ဓာတ်ပုံသတင်း

ပညာရေးဥပဒေပြင်ဆင်ရေး သပိတ်မှောက်ကျောင်းသားများကို အစိုးရက အကြမ်းဖက်တိုက်ခိုက်

ပညာရေးဥပဒေပြင်ဆင်ရေး သပိတ်မှောက်ကျောင်းသားများကို အစိုးရက အကြမ်းဖက်တိုက်ခိုက်
(မိုးမခ) မတ် ၁၁၊ ၂၀၁၅

ပဲခူးတိုင်း၊ လက်ပံတန်းမြို့တွင် ရဲတပ်ဖွဲ့က ပိတ်ပင်ထားသော ဒီမိုကရေစီပညာရေးသပိတ်မှောက် ကျောင်းသားများကို မတ်လ ၁၀ရက် မွန်းလွဲပိုင်းက အာဏာပိုင်များအမိန့်ဖြင့် အကြမ်းဖက် ရိုက်နှက် ဖြိုခွဲလိုက်ကြောင်း အစိုးရ၏ ပြန်ကြားရေးနှင့် ပြောခွင့်ရပုဂ္ဂိုလ်များက ၀န်ခံ ပြောဆိုလိုက်သည်။ ရဟန်းသံဃာများ၊ ဒေသခံများ၊ ကျောင်းသားလူငယ်များသာမက သတင်းမီဒီယာသမား အများအပြားကိုပါ ရဲတပ်ဖွဲ့က အင်အားသုံး ရိုက်နှက် တိုက်ခိုက် ဖမ်းဆီးခဲ့သည်ကို ပြည်တွင်း မီဒီယာများနှင့် ပြည်ပသတင်းဌာနများ၏ သတင်းထုတ်လွှင်ချက်များတွင် တွေ့ကြရသည်။ အရပ်သားများ၏ မော်တော်ယာဉ်များ၊ သူနာပြုယာဉ်များကိုပါ ရဲတပ်ဖွဲ့က တိုက်ခိုက်ဖျက်ဆီးသည့်အပြင် လူနာများကိုပါ ရန်ရှာ တိုက်ခိုက်ကြသည်ကို မျက်မြင်သက်သေအများအပြား၏ သတင်းပို့ချက်၊ ဆိုရှယ်မီဒီယာများ၏ မျှဝေချက်များတွင် ထင်ထင်ရှားရှား မြင်ကြရသည်။ အစိုးရက ဆန္ဒပြသူများက ရန်မူသဖြင့် ရဲတပ်ဖွဲ့က တုန့်ပြန်အရေးယူရသည်ဟု တရားဝင်ထုတ်ပြန်လိုက်သည်။

ထိုနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် သပိတ်မှောက်ကျောင်းသားများက ရဲတပ်ဖွဲ့၏ တားဆီးမှုကို ဖောက်ထွက်မည်ဟု ကြေညာ ထားရာ ပဲခူးတိုင်းဒေသကြီးနယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးသက်ထွန်းနှင့် ကျောင်းသား ကိုယ်စား လှယ်များ အကြား ညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ မူလက ညှိနှိုင်းချက်များအရ ကျောင်းသားများကို လက်ပံတန်း အထွက် တာဆုံအထိ လမ်းလျှောက်ခွင့်ပြုပြီး ရန်ကုန်သို့ ကားဖြင့် ချီတက်ခွင့်ပြုမည်ဟု သဘောတူညီချက် ရရှိခဲ့ကြောင်း သတင်းများတွင် မူလဖော်ပြကြသော်လည်း ရဲတပ်ဖွဲ့က ကျောင်းသားများ စတင်ထွက်ခွာရန် ပြင်ဆင်သောအခါ အလံမထောင်ရ၊ ခွပ်ဒေါင်း နဖူးစည်း မစည်းရ ဆိုသော ကန့်သတ်ချက်များ ထုတ်ပြန်ပြီး တားမြစ်ခဲ့ကြကြောင်း၊ အတားအဆီး အပိတ်အဆို့များ ကျောင်းသားများကို ကျော်ဖြတ်ရန် ကြိုးပမ်းသည်ဟု အကြောင်းပြပြီး ရဲတပ်ဖွဲ့ဝင်များက စတင်ရန်မူ အကြမ်းဖက် တိုက်ခိုက်မှုကို စတင်ကြောင်း မျက်မြင်တို့က ပြောကြားခဲ့သည်။

ကျောင်းသားများအပါအ၀င် ရဟန်း ရှင်လူများ ဦးရေ ၁၀၀ နီးပါး အဓမ္မ ဖမ်းဆီးချုပ်နှောင်ခံထားရသည်ဟု ပြည်တွင်းသတင်းဌာနများက ခန့်မှန်းပြောဆိုသည်။  အဆိုပါ ရဲတပ်ဖွဲ့၏ အဓိကရုဏ်းတိုက်ခိုက်မှုကြောင့် ပြည်သူများမှာ နေအိမ်များမှ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆိုသည်။ ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ်၊ မဖြိုးဖြိုးအောင်တို့လည်း ဖမ်းဆီးခံရသည်။

၎င်းနေ့ တရက်တည်း၊ ရန်ကုန်မြို့တွင် မွန်းလွဲ ၃ နာရီခန့်တွင် ကျောင်းသား အင်အား ၁၀၀ ကျော်ခန့်က ချီတက်ဆန္ဒပြခဲ့ပြီး ရဲတပ်ဖွဲ့က အကြမ်းဖက် ရိုက်နှက်ဖြိုခွင်း၍ ကျောင်းသားတဦး ဖမ်းဆီးခံခဲ့ကြောင်း၊ ပြည်သူများက ဖိအားပေးသဖြင့် ရဲတပ်ဖွဲ့က ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။ ဖေဖော်ဝါရီလကတည်းက အစိုးရသည် ဆန္ဒပြနေသော အလုပ်သမားများ၊ လယ်သမားများကို ရဲတပ်ဖွဲ့ဝင်များ၊ လက်ပတ်နီများ ၀တ်ဆင်ထားသည့် စွမ်းအားရှင်များကို သုံးစွဲပြီး အကြမ်းဖက်တိုက်ခိုက် ဖြိုခွဲလျက်ရှိသည်။

အစိုးရရဲတပ်ဖွဲ့၏ အကြမ်းဖက်တိုက်ခိုက်မှုများကို အမေရိကန်၊ အီးယူနိုင်ငံများက ကန့်ကွက်စာများ ထုတ်ပြန်ခဲ့ကြသည်။ ပြည်တွင်း ပြည်ပရှိ မြန်မာများ အဖွဲ့အစည်းများကလည်း မြန်မာအစိုးရ၏ အကြမ်းဖက်တိုက်ခိုက်မှုများကို ကန့်ကွက် ရှုတ်ချမှုများဖြင့် တုန့်ပြန်ခဲ့ကြသည်။

(ဓာတ်ပုံ – မင်းခက်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts

One thought on “ပညာရေးဥပဒေပြင်ဆင်ရေး သပိတ်မှောက်ကျောင်းသားများကို အစိုးရက အကြမ်းဖက်တိုက်ခိုက်
  1. Please do not call them government. They are not our government, they have a lot of weapons, and many of criminals helper, that is why they can control our country power. We never wanted to vote them to be our government. They have no quality, brain or heart.

Comments are closed.