်ပညာရေးဘုတ်အဖွဲ့ အစည်းအဝေးကို ကျောင်းသားတွေ မိဘတွေ တက်ပြီးတော့ ၀င်ရောက်တင်ပြ တောင်းဆိုမယ်လို့ ကြေညာလိုက်ရောကလား။

သည်လိုနဲ့ နောက်တပတ် မြို့နယ်ပညာရေးဘုတ်အဖွဲ့ ဆွေးနွေးပွဲမှာ သူတို့ကလေးတွေ တက်ရောက် နားထောင်ကြ၊ လိုလားချက်တွေ တင်ပြ တောင်းဆိုကြနဲ့ သူတို့ဆရာမကို ဆက်ပြီး အလုပ်ခန့်ကြဖို့အရေး ဆက်လက် ကြိုးပမ်းကြရတာပေါ့ခင်ဗျာ။ ဆရာမ မစ်စဒင်းကတော့ ကျောင်းမှာ ကျင်းပတဲ့ ဆန္ဒထုတ်ဖော်ပွဲမှာ ပွဲကြည့်ပရိသတ်အဖြစ် တက်ရောက်ပါတယ်။ ဘာမှ သူ့အာဘော်ကို ပြောကြားခြင်း မရှိပါ။ သို့သော်လည်း ကျောင်းသားကလေးသူငယ်တွေက သူတို့ဆရာမအကြောင်း၊ သူတို့ဆရာမကို မခွဲနိုင်တဲ့အကြောင်း ပြောဆို တင်ပြနေတာကိုတော့ မျက်ရည်တွေ ၀ိုင်းပြီး နားထောင်နေရှာတာပေါ့ခင်ဗျာ။ ကျောင်းဆရာဆိုတာ လစာကလည်း နည်း၊ အနှိမ်လည်း ခံရဆိုတာ ဗမာပြည်ကြီးက ကျောင်းဆရာတွေနဲ့ အတူတူပါပဲလားလို့ မောင်ရစ်ခင်ဗျာ ဥာဏ်အလင်းလေး ရရှာပါတယ်။ အိမ်က မောင်ရစ်ရဲ့မိန်းမ ဆန်ဟိုးဇေးပြည်နယ်တက္ကသိုလ်မှာ အချိန်ပိုင်းကထိက လုပ်နေတာ လစာနည်းတဲ့အကြောင်းက ကို်ယ်တွေ့ပါ၊ ကိုယ်ချင်းစာပြီး သိပေတာပေါ့။ ဟုတ်ပါ့ဗျာ … ဗမာပြည်က ဆရာတွေက ကျူရှင်ဆိုပြီး အောက်ဆိုက်တွေ ရှာနိုင်ကြသော်လည်း ဘယ်သူကမှ အော့်ဖ်ဆိုက်ဆိုပြီး လူကျွံဘော မဖမ်းကြတာ တော်သေးတာပေါ့လေ … သွပ်သွပ်သွပ်ဆိုပြီး တရားနဲ့ ဖြေရပါတယ်။

သို့သော်လည်း အမေရိကန်စစ္စတန်ဆိုတာ ဗမာပြည်က စစ္စတန်နဲ့ အတူတူပါပဲကလား။ ထွက်ပြီးသား ဆင်စွယ် ပြန်ဝင်ရိုး ထုံးစံ မင်းတို့ အာဏာပိုင်တို့မှာ မရှိဘူးပဲကိုးလေ။ ကျောင်းသားများက အသနားခံ တင်ပြသောလည်း ပညာရေးဘုတ်အဖွဲ့ကတော့ “ဆောရီးပါပဲ” တဲ့ဗျား။ သူတို့တတွေဟာ စာသင်သက်နုတဲ့ ကျောင်းဆရာတွေကို အခုလို ထုတ်ပယ်ပိုင်ခွင့် ရှိပါတယ်တဲ့။ မစ်စဒင်းလိုပဲ အခြားကျောင်းဆရာတွေကိုလည်း အခု အစည်းအဝေးကနေ တပါတည်းအတူတကွ အလုပ်ဆက်မခန့်ဖို့ ဆုံးဖြတ်လိုက်ပါသတဲ့ဗျာ။ ကလေးတွေတော့ မသိဘူး၊ မောင်ရစ်ဆိုတာ ရင်ဘတ်ကို မြင်းကန်သလိုပါပဲခင်ဗျာ။ အောင့်ခနဲ ဖြစ်သွားတာ။ အမေရိကန်ပြည်မှာ ပြည်သူတွေက တောင်းဆိုရင် အနည်းနဲ့အများ သက်သာအောင် စီစဉ်ပေးကြတယ်ဆိုလား ကြားဖူးတာကိုးလေ။ အခုကတော့ ဗျူရိုကရေစီဆိုတာ ဗျူရိုကရေစီပဲ။ ဥပဒေအကယ်ဒမီနဲ့ လူလားမြောက်လာသူ သမီးနဲ့တကွသော ကျောင်းသား ကျောင်းသူတွေဟာ ရင်မှာမချိသော်လည်း မျက်နှာ ချီလို့ ရင်ကိုမော့လို့ ရုံးတော်က ပြန်ဆုတ်လို့ လာရတာပေါ့လေ။ သူတို့တွေရဲ့ နောက်ခြေတလှမ်းကတော့ ‘ကျောင်းမှာ ဆန္ဒပြ ကန့်ကွက်ကြဖို့ပဲ ဖြစ်တယ်’ လို့ ဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်နေပါရော့လား။

ဗမာပြည်က ပညာရေးပြုပြင်ဖို့ သပိတ်မှောက်နေတဲ့ ကျောင်းသားတွေကတော့ သပိတ်မှောက်ချီတက်ပြီးမှ အစိုးရက လူလွှတ်ပြီးတွေ့တယ်။ လွှတ်တော်မှာ ဆွေးနွေးမလိုလိုနဲ့ သပိတ်တွေ ပြန်လှန်ခိုင်း၊ ကောလဟာလတွေ လွှင့်၊ ဓာတ်ပုံတွေ တွဲရိုက်ပြီး နားချတာခံလိုက်ရတာနဲ့ သပိတ်စစ်ကြောင်းတွေ တကွဲတပြားဖြစ်ကုန်ပါကောလား။ သမီးတို့ အမေရိကန်ကျောင်းသားတွေခင်ဗျာ တွေ့ဆုံဆွေးနွေး တောင်းဆိုတာ အဆင်မပြေမှ ဆန္ဒပြဖို့ ရွေးချယ်ကြရရှာတယ်။ အဖေဖြစ်သူ မောင်ရစ်ခင်ဗျာ ၀မ်းသာရမလား၊ ၀မ်းနည်းရမလား၊ ဂုဏ်ယူရမလားမသိ။ မိဘနေရာရောက်နေတော့ စိတ်ထဲ ပူကနဲ့တော့ ဖြစ်တာပေါ့ဗျာ။ မတ်လ ၅ ရက်နေ့မှာ ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ရဲတွေ စွမ်းအားရှင်တွေ လက်စွမ်းပြလိုက်လို့ ကျောင်းသားတွေ ပြည်သူတွေ အာလူးသီးကုန်ကြ မဟုတ်လား။ မိုးမခက သတင်းထောက် ရန်နောင်လည်း သတင်းသမားမှန်းမသိလို့ တမင်ရိုက်လိုက်တဲ့ လက်ကိုင်တုတ်လက်အောက် မှောက်သွားလို့ အထောက်တော် ဟန်သစ်နိုင်က ထမ်းထုတ်ခဲ့ရတာကိုးလေ။ ကဗျာဆရာ ကိုစောဝေ ကြပ်ထုတ်ထိုးလို့ သတိပြန်လည်လာရှာတာ။ အတိတ်မေ့သွားတယ်ထင်ပြီး ပြန်သတိရအောင် နောက်တခေါက် ထပ်ရိုက်မလို့တောင် စီစဉ်ခဲ့ကြရတာဆိုတော့ သမီးက အမေရိကန်မှာ ဆန္ဒပြမယ်ဆိုတာကို ဖခင်ကြီး မောင်ရစ် စိုးရိမ်တာ မလွန်ဘူးမို့လားဗျာ။

မောင်ရစ်တို့ သားအမိ သားအဖ ၃ ဦးက အမေရိကန်မှာ ဆန္ဒပြတာနဲ့ စိမ်းသူတွေတော့ မဟုတ်ပါဘူး။ မြန်မာ့အရေး စစ်အစိုးရ ကြံ့ဖွတ်အစိုးရ အကြမ်းဖက်တိုင်း လူစုပြီး ဆန္ဒပြ ကန့်ကွက်ပွဲတွေမှာ ပါဝင်ဆင်နွှဲနေကြပါ။ အရုဏ်ဦးမှာ ဖူးတဲ့ကြာ စစ်ဝါဒဖြန့်ကားရိုက်တဲ့ မြန်မာတွေကိုတောင် အမေရိကန်ပြည်က ပြန်နှင်ထုတ်တဲ့အထိ လက်ကုန်ဆန္ဒပြတုန်းကလည်း ကလေးတွေ လက်ဆွဲပြီး ကန့်ကွက် ရှုံ့ချခဲ့ကြဖူးတယ်လေ။ မောင်ရစ်ရဲ့အလုပ်ရှင် ဆန်ဖရန်ပြည်နယ်တက္ကသိုလ်မှာလည်း အမေရိကန်ကျောင်းသားတွေက တခြိမ်းခြိမ်း ကန့်ကွက်ဆန္ဒပြနေကြ၊ ဆရာတွေတောင် လစာမတိုးလို့ ဆန္ဒပြတဲ့ နိုင်ငံတော်မှာ အနေကြာသူဆိုတော့ အသက်နဲ့ အဝေးကြီးမှန်း သိတာပေါ့ဗျာ။ သို့သော်လည်း အထက်တန်းကျောင်းသားလေးတွေက မိမိတို့ အထက်တန်းကျောင်းကို သူတို့ဆရာမကို အလုပ်ကနေ ဖြုတ်တော့မှာမို့ ကန့်ကွက်ဆန္ဒပြမှာ စာသင်ခန်းထဲကနေ သပိတ်မှောက်ပြီး ထွက်လာကြမှာဆိုတော့ ကျောင်းစည်းကမ်းတွေ ဘာတွေနဲ့ ညိကုန် ရှုပ်ကုန်မှာ စိုးမိတာပေါ့နော်။

သမီးကတော့ အေးအေးဆေးဆေးပါပဲ။ အချိန်ပေးနိုင်တဲ့ မိဘတွေက ဆန္ဒပြပွဲမှာ ထောက်ခံပါဝင်ကြမှာတဲ့။ မီဒီယာတွေကိုလည်း ဆက်သွယ်ထားတယ် တဲ့။ ဒေသခံ သတင်းစာသတင်းထောက်တွေကိုလည်း ဖိတ်ထားလိုက်သေးသတဲ့။ ကျောင်းစဖွင့်တဲ့ အချိန်ကတည်းက ကျောင်းရှေ့မှာ စုဝေးကြမယ်၊ ဟောပြော ဆွေးနွေး ရှင်းပြမယ်။ ကြွေးကြော်သံတွေ ဆိုင်းဘုတ်တွေ ကိုင်စွဲကြမယ်တဲ့။ ကလေးတွေ (ကလေးတွေတော့ မဟုတ်ပါဘူး … ၁၇၊ ၁၈၊ ၁၉ နှစ် လူငယ်တွေပါ) သူတို့ အတွေ့အကြုံ လေ့လာသင်ကြားမှုတွေနဲ့ တယောက်တလက် စီစဉ်နေကြတာကို စိတ်ပူတဲ့ ဖခင်ကြီးမောင်ရစ်က တစေ့တစောင်း အကဲခတ် သိမှတ်ရတာပေါ့ဗျာ။ သူတို့ကိုလည်း တိုက်ရိုက်မမေးရဲဘူးမို့လား။ အင်္ဂလိပ်စကားလည်း သိပ်မပေါက်တဲ့ မောင်ရစ်ခင်ဗျာ အမေရိကန်ရောက်ကတည်းက ဗိုလို့ ဆိုလို့ လေပဲချွန်တတ်တာဆိုတော့ ခပ်လှမ်းလှမ်းက အရိပ်အကဲ ကြည့်ရတာပေါ့။ သမီးကတော့ ကျောင်းကနေ ထုတ်တာ၊ ဆပ်ဆပင်းရှင်းဆိုတဲ့ ကျောင်းကနားတာ အဖြစ်မခံရဘူးတဲ့။ သူတို့ ကျောင်းသားဦးရေ ၂၀ ကျော်ရင် သူတို့ ကျောင်းအုပ်ချုပ်ရေးက အရေးမယူနိုင်ဘူး ဆိုပဲ။ သူပြောတော့လည်း အေး ဟုတ်မှာပေါ့လေလို့ ခေါင်းငြိတ်ပြရတာပေါ့။ အမေရိကန်လူ့အခွင့်အရေးကာကွယ်ရေးအဖွဲ့တခုကလည်း ကိုယ်စားလှယ် လွှတ်မတဲ့။ သူတို့တွေများ လုပ်တတ်လိုက်တာပြောပါတယ်။ ငါ့သမီးလေးဖြစ်နေလို့ တော်သေးတာပေါ့။

သည်လိုနဲ့ ဗမာကျောင်းသားတွေ လက်ပံတန်းမှာ ရဲတွေဝိုင်းပြီး ပိတ်မိနေချိန်မှာ ကယ်လီဖိုးနီးယားမြိုံကလေးတခုမှာလည်း ၁၂ တန်းကျောင်းသား ကျောင်းသူကလေးတွေဟာ သူတို့ ယုံကြည်တဲ့ ပညာရေးပြုပြင်ဖို့အတွက် ဆန္ဒပြပွဲကန့်ကွက်ပွဲလုပ်ဖို့ စီစဉ်နေကြပါတယ်။ ထူးဆန်းတဲ့ ကြုံကြိုက်တိုက်ဆိုင်မှုပဲလို့ ဆိုရမှာပေါ့ခင်ဗျာ။ ဟိုက ဗမာလူငယ်တွေ ရင်ဆိုင်နေရတဲ့ အသက်နဲ့ ရင်းပြီး တောင်းဆိုရတဲ့ သပိတ်မှောက်တိုက်ပွဲဟာ မုန်တိုင်းတခုလိုမျိုး ဆိုရင် အမေရိကန်ရောက် သမီးတို့ရဲ့ ကျောင်းသားသပိတ်ဆိုတာ လေပွေတခုလိုမျိုးလောက်ပါ။ သမီးရေ နင်တို့သပိတ်အကြောင်း ဖေစ့်ဘွတ်လေး ဘာလေးမှာ တင်ပါလားဆိုပြီးတော့ မိုးမခအယ်ဒီတာအိုကြီး မောင်ရစ်က သူ့အကြံ ၂ပြားဖိုး သူ့သမီးကို ပေးလိုက်တော့ သမီးက ပြန်ပြောတယ်။ ဖေ့စ်ဘွတ်က လူကြီးတွေ သုံးတာ ပါပါ … တဲ့။ သမီးတို့က instagram တို့ twitter တို့ကနေ သြဂနိုက်ဇ် လုပ်ကြတယ် ဆိုပဲ။ အေး အေး ဆိုပြီး သာဓုပဲ ခေါ်နေရတာပေါ့လေ။

သည်လိုနဲ့ စာမူရဲ့ အစမှာ ရေးခဲ့သလိုပါပဲ …

ဗမာပြည်က အကြမ်းဖက်အစိုးရကတော့ သူ့သရုပ်မှန်ကို ဖော်ပြတဲ့အနေနဲ့ မတ်လ ၁၀ ရက်နေ့မှာ ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို အကြမ်းဖက် တိုက်ခိုက် ဖြိုခွဲပစ်လိုက်တယ်။ တိုင်းပြည်နဲ့ ပြည်သူတွေရဲ့ မျက်နှာကို သေနတ်တွေ လက်ကိုင်ဒုတ်တွေနဲ့ ထောက်ပြီးတော့ ပြတ်ပြတ်သားသား ဆောင်ရွက်လိုက်တာပဲ။ အဲသည်မတိုင်ခင် နေ့ မတ်လ ၉ ရက်နေ့မှာ ကျနော်သမီးက ကျောင်းမသွားခင် မိဘတွေကို အသိပေးလိုက်တယ်။ “ဒီနေ့ သမီးတို့ကျောင်းသားတွေ ကျောင်းရှေ့မှာ ဆန္ဒပြကြမယ်၊ ကျောင်းတက်ဖြစ်မှာ မဟုတ်ဘူး” တဲ့။

ဗမာပြည်က ကျောင်းသားတွေကို စစ်အစိုးရ အဲလေ ကြံ့ဖွတ်အစိုးရ အကြမ်းဖက် တိုက်ခိုက်မှု မကျူးလွန်မီ ၁ ရက်အလို မတ်လ ၉  ရက်နေ့မှာ အမေရိကန်ပြည် မြို့လေးတမြို့က သမီးအပါအ၀င် ၁၈နှစ်အရွယ်ဝန်းကျင် ကျောင်းသူ ကျောင်းသားလေးတွေ သူတို့ကျောင်းရှေ့မှာ သူတို့ဆရာမအတွက် ဆန္ဒပြ ကန့်ကွက်ပွဲ လုပ်ခဲ့ကြပါတယ်။ ကျောင်းသားဦးရေ ၁ ထောင်ကျော်တဲ့ ကျောင်းရှေ့မှာ သူတို့ကလေးတွေ ၁၀၀ ကျော် စုဝေးပြီး တနေကုန် ကျောင်းအပြင်ကနေ ဆန္ဒပြပွဲ ဆင်နွှဲခဲ့ကြတယ်။ သူတို့ ဖြစ်စဉ်နဲ့ လိုလားချက်တွေ တင်ပြ ထုတ်ပြန်ခဲ့ကြတယ်။ ရဲတွေက လုံခြုံရေးယူပြီး အဝေးကပဲ စောင့်ကြည့်ကြပါတယ်။ မိဘပြည်သူများ … ခငိဗျားတွေ … ဘာတွေ မအော်ကြပါဘူး။ မီဒီယာတွေ တီဗီစတေရှင်တွေက သတင်းယူ ထုတ်လွှင့်ခဲ့ကြတယ်။ မမျှော်လင့်ပဲ မြို့နယ်က ပြည်သူ့လွှတ်တော်အမတ် ကိုယ်တိုင် လာရောက် အားပေးတယ်။ သူအားပေးတာက သမီးတို့ တောင်းဆိုချက်တွေ လိုလားချက်တွေကို မဟုတ်ပါဘူး။ အခုလိုမျိး မကျေနပ်မှုတွေ အလိုရှိတဲ့အချက်တွေကို ဆန္ဒထုတ်ဖော် တောင်းဆိုတတ်တဲ့ ကျောင်းသားတွေရဲ့ လုပ်တတ်ကိုင်တတ်မှုကို လာရောက် အသိအမှတ်ပြု ချီးကျူးတာပါ။ နောင်လည်း ဒါမျိုးကို လိုအပ်ရင် လုပ်ကြတာပေါ့တဲ့ဗျာ။ ပြောသွားပုံက မှတ်သားဖွယ်ရာပါပဲ။ ဗမာပြည်သား မောင်ရစ်ခင်ဗျာ ကိုယ့်တိုင်းပြည်က အစိုးရတွေ ရဲတွေ လွှတ်တော်အမတ်တွေကိုယ်စား ရှက်လိုက်တာလေ။ မျက်နှာ ဘယ်ထားရမှန်းမသိလို့ သမီးရဲ့ twitter account ကို follow  လုပ်ပြီး နေလိုက်တော့တယ်။

ကဲ စာရေးတာကလည်း ရှည်ပြီ၊ “ဇာတ်ကိုပေါင်းသည်ရှိသော် မည်သူမျှ တရားမရကြကုန် …” လို့ မောင်ထင်ရေးသလို ရေးရမှာပဲ။ အမေရိကန်မှာလည်း ဆန္ဒပြတိုင်း လိုချင်တာ မရပါဘူးလေ။ မတရားမှုကို injustice ကို ခေါင်းငုံ့မခံဘူး၊ ကန့်ကွက်တယ်ဆိုတယ် အသံကို အကျယ်လောင်ဆုံး အော်ခွင့်ပဲ သမီးတို့ ရကြတာပါ။ ဘာမှ ပြောင်းလဲသွားတာ မရှိ(သေး)ပါဘူး။ ဆန္ဒပြပြီး စွာကျယ်ကျယ်လုပ်ကြတဲ့အတွက် သမီးတို့ သပိတ်မှောက်ကျောင်းသားတွေကို အေးဆေးသက်သာ နေချင်တဲ့ ကျောင်းအုပ်၊ ဆရာ၊ ၀န်ထမ်းတွေနဲ့ ကျောင်းသားတွေက မျက်မုန်းကျိုးကြ အမြင်ကပ်ကြပါတယ်။ ဆရာမကိုလည်း ဘယ်သူကမှ ပြန်ခန့်မယ် မပြောကြပါဘူး။ မီဒီယာတွေ သတင်းပို့တိုင်းလည်း သိကြားမင်းကြီး ဗန္ထုကမ္ဗလ္လာကျောက်ဖြာကြီးတင်းတယ်ဆိုပြီး မဏိမေခလာလည်း လာမကယ်ကြပါဘူး။ နောက်တနေ့မှာတော့ သမီးတို့တတွေ ကျောင်းသင်ခန်းထဲ ပြန်ဝင်ကြရတော့တာပါပဲ။ (အောင်မယ် … ဗမာပြည်မှာဆို ရဲစခန်းဖြစ်ဖြစ် ထောင်ဖြစ်ဖြစ် ရောက်နေလို့ ကျောင်းတောင် ပြန်တက်ရမယ် မထင်ဘူး ဟုတ်လား)။ သပိတ်လေးဘာလေး မှောက်ခဲ့ဖူးသူ မောင်ရစ်လည်း နောက်ပေါက်သပိတ်သမ သမီးဖြစ်သူ နောက်က ခပ်လျိုလျိုလေး လိုက်ပြီး စိတ်ဓာတ်မကျသွားဖို့ ပြန်အားပေးရပါတော့တယ်။ သမီးရေ … သမီးဘ၀မှာ ဒီအတွေ့အကြုံလေးဟာ အစရဲ့ အစပဲ ရှိပါသေးတယ် သမီးရယ်လို့။ နောင် လာမယ့် ဘ၀သက်တမ်းမှာ ဒီထက်ဆိုးတဲ့ အခန့်မသင့်ရင် ဗမာပြည်က ဖြိုးဖြိုးအောင်တို့လိုမျိုး စွန့်လွှတ် အနစ်နာခံ ပေးဆပ်ရတဲ့ တိုက်ပွဲကြီးတွေတောင် ရင်ဆိုင်ဖြတ်သန်းကြရနိုင်သေးတာပဲ မဟုတ်လား။ သမီးတို့တတွေမှာ မတရားမှု မမျှတမှုတွေကို ခေါင်းငုံမခံပဲ ကိုယ့်အားကိုယ်ကိုး ကိုယ့်အင်အား ကိုယ်စုစည်းပြီး ရင်ဆိုင်နိုင်တဲ့ အတွေ့အကြုံ သင်ခန်းစာယူနိုင်ကြပြီလေ။

ငါ့သမီး စာကျက်နေတယ်လောက်နဲ့ ဂုဏ်ယူနေတဲ့ မိဘလောက်နဲ့ ကိစ္စမပြီးဘဲ ငါ့သမီး ဆန္̔ဒပြနေတယ်ဆိုပြီး ဂုဏ်ယူနိုင်တဲ့ မိဘမျိုး ဖြစ်ခွင့်ရလို့ ဗမာပြည်က နိုင်ငံတော်အကြမ်းဖက်အစိုးရအဆက်ဆက်ကို ကျေးဇူးတင်ကြောင်း ဒီတခါတော့ တွစ်တာကနေ ပြောလိုက်ပါတယ်ခင်ဗျား။

ဟုတ်ပါတယ် … ကျောင်းသားတွေ အမြဲ နိုင်ပါတယ်။

အမျှ ယူတော်မူကြပါဗျို့ …။ ။

အညွှန်းများ

သမီး၏ twitter – https://twitter.com/pwintphyunandar

သူတို့သတင်းတွေ

http://www.contracostatimes.com/richmond/ci_27678459/deanza-high-students-and-parents-protest-loss-law

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts