ခေတ်ပြိုင်အတွေ့အကြုံ

ဇာဝါရီ – မထူးဆန်းသော ရမ်းကားအကြမ်းဖက်မှု

March 5, 2015. Students arrested by Yangon’s Police Forces

ဇာဝါရီ  – မထူးဆန်းသော ရမ်းကားအကြမ်းဖက်မှု
(မိုးမခ) မတ် ၁၀၊ ၂၀၁၅

ခေတ်နောက်ကျ၊ ဘက်ပေါင်းစုံ ပျက်ဆီးယိုယွင်းနေတဲ့ ပညာရေးစနစ်၊ ပညာရေး လွတ်လပ်ခွင့်တွေ၊ ရပိုင်ခွင့်တွေကို ပြုပြင်ပြောင်းလဲဖို့၊ ပြင်ဆင်ရေးဆွဲဖို့ သမိုင်းအဆက်ဆက် တိုင်းရေးပြည်ရေး၊ တိုင်းသူပြည်သားအကျိုးအတွက် အသက်သွေးချွေးပေး တိုက်ပွဲဝင်ခဲ့ကြတဲ့ ခွပ်ဒေါင်းတွေ ထကြွပျံသန်းနေခဲ့တာ တကမ္ဘာလုံး အသိ။ ဒီလို နုပျိုလန်းဆန်းတဲ့ ကျောင်းသူကျောင်းသားလေးတွေ သူတို့ရဲ့  ခြေဖဝါးနုနုလေးတွေ သွေးခြည်ဥ၊ မူးမေ့လောက်အောင် ပြင်းထန်လှတဲ့ အညာနေလှိုင်းဒဏ်ကို အန်တု၊ အာဏာပိုင်တွေ ကျွေးမွေးထားတဲ့ ဒလန်လက်ကိုင်တုတ်တွေရဲ့  အဆင့်ဆင့် ခြိမ်းခြောက်ဟန့်တားမှုတွေကို ရင်ဆိုင်ပြီး၊ မလျှော့ဇွဲသတ္တိနဲ့ မိုင်ပေါင်းရာချီ ချီတက်ခဲ့ကြတဲ့ သမိုင်းဝင် ခရီးကြမ်းရှည် သပိတ်တိုက်ပွဲ လှုပ်ရှားမှုကြီးကို နိုင်ငံတကာ ပြည်သူလူထုက အံ့သြမဆုံး၊ ချီးကျူးထောပနာပြု၊ ဂုဏ်ယူမဆုံး ဖြစ်ကြတယ်။

ဒါပေမဲ့ တဘက်မှာ သူတို့ ရင်ဆိုင်နေရတဲ့ အာဏာပိုင်အစိုးရက ဒီမိုကရေစီနိုင်ငံ တည်ဆောက်နေပါပြီဆိုပြီး ဒီမိုကရေစီ စကားလုံး မပေါင်းတတ်၊ ဒီမိုကရေစီတန်းဖိုး နားမလည်တဲ့ ဗာလနံ စစ်မိစ္ဆာတွေ။  တိုင်းပြည်နဲ့ ပြည်သူကို တချိန်လုံး ဓါးမိုး၊ သေနတ်မိုး ဖိနှိပ်အုပ်ချုပ်ခဲ့ကြတဲ့ အာဏာရှင် မျက်နှာဖုံး မကျွတ်(ချွတ်) သေးတဲ့ စစ်အစိုးရအနေနဲ့ ပြည်သူတွေ (ကျောင်းသား၊ အလုပ်သမား၊ လယ်သမား) တွေရဲ့  တရားနည်းလမ်းကျ တောင်းဆိုမှုတွေကို နောက်ဆုံး ဘယ်လို ဖြေရှင်းမလဲဆိုတာကိုလဲ သမိုင်းမမေ့သူများ၊ အမှတ်သညာ ရှိသူများအသိ (စိုးရိမ်ကြောင့်ကြခဲ့)။

အကောင်းရလဒ် မြင်ချင်သူ၊ သွေးထွက်သံယိုမှုတွေ မမြင်လိုကြတဲ့ ပြည်သူတချို့ ကတော့ အမှောင်ဖုံးလွမ်းနေတဲ့ တိမ်တိုက်နောက်က ရောင်ခြည်ကို မျှော်လင့်နေခဲ့ကြသေး။ ဒါပေမဲ့ သူတို့မျှော်လင့်ချက်၊ ဆုတောင်း မပြည့်ခဲ့။ ပြောမယ်ဆိုရင် မျှော်လင့်ချက်ထားသူတွေ၊ အကောင်းမြင်လိုသူတွေရဲ့  အမှား။ သမိုင်းတလျှောက် လူထုအပေါ် စာနာညှာတာစိတ် တစက်မရှိ၊ ကောင်းကျိုးမပြုခဲ့တဲ့ စစ်အစိုးရအနေနဲ့ ကျောင်းသားတွေရဲ့  တောင်းဆိုချက်၊ ပြည်သူတွေရဲ့  မေတ္တာရပ်ခံချက်ကို ဖြည့်စွမ်းပေးမည် မဟုတ်။ နှစ်ပေါင်းများစွာ အာဏာယစ်မူးနေခဲ့တဲ့ စစ်အစိုးရအနေနဲ့ တိုင်းပြည်မှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေ၊ ပြည်သူတွေရဲ့  ဒုက္ခဆင်းရဲတွေ၊ ကျောင်းသား၊ အလုပ်သမား၊ လယ်သမားတွေရဲ့  တောင်းဆိုမေတ္တာရပ်ခံချက်တွေကို တရားနည်းလမ်းကျ၊ ဥပဒေဘောင်အတွင်းက ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းသွားဖို့ နည်းလမ်းမရှိ၊ အဖြေမရှိ၊ အတွေးမရှိ။ ဖြေရှင်းလုပ်ကိုင်နိုင်စွမ်း အသိစိတ် နှလုံးသား၊ အသိဥာဏ်တရား နိတ္တိ။

စစ်မိစ္ဆာတွေရဲ့  ဦးတည်ခြေလှမ်းကို သိနေသူတွေအဖို့ “ခွေးမြီးကောက် ကျည်တောက်စွပ်” သူတို့အာဏာ ထိပါးလာသူတွေကို လုပ်ရိုးလုပ်စဉ်အတိုင်း အနှေးနဲ့အမြန် အကြမ်းဖက်ဖြိုခွင်းတော့မှာကို တွေးမြင်ခဲ့ကြမှာပါ။ ဘယ်နေ့ ဘယ်အချိန်ဆိုတာကို အတိအကျ မပြောနိုင်ခဲ့ပေမယ့် မကြာမီ လာမည်မျှော်ဆိုသလို နောက်ဆုံးတော့ ရုပ်ဆိုးအကျည်းတန်၊ လူမဆန်တဲ့လုပ်ရပ်တွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ ဖြစ်ခဲ့ပြန်ပြီ မဟုတ်လား။ များမကြာမီ ဆက်လက် ကျူးလွန်ဖို့ သူတို့ ဝန်မလေး (အရှုံးပေါ်မည့် ၂၀၁၅ ရွေးကောက်ပွဲ ဟန့်တားရေးအတွက် အကွက်ဟောင်း၊ အကွက်သစ်တွေနဲ့ စတင် လုပ်ဆောင်လာနေပြီ)။

ကျောင်းသားတွေ သပိတ်စခဲ့တဲ့နေ့ကနေ နေ့စဉ်ရက်ဆက် ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်အားပေးနေသူတွေအဖို့ ရန်ကုန်မြို့ တော်ခန်းမရှေ့ မှာ ငြိမ်းချမ်းစွာစုဝေးပြီး လက်ပံတန်းမြို့ မှာ ပိတ်မိနေတဲ့ သူတို့သွေးချင်း ကျောင်းသူကျောင်းသား ရဲဘော်ရဲမေတွေကို အကြမ်းဖက်မလုပ်ဖို့ မေတ္တာရပ်ခံခဲ့ကြတဲ့ လက်နက်မဲ့ အပြစ်မဲ့ ကျောင်းသားထုကို အထက်အစိုးရအမိန့်နဲ့ (ပြန်ကြားရေးဝန်ကြီးဆိုသူ ဗိုလ်ရဲထွဋ်ကတော့ ရန်ကုန်တိုင်း အာဏာပိုင်တွေလိုလို၊ သက်ဆိုင်ရာ နယ်မြေဒေသအုပ်ချုပ်သူတွေကို လက်ညှိုးထိုးရှောင် ပြောဆိုနေပြီ) အာဏာရှင်အစိုးရ လက်ကိုင်တုတ် “သူတို့ ရဲ” နဲ့ “လူရမ်းကားတွေ” က အရှက်မဲ့ အကြမ်းဖက်ဖြိုခွဲ စော်ကားလိုက်တဲ့ သတင်းတွေ၊ ဓါတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကို ဒီရက်အတွင်း သူတို့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဝေမျှရှယ်ကြပြီး ဒေါသဖြစ်၊ စိတ်မကောင်းဖြစ်၊ ဝမ်းနည်းပူဆွေး ယူကျုံးမရ ဖြစ်နေကြတယ်။

စာရေးသူအဖို့ တရားမဲ့အစိုးရရဲ့  လုပ်ရပ်ကိုကြည့်ပြီး အကြမ်းဖက် တိုက်ခိုက်ခံရတဲ့ ကျောင်းသားလေးတွေအတွက် ရင်ထဲစူးရှ စိတ်မကောင်းဖြစ်ပေမယ့်၊ တုန်လှုပ်မထိတ်လန့်ခဲ့၊ မအံ့သြခဲ့။  စစ်အာဏာရှင် ဗိုလ်သိန်းစိန်အစိုးရအနေနဲ့ သူတို့သိ၊ သူတို့ နားလည်တဲ့ တခုတည်းသော ဖြေရှင်းမှုနည်းနဲ့ ဖြေရှင်းခဲ့(နေ)တာကို အထူးအဆန်း၊ အသစ်အဆန်းလို့ မမြင်။ သခင် ခိုင်းစေတဲ့အတိုင်း အသိဥာဏ်မဲ့ တာဝန်ရှိဆိုသူ လူရမ်းကားတွေရဲ့  လူမဆန်တဲ့ ရာဇဝတ်ကျူးလွန်မှုက တာဝန်ရှိသူတွေရဲ့  ခိုင်းစေချက်အမိန့်ကြောင့် ဒီလို ပေါ်တင်ကြီး လုပ်ရဲကျူးလွန်ရဲတာ ဖြစ်တယ်ဆိုတာ သံသယမရှိ။ ဒီနေရာမှာ မြန်မာလူမျိုးတွေရဲ့  အားနည်းချက်က  နံမည်ဆိုး လူဆိုးလူပေ လူကြမ်းတွေက မင်းသား နေရာ မျက်နှာပြောင်တိုက် လုယူပြီး လူကောင်း၊ လူရိုး ပုံစံနဲ့ ဟန်လုပ်ပြုမှုနေတာကို အကယ်ဒမီ ပေးချင်ကြ၊ လက်ခုပ်တီးကြတဲ့ အမှတ်သညာမရှိ၊ အယုံလွယ်ကြတာကြောင့် ဒီမြေဒီရွာမှာ လူဆိုးလူမိုက်တွေ ဆက်လက်ရှင်သန်၊ ရမ်းချင်သလို ရမ်းနေနိုင်တာ ဖြစ်တယ်။

သန္ဓေမကောင်းတဲ့ အာဏာရှင်ဝါဒ ပဓာနနဲ့ ဆက်လက်အုပ်ချုပ်နေမယ့် စစ်ဗိုလ်ချုပ်အစိုးရ မြန်မာနိုင်ငံမှာ ဆက်လက်သက်ရှင် တည်ရှိနေသ၍ အတိတ်မှာလည်း ပြည်သူတွေကို ဒီလို လူမဆန်တဲ့ နှိပ်စက်သတ်ဖြတ် ဖြိုခွင်းမှုတွေနဲ့ အကြိမ်ပေါင်းများစွာ ကျူးလွန်ခဲ့ကြတယ်။ ဒီနေ့ခေတ်မှာလည်း အကြမ်းဖက်နှိမ်နင်းဖို့ သူတို့ လက်မနှေး၊ ရှောင်ကြဉ်မှာ မဟုတ်။ သူတို့ အာဏာတည်မြဲရေးအတွက် အနာဂတ်မှာလည်း ဒီထက်ပိုကဲ လုပ်ချင်သလို လုပ်သွားမှာ မလွဲဧကန် ဖြစ်တယ်။ ဒါကို သိသိကြီးနဲ့ ဆန္ဒမစောကြပါနဲ့ (ဒေါက်တာမောင်မောင် လေသံနဲ့) ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်းတို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပါပြီ၊ ရှေ့ သို့တိုးလျှောက်နေပါပြီလို့ မြေခွေး အကြွင်းအကျန် အရိုးဝင်ကိုက်တဲ့ အကြံပေးတွေ၊ အကျန်စားသူတွေ၊ ခံယူချက်၊ ယုံကြည်ချက် ယိမ်းယိုင်၊ လမ်းကြောင်းပျောက်ဆုံးလာတဲ့ နိုင်ငံရေးအင်အားစုတွေရဲ့  ယောင်ဝါးဝါး ပြောဆိုလုပ်ရပ်တွေကိုပါ အပြင်းအထန်ရှုတ်ချပြီး မိစ္ဆာစစ်အာဏာရှင်စနစ် အမြစ်ပြတ်ဖယ်ရှားပြစ်ဖို့ အားသစ်လောင်းပြီး လူထုတရပ်လုံး ထကြွတော်လှန် ဆန့်ကျင်သွားရမည်။ အားလုံးညီမှ ထကြွမှ အောင်ပွဲရမည်။

တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ မတ်လ (၇) ရက်နေ့က အမေရိကန်နိုင်ငံရဲ့  သမိုင်းဝင် လူထုတော်လှန်ရေးကြီး တခုဖြစ်တဲ့ Selma ခရီးရှည် ချီတက်သပိတ်တိုက်ပွဲကြီးရဲ့  နှစ် (၅၀) မြောက်နေ့ ဖြစ်တယ်။ ဒီနေ့ Selma မြို့ မှာ တခမ်းတနား ကျင်းပပြုလုပ်မယ့် နှစ် (၅၀) မြောက် အခမ်းအနားကို သမ္မတအိုဘားမားနဲ့ ဇနီး မစ်ရှယ်လ် အိုဘားမားတို့ တက်ရောက်ဂုဏ်ပြုကြမည်။

ဒီ သမိုင်းဝင် လူထုသပိတ်တိုက်ပွဲကြီးကို အကျဉ်းချုံးတင်ပြရရင် နှစ်ပေါင်းရာချီ ခွဲခြားဆက်ဆံခံခဲ့ရတဲ့ လူမည်းပြည်သူတွေ လွတ်လပ်စွာ မဲပေးပိုင်ခွင့်၊ တန်တူအခွင့်အရေး၊ လူတန်းစား ခွဲခြားမှု ဆန့်ကျင်ရေး၊ လူ့အခွင့်အရေး တောင်းဆိုဆန္ဒပြမှုတွေကို အမေရိကန်နိုင်ငံ တောင်ပိုင်းပြည်နယ်များမှာ ဒေါက်တာမာတင်လူသားကင် ဦးဆောင်ပြီး အကြမ်းမဖက် ထိပ်တိုက်ရင်ဆိုင်မှု လူထုလှုပ်ရှားမှုတွေနဲ့ အပြင်းအထန် တိုက်ပွဲဝင်ခဲ့ကြတယ်။ ၁၉၆၅ ခုနှစ် မတ်လ (၇) ရက်နေ့မှာ လူဖြူ-လူမည်း မခွဲခြား၊ တန်းတူမဲပေးပိုင်ခွင့် ရရှိရေးအတွက် ဆန္ဒပြသူ အင်အား (၇၀၀) ခန့် အယ်လာဘားမား (Alabama) ပြည်နယ်၊ ဆဲလ်မား (Selma) မြို့ ကနေ မောင့်ဂိုမာရီမြို့  (Montgomery) ကို ချီတက်ခဲ့ကြတယ်။ ဆဲလ်မားမြို့ အထွက် Edmund Pettus တံတားကြီးအရောက်မှာ လက်နက်ကိုင် ပြည်နယ်ရဲတပ်ဖွဲ့ နဲ့ ပြည်နယ်စောင့်တပ်ဖွဲ့က ပိတ်ပင်တားမြစ်ပြီး၊ အကြမ်းဖက် ဖြိုခွဲခဲ့တယ်။ အဲဒီနေ့မှာ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့  ပစ်ခတ်ရိုက်နှက်မှုကြောင့် ဆန္ဒပြသူ (၅၆) ယောက် ဒဏ်ရာအပြင်းအထန်ရရှိ၊ ဆေးရုံရောက်ပြီး ချီတက်ပွဲကို ခေတ္တရပ်နားခဲ့တယ်။

အကြမ်းမဖက် မူဝါဒ လက်ကိုင်စွဲ တိုက်ပွဲဝင်ခဲ့တဲ့ ဒေါက်တာ မာတင်လူသားကင် က လူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်ကို တုန့်ပြန်တဲ့အနေနဲ့ လူအင်အား (၂၅၀၀) ကျော်နဲ့ မတ်လ (၉) ရက်နေ့မှာ ဒုတိယအကြိမ် ချီတက်ပြီး၊ မတ်လ (၇) ရက်နေ့မှာ သွေးမြေကျခဲ့ကြတဲ့ ရဲဘော်ရဲဘက်များအတွက် တံတားထိပ်မှာ တားဆီးပိတ်ပင်ထားတဲ့ လက်နက်ကိုင်တပ်ဖွဲ့ကို ရင်ဆိုင်ပြီး ထိုင်သပိတ်နဲ့ ဆုတောင်းမေတ္တာပို့ကြတယ်။ မတ်လ (၂၁) ရက်နေ့မှာ လူအင်အား (၈) ထောင်ကျော် စုစည်းပြီး တတိယအကြိမ် ချီတက်ကာ ပိတ်ပင်ထားတဲ့ အတားအဆီး အဟန့်အတားတွေကို ကျော်ဖြတ်နိုင်ခဲ့ပြီး၊ မတ်လ (၂၅) ရက်နေ့မှာ မောင့်ဂိုမာရီမြို့ ကို ရောက်ရှိကာ၊ ပြည်နယ်မြို့ တော်ခန်းမရှေ့  လှေကားအဆင့်တွေပေါ်မှာ ခရီးရှည် လူထုသပိတ်တိုက်ပွဲ အောင်ပွဲမိန့်ခွန်းကို ဒေါက်တာ မာတင်လူသားကင် ပြောဆိုခဲ့တယ်။ အဲဒီ အခမ်းအနားကို ထောက်ခံအားပေးသူ လူပေါင်း (၂) သောင်း (၅) ထောင်ကျော် တက်ရောက်ခဲ့တယ်။ ဒေါက်တာ မာတင်လူသားကင် ပြောဆိုခဲ့တဲ့ မိန့်ခွန်း (How long, not long – http://gita.cc/archives/42268 ကို ဖတ်ကြည့်နိုင်တယ်။

ဒီနှစ် (၅၀) မြောက် သမိုင်းဝင် လူထုတိုက်ပွဲကြီးကို တချက်ပြန်ကြည့်ပြီး မြန်မာပြည်သူလူထု ရယူနိုင်တဲ့ သင်ခန်းစာက ဖိနှိပ်မှု အကြမ်းဖက် ဖြိုခွင်းမှုတွေကို နောက်မဆုတ်၊ ပြိုပျက်မသွားဘဲ အင်အားတိုး၊ အရှိန်မြှင့်ပြီး အောင်ပွဲရတဲ့အထိ မဆုတ်မနစ် တိုက်ပွဲဝင်ရမှာကို တွေ့မြင်နိုင်တယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts