ကဗျာ

သျှင်မိုးပြေး – “ပြောင်းဝမှာ ကဗျာတွေ ဝေပါစေ”

သျှင်မိုးပြေး – “ပြောင်းဝမှာ ကဗျာတွေ ဝေပါစေ”
(မိုးမခ) မတ် ၁၀၊ ၂၀၁၅

အလံနဲ့ ကြယ်တွေစီထားတဲ့တိုင်မှာ

သိန်းဌက်တွေရှိတယ်

ခြင်လုံဇကာပဲရှိတဲ့

ငါ့ပြတင်းကိုကျော်ပြီး အသံတွေဝင်လာတယ်

မလိုမတူပဲ စောင့်အောင့်နေတဲ့ ၀င်ထွက်မှု

ဒါ ဒီမိုကရေစီမဆန်ဘူး

ငါ ပြင်းပြင်းထန်ထန် ဆန့် ကျင်တယ် ကိုး

အမြင်ရယ် အကြားရယ် အာရုံခံစားမှုမရှိပဲ

ကမ္ဘာကြီးမှာ နှလုံးသားတွေမွေးဖွားလာပါ့မလား

တခါတလေကျ လူတွေ

လူဆန်ပြီးနေထိုင်ရင် သိပ်ကောင်းမှာပဲလို့ 

ငါစိတ်ညစ်ညစ်နဲ့  ဆုတောင်းဖူးတယ်

ပန်းပွင့်တွေကို ခူးပစ်

လူတွေရဲ့ လည်တိုင်ကျော့ကျော့မှာ

စစ်ပွဲတွေအတွက် ပွင့်

မာယာတွေအတွက် ပွင့်

ကမ္ဘာကြီးကို အရောင်တွေစွန်းကုန်ပြီ

ကျည်ပွင့်မယ့်ပြောင်းထိပ်မှာ

ငါတို့  ဥယျာဉ်ကို စိုက်ပါ ကိုး

ဟော့ဒီမှာ သွေးစက်

ငါ ကဗျာရေးမယ်

ဟော့မှာ နှလုံးသား

အမိနဲ့ အဖကို ငါချစ်တယ်

ချစ်သူကို ငါချစ်တယ်

ကလေးတွေရဲ့ ကမ္ဘာကြီးကို ငါပိုပြီး ချစ်တယ်

ငါ့လက်ကို ဖြေလျော့

မင်းလက်ထဲက တရားစာအုပ်လေးကို

မျက်ရည်တွေ မကျပါစေနဲ့ 

အခန်းဝမှာ သွားနှင့်သူတွေ စောင့်နေကြတယ်

ကြမ်းတမ်းလှတဲ့ အလိုရမက်ရဲ့

နေ၀င်ချိန်အထိ ကြယ်တွေလိုစောင့်မယ်

မရှိုက်ပါနဲ့  ကိုး

မနက်ဖြန်မှာ ဒီမျက်ရည်တွေ အောင်မြင်ပါစေကွယ်

ဒီအရေး အောင်မြင်ပါစေ … ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts