မှတ်စုမှတ်တမ်း

မြသန်းစံ – ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ထံ ပို့ပေးကြပါ

မြသန်းစံ – ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ထံ ပို့ပေးကြပါ
(သူ့ဖေ့ဘုတ်ခ်မှ ထပ်ဆင့် ကူးယူဖော်ပြပါသည်)
မတ်လ ၁၀၊ ၂၀၁၅

ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်သို့ အိပ်ဖွင့်ပေးစာ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
မင်္ဂလာပါကိုရဲထွဋ်ရေ …..

ကျွန်တော့် face book account လေး deactivate လုပ်ခါနီးလေးမှာ သေသေချာချာစဉ်းစားပြီးရေးလိုက်တဲ့ စာတစ်စောင်ပါ။

ရုံးဋ္ဌာနတွေကတဆင့် ပို့နေရင်ကြာမှာစိုးတာနဲ့ လူမှုမီဒီယာကိုအသုံးပြုပြီးရေးလိုက်ရတာကိုတော့ ခွင့်လွှတ်ပါဗျာ။ ပြီးတော့ ခင်ဗျားက fb သုံးတတ်တော့ ဒီနည်းက အဆင်ပြေမယ်ထင်လို့ပါ။

ပထမတော့ကျွန်တော်စဉ်းစားတာက သမ္မတကြီးနဲ့ တပ်ချုပ်ကြီးထံ အိပ်ဖွင့်ပေးစာရေးရရင်ကောင်းမလားပေါ့။

နောက်တော့ဒီစာထဲမှာပါတဲ့အကြောင်းအရာတွေကသိပ်ပြီး formal မဟုတ်တဲ့ အကြံပေးမှုတွေပါနေမှာဆိုတော့ လူကြီး တွေကိုအားနာတာရယ် ကိုယ့်အဆင့်နဲ့လည်းမတန်မရာ တင်ပြတဲ့ပုံစံမရောက်အောင် သူငယ်ချင်းဖြစ်တဲ့ ခင်ဗျားကိုပဲ တိုင် တည်ပြီး ရေးလိုက်ရတာပါ။

ခင်ဗျားကိုအားကိုးတကြီးရေးလိုက်ရတာကလည်း ခင်ဗျားနဲ့ကျွန်တော်က ငယ်ငယ်က သင်တန်းအတူတက် တစ်ခန်းထဲနေ ကုတင်ချင်းကပ်လျက်အိပ်ခဲ့တာ၊ ခင်ဗျားက မ (၃) ကျွန်တော်က မ (၁၀) တပ်မ (၄၄) မှာ အတူနေခဲ့တာ၊ ကျွန်တော်တို့ မ (၁၀) ကို ခင်ဗျား လက်နက်ကြီးနည်းပြနဲ့လာခဲ့တုံးက အမှတ်တရရိုက်ထားခဲ့တဲ့ ဓာတ်ပုံလေးတောင်မှ အခုအချိန်ထိ ကျွန်တော့်ဆီမှာ အမှတ်တရရှိနေတာတွေ၊ ပြီးတော့ ခင်ဗျားနဲ့ ကျွန်တော်တူတာက သီချင်းကြိုက်တတ်တာ၊ ခင်ဗျားမှာ အဲဒီလို အနုပညာကိုခံစားတတ်တဲ့နှလုံးသားရှိနေမှန်းသိလို့လည်း ရေးဖြစ်သွားတာပါ။ ခင်ဗျားပြန်ကြားရေးကို ဒုညွှန်ချုပ် ဘဝနဲ့ရောက်ပြီးကာစ ကျွန်တော့်ရဲယဉ်ကျေးလိမ္မာ ကလေးဂျာနယ်မှာ ဘာသာပြန်ဆောင်ပါးလေးရေးပေးခဲ့တာ ကျွန် တော်နဲ့အတူ ရွှေတိဂုံဘုရားနားကစည်ပင် ဓမ္မာရုံမှာ ညဘက် ခင်ဗျားတရားလာထိုင်ခဲ့တာတွေ ကျွန်တော်အကုန်လုံးမှတ်မိ နေတယ်လေ..။

ခင်ဗျားယူထားရတဲ့တာဝန်အပေါ်မှာ လေးစားသလို ပတ်ဝန်းကျင်မျိုးစုံ အမြင်မျိုးစုံတို့ရဲ့ဝေဖန်ပုတ်ခတ်ခံနေရတဲ့ ခင်ဗျားရဲ့ လောကဓံလှိုင်းတွေကိုလည်း ကျွန်တော် ကိုယ်ချင်းစာ နားလည်ပေးနိုင်ပါတယ်။ ဒီခေတ် ဒီအခါမျိုးမှာ ကျွန်တော်လည်း အဲဒီနေရာမှာရှိနေရင် ခင်ဗျားကြုံသလိုပဲ ကြုံနေရမှာပါ။

ဒါကြောင့်လည်း အားလုံးနဲ့ဝေးရာမှာ အေးအေးဆေးဆေးနေခဲ့တာ အတော်ကြာပြီပေါ့ဗျာ။

လူ့အလိုဆန္ဒဆိုတာ ဘယ်လောက်ဖြည့်ပေးဖြည့်ပေး ဘယ်တော့မှအဆုံးမသတ်နိုင်ဘူး မဟုတ်လား။ အနီးဆုံးဥပမာပြောရရင် ကိုယ်ကြိုက်လွန်းလို့ဝယ်ထားတဲ့ အင်္ကျီအဝတ်အစားတောင်မှ တစ်လလောက်နေရင် မကြိုက်ပြန်တော့ဘူး။ ဟော နောက်တစ်လလောက်ကြာလို့ သူများဝတ်တာတွေ့ရင် ပြန်ကြိုက်ရင်ကြိုက်သွားပြန်ရော။ တဏှာာ သတ္တိအပေါ် ဖင်ခုထိုင် ထားတဲ့ပုထုဇဉ်တွေဆိုတာ ဒီလိုပဲလေ။ ဘယ်တော့မှ အတောသတ်တယ်မရှိဘူး။ ဘယ်တော့မှလည်း အလိုကျတယ်ရယ်လို့ မရှိဘူး။

အဲဒီလို စရိုက်သဘာဝတွေပြည့်နေတဲ့ ဇာတ်ခုံကြီးပေါ်မှာ ခင်ဗျားပါဝင်ကပြနေတာတွေ့နေရတော့ အင်း ငါ့သူငယ်ချင်းခမျာဘယ်လောက်မောပန်းနေမလဲဆိုပြီး တွေးနေမိပါတယ်။

စကားတွေချီနေတာနဲ့လိုရင်းမရောက်တော့ဘဲနေတော့မယ်။ ၁၉၈၈ ခုနှစ် အရေးအခင်းကာလ ကျဉ်းထဲကြပ်ထဲမှာ သမ္မတ ဖြစ်ခဲ့ရတဲ့ ဒေါက်တာမောင်မောင်ဆီကို မိတ်ဆွေတွေဖြစ်တဲ့ ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ် တို့စာရေးပြီး အကြံဉာဏ်ပေးခဲ့ ဘူးတာလေးကို ကျွန်တော်အမှတ်ရမိတယ်။ အဲဒါလေးကို apply လုပ်ပြီး ရေးလိုက်တယ်လို့မှတ်ပါ။

ဒီစာရေးနေတဲ့အချိန်မှာ လူမှုမီဒီယာကနေစက္ကန့်နဲ့အမျှတက်နေတဲ့သတင်းတွေကို စိုးရိမ်တကြီးနဲ့ ကျွန်တော်ကြည့်နေမိတယ်။ လက်ပံတန်းမှာ ကျောင်းသားနဲ့ လုံခြုံရေးတပ်ဖွဲ့ထိပ်တိုက်ဖြစ်နေကြတာ ပေါက်ကွဲကြတော့မလား သွေးထွက်သံယိုတွေဖြစ်ကြတော့မလားပေါ့။

တော်ပါသေးရဲ့။ သူတို့ဆန္ဒအတိုင်းရန်ကုန်ကိုသွားခွင့်ပြုလိုက်တယ်ကြားရလို့ အသက်ရှုချောင်သွားရတယ်။ ကျွန်တော် ကတော့အဝေးမှာ နေပြီး ဘယ်လူပုဂ္ဂိုလ် ဘယ်အဖွဲ့အစည်းနဲ့မှ မပတ်သက်တာရယ် မီဒီယာတွေနဲ့လည်း အထိအတွေ့နည်း တာရယ်ကြောင့် သူတို့တတွေကြားထဲမှာ နောက်ကွယ်တွေမှာ ဘာတွေရှိနေသလဲဆိုတာ မသိနိုင်ဘူးပေါ့။ ခင်ဗျားကတော့ အရပ်ရပ်သတင်းစုံ သတင်းပုံကြီးပေါ်မှာ ထိုင်ထားလေတော့ အားလုံးကိုခြုံငုံပြီးသိနေမှာပါ။

ကျွန်တော့်တစ်ဦးတည်းသဘောအရဆိုရင်တော့ အဲဒီကလေးတွေဟာ ကျွန်တော်တို့သားသမီးအရွယ်လေးတွေပါ။ ကလေး ဆိုတာ မုန့်ဆာရင် မုန့်စားဖို့ပူဆာတတ်တာ သဘာဝပါ။ မုန့်ဆာနေလို့မုန့်ပူဆာတာကို မုန့်ပဲကျွေးကြပါဗျာ။ တုတ် မကျွေးကြပါနဲ့တော့။ အလိုက်မသိ ပူဆာတတ်ရန်ကောလို့လည်း အပြစ်မတင်ပါနဲ့။ သူပူဆာတာရရင် ငြိမ်သွားပါလိမ့်မယ်။ ကလေးဆိုတာ ကျွန်တော်တို့လူကြီးတွေလို လောဘမကြီးပါဘူး။ ပြီးတော့ ကျွန်တော်တို့လိုလည်း မူယာမာယာ မများပါဘူး။
သူလိုတာရသွားရင် ပြီးသွားတာပဲ။

သူတို့ဘက်ကရှေ့နေလိုက်ပြီးပြောနေတယ်လို့တော့မထင် စေချင်ဘူး။ သူတို့ရင်ထဲမှာဖြစ်နေတဲ့ဝေဒနာကို ကျွန်တော် ခံစားနားလည်ပေးလို့ရတယ်။ ခင်ဗျားအပေါ်လည်း ကျွန်တော် ခံစားနားလည်ပေးနိုင်သလိုပေါ့။

အရိုးသားဆုံးစိတ်နဲ့ပြောရရင်ဆိုတဲ့ဆောင်းပါးမှာ ကျွန်တော်ရေးခဲ့ပြီးပါပြီ။ ပညာရေးဥပဒေပြင်တာကလည်း တစ်ပိုင်းပေါ့။ သူတို့တကယ်လိုချင်နေတာက ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်နဲ့ လုပ်ပိုင်ခွင့်လို့ထင်တယ်။

ခင်ဗျားစဉ်းစားကြည့်။ ကျောင်းသားသမဂ္ဂအဆောက်အဦ ဗုံးခွဲခံခဲ့ရတာ ၁၉၆၂ ခုနှစ်။ ကျွန်တော်တို ၄ နှစ်သားပဲရှိသေးတယ်။
ဦးနေဝင်းခေတ်။ ကျွန်တော်တို့တတွေ ဥမမယ်စာမမြောက်နဲ့ ဘာမျှမသိသေးတဲ့အချိန်။ အရွယ်ရောက်မှ စာတွေဘာတွေသင် သမိုင်းတွေ ဘာတွေဖတ်ပြီးသိခဲ့ရတာ။ အခုအချိန်ထိလည်း အဲဒီပြဿနာက တာဝန်ရှိတဲ့သူက ဟိုလူလိုလို ဒီလူလိုလိုနဲ့ အခုအချိန်အထိ မရှင်းနိုင်ဘူးလေ။ ထားပါတော့ဒါတွေကို။

ဆိုလိုချင်တာက အခုအစိုးရအဖွဲ့ထဲမှာ တာဝန်ယူထားသူအားလုံးဟာ ၁၉၆၂ကိစ္စမှာ မပါခဲ့ကြတာ သက်တမ်းတွေနဲ့စစ်ကြည့် ရင် အထင်အရှားကြီးပါ။ ရှေးကလူတွေ ကောင်းတယ် ဆိုးတယ်လို့လည်း မဝေဖန်ချင်တော့ဘူး။ ကဲ အခုကျွန်တော်တို့တွေ လူကြီးတွေဖြစ်လာကြတဲ့ခေတ်မှာ ဘယ်လိုကောင်းအောင်လုပ်ကြမလဲ။ သမိုင်းအဆက်ဆက် အစိုးရအဆက်ဆက်ကို အကြွေးတောင်းသလို အတောင်းခံနေရတဲ့ ဒီကျောင်းသားသမဂ္ဂဆိုတဲ့ပြဿနာကြီးကို ကျွန်တော်တို့ ဘယ်လိုဖြေရှင်းပေးကြ မလဲဆိုတာ ကျွန်တော်တို့ ဘယ်လိုသဘောထားကြီးနိုင်မလဲဆိုတဲ့အပေါ် မူတည်နေတယ်ဗျာ။

အခုလည်း သမ္မတကြီးတို့ တပ်ချုပ်ကြီးတို့ သဘောထားကြီးကြတယ် ရိုးသားကြတယ်၊ ကိုယ်ကျိုးအတ္တ နည်းနိုင်သမျှ နည်း ကြတယ်ဆိုတာ တော်တော်များများသိကြပါတယ်။ ကျွန်တော်တို့လည်း စစ်ရုံးမှာ အတူတွဲလုပ်ခဲ့ဖူးတော့ ပိုသိပါတယ်။ ဒါ ကြောင့်မို့လည်း ဒီစာကို ကျွန်တော်ရေးဝံ့တာပေါ့။

ကျွန်တော်ပြောကြည့်မယ်။ ဒေါက်တာမောင်မောင် သမ္မတဘဝတုန်းက ကတိပေးခဲ့ပြီး တိုင်းပြည်ဆူပူမှုကြောင့် အာဏာ သိမ်းတဲ့အခြေအနေဖြစ်ပေါ် လာပြီးတဲ့နောက်ပိုင်း မလုပ်ဖြစ်ခဲ့တဲ့ ကျောင်းသားသမဂ္ဂအဆောက်အဦးကို သမိုင်းဝင်မူရင်း နေရာ ရန်ကုန်ဝိဇ္ဇာနဲ့ သိပ္ပံတက္ကသိုလ် အဓိပတိလမ်းမထိပ်မှာ သမ္မတကြီးဦးဆောင်ပြီး တပ်မတော် လွှတ်တော် နိုင်ငံရေး ပါတီခေါင်းဆောင်တွေ ခေတ်အဆက်ဆက်ကျောင်းသားခေါင်းဆောင်တွေ တိုင်းရင်းသားကိုယ်စားလှယ်တွေ ပါသင့်ပါထိုက် တဲ့ လူတွေအားလုံးပေါ့ဗျာ။ ပျော်ပျော်ပါးပါးနဲ့ အုတ်မြစ်ချကြရင် မကောင်းဘူးလားဗျာ။ ဒါ မဖြစ်နိုင်ပါဘူးလို့ငြင်းဆိုရင်တော့လည်း ကျွန်တော့်အဆိုကို ရုပ်သိမ်းရမှာပေါ့လေ။

ဒါဟာ ဖြစ်သင့်ဖြစ်ထိုက်တယ်။ ဖြစ်အောင်လည်းလုပ်မယ်ဆိုရင်တော့လည်း တနိုင်ငံလုံးခြိမ့်ခြိမ့်သဲသဲ ဝမ်းမြောက်ကြမှာ အသေအချာပါပဲဗျာ။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို ကျေးဇူးဆပ်ရာဂုဏ်ပြုရာရောက်မယ့်အပြင် နောင်တစ်ခေတ်အတွက် ဗိုလ်ချုပ်မျိုးဆက်ခေါင်းဆောင်သစ်တွေကို တက္ကသိုလ်နယ်မြေကနေ မွေးထုတ်ပေးနိုင်တော့မယ်လို့ ကျွန်တော် ယုံကြည်မျှော်လင့်နေမိတယ်။

အခုကျွန်တော်တင်ပြခဲ့တဲ့ရလဒ်သာအမှန်တကယ်ဖြစ်လာခဲ့ရင် တိုင်းပြည်မှာလတ်တလောဖြစ်နေတဲ့ ဘက်ပေါင်းစုံက အထွေထွေတင်းမာမှုပြဿနာတွေလည်း သိသိသာသာလျော့ကျသွားပြီး ရန်စွယ်ကြားက လှဥမ္မာလိုဖြစ်နေတဲ့ ကျွန်တော်တို့နိုင်ငံရဲ့နယ်စပ်ပြဿနာတွေတိုင်းရင်းသားပြဿနာတွေ သွယ်ဝိုက်သောနည်းနဲ့ လျော့ကျသွားလိမ့်မယ်ထင်တယ်။ ဒီပြ ဿနာတွေအတွက်လည်း သမ္မတကြီးတို့ တပ်ချုပ်ကြီးတို့နေ့စဉ်နဲ့အမျှ ခေါင်စားနေကြမယ်ဆိုတာလည်း ကျွန်တော်သိပါ တယ်။

ဒီပြဿနာတွေပြေလည်သွားရင် သယံဇာတဆာလောင်နေကြတဲ့ အိမ်နီးနားချင်းနိုင်ငံတွေလည်း ကျွန်တော်တို့နိုင်ငံရဲ့စု စည်းညီညွတ်တဲ့ အမျိုးသားရေးအင်အားစုကြီးတစ်ရပ်ပေါ်ထွန်းလာတာကိုကြည့်ပြီး အရင်လို ကြောင်တောင်နှိုက် အချောင်လိုက်တဲ့စရိုက်ဆိုးတွေလည်း အရှိန်ရပ်တန့်သွားမယ်လို့ ကျွန်တော်ထင်တယ်ဗျာ။

ခင်ဗျားဟာ စိတ်ကူးယဉ်ဆန်လှချည်လားလို့တော့ မထင်လိုက်ပါနဲ့ဗျာ။ လက်တွေ့ဖြစ်ရပ်တွေဆိုတာ စိတ်ကူးအိမ်မက်တွေက မွေးဖွားလာကြတာပဲမဟုတ်လား။ ကျွန်တော်ပြောခဲ့တာတွေကို သမ္မတကြီးနဲ့ တပ်ချုပ်ကြီးတို့ကို တင်ပြပေးပါဗျာ။

သမ္မတကြီးရဲ့နူးညံပျော့ပြောင်းမှုနဲ့စိတ်ကောင်းရှိမှု ကျွန်တော်တို့အစ်ကိုကြီး တပ်ချုပ်ကြီးရဲ့တည်ကြည်ပြတ်သားမှုတွေကို အားကိုးပါရစေဗျာ။

ခေတ်အဆက်တာဝန်ရှိသူအသီးသီးလည်း နားတဲ့သူနား သေတဲ့သူသေနဲ့ မရိုးနိုင်တဲ့ နိယာမတရားကြီးက ကျွန်တော်တို့ကို သံဝေဂဉာဏ်တွေ အထွေထွေပေးဝေနေဆဲပါ။

အကောင်ဆုံးအလုပ်ဆိုတာကိုယ်တာဝန်အရှိဆုံးအချိန်မှာ လုပ်ခွင့်ရတဲ့ဆုလာဘ်တစ်ခုပါ။ ကျွန်တော်တို့တတွေ မကြာခင် မြေကြီးထဲရောက်ကြရတော့မှာပါ။ ကျွန်တော်တို့မြေကြီးထဲမရောက်သေးခင်မှာ မြေကြီးပေါ်ကျန်ခဲ့ကြမယ့် နောက်မျိုးဆက် သစ်ဖြစ်တဲ့ ကျွန်တော်တို့သားသမီးအရွယ် ကျောင်းသားကလေးတွေ နဲ့တိုင်းသူပြည်သားတွေကို စိတ်ချမ်းသာမှုကလေးတွေ ပေးခဲ့ကြပါစို့လားဗျာ… ။

အားလုံး ကောင်းကျိုးလိုရာဆန္ဒပြည့်ဝပါစေလို့ ကျွန်တော်ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။

ခင်မင်လေးစာစွာဖြင့်
မြသန်းစံ
၁၀.၃.၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “မြသန်းစံ – ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ထံ ပို့ပေးကြပါ
  1. ဒီလူတွေသိပေမဲ့ မသိယောင်ဆောင်တာ ရိုးသားပွင့်လင်းမှု အားနည်းနေတဲ့ ကြီးမိုက်တသိုက်ဝင်တွေ ဖြစ်မှန်းမသိဖြစ်နေတာ ဗျို့။

Comments are closed.