စာအုပ်စင် ဝေဖန်ရေးရာ

ဇာနီကြီး – ဗိုလ်ခင်ညွန့် ပြည်သူကို စာအုပ်ရေးပြီး၊ ဝန်ချတောင်းပန်လိုက်ပြီလား



ဇာနီကြီး – ဗိုလ်ခင်ညွန့် ပြည်သူကို စာအုပ်ရေးပြီး၊ ဝန်ချတောင်းပန်လိုက်ပြီလား

(မိုးမခ) မတ် ၉ ၊ ၂၀၁၅

စာအုပ်အထူကြီး စာမျက်နှာပေါင်း (၆၅၇) မျက်နှာရှိပြီး တန်ဖိုး(၈,၀၀၀)ကျပ်၊ ဝယ်ဖတ်စရာမလို၊ ဝယ်ထားစရာလဲမလိုတဲ့ ကိုယ်အကြောင်းကို အမွှန်းတင်ရေးထားတဲ့ စာအုပ်ကြီးဖြစ်ပါတယ်။ တချို့ကလည်းပြောပါတယ်။ ကွယ်လွန်သူ ဗိုလ်စိုးဝင်း (ဝန်ကြီးချုပ်ဟောင်း) စာအုပ်ကလည်း သနားစရာ၊ အမွှာညီအစ်ကို စစ်ဗိုလ်ချုပ်၂ဦး ရှေ့ဆင့်၊နောက်ဆင့်ကွယ်လွန်သွားတာတွေ ဖတ်လို့သိပ်ကောင်းတယ် ပြောကြပါတယ်။ ဒီဆောင်းပါး အကျဉ်းဆောင်းပါးဖတ်ရင် လုံလောက်ပါတယ်။



 ဗိုလ်ခင်ညွန့် ကောင်းတာတွေချည်းပဲရေးပြီး၊ သမိုင်းကို ပြောင်းဖို့ကြိုးစားပေမဲ့ အခုခေတ်လူငယ်များက လူကောင်း၊ လူဆိုး ခွဲခြားတတ်နေပါပြီ။ အမှန်တရားက နောက်ဆုံးမှာ အနိုင်ယူပါတယ်။ အားလုံးကိုယ်မှားတာကို အမြန်သိပြီး ပျက်အစဉ်ပြင်ခဏ ..တောင်းပန်ဝန်ချမှုကို ကြိုဆိုပါတယ်။ ဗိုလ်ထွန်းကြည်လို စာအုပ်အထူကြီးတွေရေးနေသူ ဗိုလ်ချုပ်ဟောင်းများလဲ ဗိုလ်ချင်ညွန့်လို ဝန်ချတောင်းပန်ကြမယ် မျှော်လင့်ပါတယ်…။

7days ဂျာနယ်ဆောင်းပါးကို ကောက်နုတ်ချက်

နောင်လာနောင်သားလူငယ်များ သင်ခန်းစာယူစေနိုင်ရန်နှင့် သမိုင်းမှန်ကို သိရှိစေနိုင်ရန် ရည်ရွယ်သည်ဟု ဆိုသည်။ ၎င်းတာဝန် ထမ်းဆောင်ခဲ့ သည့် ၂၀၀၄ အထိ အဖြစ်အပျက်များကို တင်ပြထားခြင်းဖြစ်ပြီး မိမိတာဝန်ယူခဲ့သည့် ထောက်လှမ်းရေးအဖွဲ့အစည်းမှ တပ်ဖွဲ့ဝင်များထဲတွင် မမှန်မကန်လုပ်သူ၊ အမှားအယွင်းလုပ်သူ တချို့တစ်ဝက် ရှိနိုင်ခဲ့သည်ဟု အမှာစာတွင် ပါရှိသည်။
ထိုသို့အမှားလုပ်သူများနှင့် ပတ်သက်၍ တာဝန်ရှိသူတစ်ဦး အနေဖြင့် မိမိတောင်းပန်ပါကြောင်း ထည့်သွင်းရေးသားထားသည်။

၎င်းအာဏာရှိစဉ်ကာလက နိုင်ငံ့ကောင်းကျိုးအတွက် ဆောင်ရွက်ခဲ့မှုများကို အခန်းလိုက် ရေးသားတင်ပြထားသည်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးခင်ညွန့်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့ တွေ့ဆုံစဉ်က အမှတ်တရဓာတ်ပုံများကိုလည်း ထည့်သွင်း ဖော်ပြသည်။ တာဝန်များမှ ရပ်စဲပြီး အမှတ်(၂၇) န၀ဒေးလမ်းနေအိမ်တွင် အကျယ်ချုပ်ချထားစဉ် ကာလများကိုလည်း အခန်းခွဲ ၍ တင်ဆက်ထားသည်။ 

၎င်းကို အရေးယူဆောင်ရွက်ခဲ့သည့်နေ့က ဖြစ်စဉ်မှာ ‘‘လေဆိပ်မှ မိမိရုံးခန်းရှိရာ စစ်ရုံးချုပ်သို့ ထွက်ခွာပြီး မိမိ၏ရုံးခန်းအတွင်းသို့ ၀င်ရောက်ခဲ့သည်အထိ မိမိစိတ်တွင် ထူးခြားမှုရှိသည်ဟု မထင်မိသေးပါ။ မိမိရုံးခန်းအတွင်းရောက်၍ ငါးမိနစ်ခန့်အကြာမှာ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးက သူ့ရုံးခန်းသို့ လာရောက်ရန်ခေါ်သဖြင့် ခရီးစဉ်အတွင်း ဆောင်ရွက်ခဲ့သည်များကို ပြင်ဆင်ယူဆောင်ကာ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ရုံးခန်းသို့ ၀င်ရောက်လိုက်သည်တွင် ထူးခြားမှုကတော့ ဗိုလ်ချုပ်ကြီး သူရရွှေမန်း၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်တို့ရောက်ရှိနေသည်ကို တွေ့ရသဖြင့် ထူးခြားမှုတော့ ဖြစ်နေပြီလို့ ထင်လိုက်မိပါသည်။ ကုလားထိုင်တွင် ထိုင်တောင်မထိုင်လိုက်ရသေးပါ။ 
ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေးက ‘‘ဗိုလ်ချုပ်ခင်ညွန့် . . . ခင်ဗျား အခုအိမ်ကို ပြန်နေလိုက်ပါ။  ခင်ဗျားရဲ့တပည့်တွေကိုလည်း ခေါ်ယူမေးမြန်းမှုတွေလုပ်နေပါပြီ။ အိမ်ရောက်ရင်တော့ ဘယ်မှမသွားပါနဲ့တော့။ အိမ်မှာပဲနေပါ’’လို့ပြောလိုက်တော့ ကျွန်တော်သိပါပြီ။ ကျွန်တော့်ကို အရေးယူလိုက်ကြပြီပေါ့။ စောစောပိုင်းကတည်းက ကျွန်တော့်အပေါ် အမြင်မကြည်လင်ဘူးဆိုတာ သိထားလို့ တုန်လှုပ်စရာမဖြစ်မိတာအမှန်ပါပဲ။ ‘‘အေး . . . သိပ်ကောင်းတာပေါ့ဗျာ။ အေးအေးချမ်းချမ်းနေရတာပေါ့ဗျာ။ ကျေးဇူးတင်ပါတယ် . . .’’ ဟု ခပ်ပြတ်ပြတ်ပြောပြီး မိမိရုံးခန်းရှိရာသို့ ခပ်သုတ်သုတ်ဆင်းခဲ့ပါသည်’’



ဦးခင်ညွန့်က အခန်းလိုက် ခေါင်းစဉ်များဖြင့် ရေးသားထားပြီး  ကျွန်တော်နှင့် လူကြီးသူမများဟူသည့် အခန်းတွင် ဦးနေ၀င်း၊ ဦးစောမောင်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၊ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးစန်းယု၊ ဦးစိန်လွင်၊ ဒေါက်တာမောင်မောင်၊ စသည်တို့နှင့် ပတ်သက်ကြုံတွေ့ရသည့် အကြောင်းအရာများကိုလည်း အနည်းငယ်တို့ထိ ရေးသားထားသည်။

 ပြည်တွင်း ငြိမ်းချမ်းရေးဆောင်ရွက်ချက်များ အခန်းတွင် ကိုးကန့်၊ ၀၊ဦးခွန်ဆာ၊ ကေအိုင်အေ၊ ကေအန်င်ယူ၊ဗကပ(၁၀၁) စစ်ဒေသ၊ SSA စသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်များကို ရေးသားဖော်ပြထားသည်။  ကိုးကန့်လက်နက်ကိုင်များ စိုးမိုးထားသည့် နယ်မြေအတွင်းသို့ ဦးခင်ညွန့်က တပ်စုတစ်စုသာ လုံခြုံရေးအနေနှင့် လိုက်ပါစေပြီး ချင်းရွှေဟော်အထိ သွားရောက်ခဲ့သည်။  သူတို့အင်အား တစ်ထောင်ခန့် ယှဉ်ကြည့်လျှင် အခြေအနေဘယ်လိုဖြစ်နိုင်သလဲဆိုတာခန့်မှန်း၍ရသည်။ 


… … … .ရောက်ရောက်ချင်းပဲ ခေါင်းဆောင် ဦးဖုန်ကြားရှင်က လုံခြုံရေးလည်းမပါပါလား။ ဘာကြောင့် လုံခြုံရေးတပ်မခေါ်လာတာလဲဟု မေးတော့ ကျွန်တော်ကပဲ ခင်ဗျားတို့က ကျွန်တော့်လုံခြုံရေးကိုတာဝန်ယူထားပြီးဖြစ်လို့ ကျွန်တော့်အတွက် သီးခြားလုံခြုံရေးမလိုတော့လို့ ခေါ်မလာတာပါဟု ပြန်ဖြေကာ ယုံကြည်မှုကို တည်ဆောက်လိုက်တာပါပဲ’’ဟု တင်ပြသည်။နယ်စပ်ဒေသနှင့် အစွန်အဖျားဒေသတွေမှာ တာဝန်ထမ်းရွက်ကြသည့် ကျွန်တော့်တပည့်များ၏  မှားယွင်းသော လုပ်ဆောင်မှု၊ လောဘတက်မှု၊ အာဏာအလွဲသုံးစားပြုမှုတွေကြောင့် ထောက်လှမ်းရေးတစ်ဖွဲ့လုံး ပြိုကွဲသွားရသည်ကို သံဝေဂရပါသည်’’ဟု ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။

အခန်း(၇၁)တွင် ဖော်ပြထားသည့်ခေါင်းစဉ်မှာ မလိမ္မာသော ကျွန်တော့်တပည့်များ ကိုယ်စား တောင်းပန်ခြင်းဟူ၍ဖြစ်ပြီး မြို့နယ်အဆင့်နေရာဒေသများတွင် တာဝန်ယူခဲ့သည့် အရာရှိမဟုတ်သော အခြားအဆင့် ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များသည် ၎င်းမြို့နယ်တွင် တာဝန်ယူခဲ့ကြသည့် ဌာနဆိုင်ရာအကြီးအကဲများအပေါ် မောက်မာစွာ ဆက်ဆံခြင်း၊ လာဘ်ပေးလာဘ်ယူမှုများပြုလုပ်ခြင်း၊ အရှိန်အ၀ါနှင့် အာဏာကို အလွဲသုံးစားပြုလုပ်ခဲ့သူများလည်းရှိကြောင်း ၀န်ခံထားသည်ကိုတွေ့ရသည်။

‘‘လာဘ်ပေးလာဘ်ယူ ပြုလုပ်သည့် တပ်မှူးများ၊ တာဝန်ရှိသူများလည်းရှိခဲ့ရာ အထူးသဖြင့် မူဆယ်၊ ကွတ်ခိုင်ဒေသတွင် တာဝန်ထမ်းရွက်ခဲ့သော အရာရှိများ၏ မသမာမှုကြောင့် နိုင်ငံတော်အတွက် နစ်နာဆုံးရှုံးမှုများ ရှိခဲ့ကြောင်းကိုလည်း သတင်းများအရ သိရှိခဲ့ရပါသည်။ ကျွန်တော့်ကိုပါ တာဝန်ရှိသူအနေဖြင့် ထောင်ဒဏ် (၄၄)နှစ် ချမှတ်အပြစ်ပေးခြင်း ခံခဲ့ရပါသည်။ ထောက်လှမ်းရေးအဖွဲ့အစည်းကြီး တစ်ခုလုံးကိုပါ ဖျက်သိမ်းခဲ့ပါသည်။ ဒီဖြစ်ရပ်များသည် သင်ခန်းစာယူစရာ သံဝေဂရစရာများဖြစ်ပါသည်။ အပြစ်ကျုးလွန်သူများကို ပြစ်ဒဏ်ပေးခြင်းသည် မှန်ကန်သည်ဟု ခံယူမိပါသည်’’ဟု ၎င်းက ဖော်ပြထားသည်။

ဗိုလ်ခင်ညွန့်နှင့် အဝေးရောက်သံတမန်တစ်ဦး ဆောင်းပါးကောက်နုတ်ချက်

ခေတ်ပြိုင်ဂျာနယ်၊ ၂၀၀၀ ပြည်ပတွင်ထုတ်ဝေခဲ့သော ဗိုလ်ခင်ညွန်အာဏာ အလွန်ကြီးခဲ့စဉ် ဖြစ်ရပ်များစာအုပ်တွင်   စစ်အာဏာရှင်ကြီး ဦးနေဝင်းနှင့်တပည့်များ ဗိုလ်ခင်ညွှန့်တို့၏ စရိုက်ဆိုးများကို ရယ်မောဘွယ်ရာ သံတမန်တစ်ဦးက  မှတ်တမ်းတင်ထားသည့် ဖြစ်ရပ်မှန်စာအုပ်အကြောင်း ဆောင်းပါးတပုဒ်ကို ကောက်နုတ်ဖေါ်ပြလိုက်ပါတယ်။


” ဒီစာအုပ်မှာ ဗိုလ်ခင်ညွန့်ကို စစ်အာဏာရှင် ဗိုလ်နေဝင်းက မည်သို့မြေတောင်မြှောက်ပြီး၊ ဗိုလ်ခင်ညွန်သည် စစ်အာဏာရှင်၏ အပေါက်စောင့် အဆင့်မျှသာရှိသည် ဟုရေသားထားသည်။  စစ်အာဏာရှင်ဦးနေဝင်း အုပ်ချုပ်စဉ်က ဆိုရှယ်လစ်ဒီမိုကရေစီဟု ဘန်းပြပြီး အခြေခံဥပဒေများတွင် ရေးဆွဲထားသော်လည်း ဦးနေဝင်းကိုယ်တိုင် လုံးဝမကျင့်သုံးပဲ မျက်နှာလွှဲခဲ့သည့် သာဓက မြောက်များစွာအနက်မှ အဖြစ်အပျက်တခုကို တင်ပြပါမည်။”

သမ္မတကြီးရာထူးနှင့် နိုင်ငံတော်ကောင်စီ ဥက္ကဌ ရာထူးပိုင်ရှင် ဦးနေဝင်း သဘာပတိအဖြစ် ကျင်းပနေသည့် နိုင်ငံတော်ကောင်စီ အစည်းအဝေးတခုတွင် ရခိုင်အမျိုးသား သတင်းစာဆရာ နိုင်ငံတော်ကောင်စီဝင် ဦးလှထွန်းဖြူက ဦးနေဝင်းပြောကြားသည့် ကိစ္စတခုကို အချေတင်ပြန်လည်ပြောကြားမိရာ၌ စကားမဆုံးမီပင် ဦးနေဝင်းသည် ဒေါသထွက်သွားပြီး အစည်းဝေးခမ်းမမှ ထွက်သွားကြောင်း၊ ယင်းနေ့မှစ၍ တခြားနိုင်ငံတော်ကောင်စီဝင် ၂၀ကျော်တို့သည် ၄င်းအား၊ နှုတ်လည်းမဆက်၊ စကားလည်းမပြောကြတော့ကြောင်း၊ နောင်အစည်းအဝေးတခုတွင် ဦးနေဝင်းက သူ့အားစကားစမြည်ပြောမှသာ အခြားနိုင်ငံတော် ကောင်စီဝင်များက သူ့ကို ခေါ်ခေါ်ပြောပြော ပြန်လုပ်ကြောင်း၊ “အဲဒီအကောင်တွေ တော်တော်ဆိုးကြတယ်ကွာ၊ အစည်းအဝေးမှာ ဘာစကားတခွန်းမှ မပြောကြပဲ ကျွေးတာမွေးတာ ပလုပ်ပလောင်းစားပြီး၊ လက်ညိုးထောင်၊ ခေါင်းငြိမ့်ယုံသာ တတ်တဲ့ နဗလိန်းတုံးတွေပဲ” ဟု ပြောပြခဲ့ဖူးပါသည်။ 


ထို့ကြောင့်လဲ စစ်ဝါဒီ ဦးနေဝင်းတို့၏ ဒီမိုကရေစီ၊  “ခေါ်ရင်သွား၊ ခိုင်းတာလုပ်၊ ခံမပြောနဲ့” ဟုသော “ခ” သုံးလုံး ဒီမိုကရေစီသာဖြစ်သည်ဟု အများတကာ ပါးစပ်မှ ပြစ်တင်ဝေဖန်ခဲ့ကြပါသည်။


ယခုတဖန် ဦးနေဝင်း၏ အပေါက်စောင့် ခင်ညွန့်သည်လည်း ဦးနေဝင်းကဲ့သို့ပင် နဝတ အဖွဲ့ဝင်များ၊ ဝန်ကြီးများအား စကားပြောခွင့်ပင် မပေးသောကြောင့် ခင်ညွန့်မှခင်ညွန့်၊ ခင်ညွန့်ပြောသမျှသည် နိုင်ငံတော်ဥပဒေ ဖြစ်နေပြန်ပါသည်။ 


ဤသို့ဖြင့် မိမိ နဝတ အဖွဲ့ဝင်များနှင့် ဝန်ကြီးများကိုပင် မယုံကြည်၍ နေရာတကာတွင် ပဲခူးစားလုပ်နေသော ခင်ညွန့်အနေနှင့် လူမျိုးစုခေါင်းဆောင်များအားလည်း ယုံကြည်ပါ့မလား ဆိုသည်မှာ စဉ်းစားစရာပင် ဖြစ်သကဲ့သို့ ပြည်သူလူထုအား ယုံကြည်အားကိုးပါ့မလား ဆိုသည်မှာ ဆိုသည်မှာလည်း ထိုနည်းအတူပင် ဖြစ်သည်။ လက်တွေ့ဖြစ်ရပ်များနှင့် လက်တွေ့ခင်ညွန့်၏ လုပ်ရပ်များကို လေ့လာပါက အချင်းချင်း မယုံကြည်သောစိတ်ဓါတ်၊ ဆရာကြီးလုပ်ချင်သော လောဘ၊ အသိပညာရှင်၊အတတ်ပညာရှင်များအား မခန့်လေးစားပြုလုပ်သွားသည် ဥာဉ်တို့သည် ဒီမိုကရေစီ ကျင့်စဉ်နှင့် လုံးဝဆန့်ကျင်ပြီး ငါတကောကောနေသည့် အမိန့်ပေး အာဏာပြဝါဒ၊ လွှမ်းမိုးနေသော စစ်ဝါဒီစနစ် (Military Authoritarian Systems) အကြွင်းမဲ့ မိုက်မဲစွာ ယုံကြည်ကျင့်သုံးနေသည်မှာ လယ်ပြင်တွင် ဆင်သွားသလို ထင်ရှားနေပါသည်။ 


ခင်ညွန့်နှင့် နဝတများ၏ မတရားသဖြင့် တိုင်းပြည်ဘဏ္ဍာများအား ရိုက်စားနေကြသည်များကို ရောင်းဝယ်ဖေါက်ကားနေကြသည့် ပြည်တွင်းပြည်ပ ကုန်သည်ပွဲစားများက အတွင်းသိ၊ အစင်းသိ ဖြစ်နေကြ၍ တိုင်းပြည်အုပ်ချုပ်ရန်အတွက် အဓိကကျသည့် အခွန်အကောက်များကို မှန်မှန်ကန်ကန်မပေးပဲ နည်းမျိုးစုံဖြင့် ဆန့်ကျင်လျှက်ရှိနေကြပါသည်။


ဒန်ပေါက်တထုတ်ကို ကျပ်၅၀ ပတ်ဝန်းကျင်ခန့် ဖြစ်နေချိန်တွင် နာမည်ကြီးဒန်ပေါက်ဆိုင် တဆိုင်၏ တနေ့ရောင်းရငွေသည် ၄၄ကျပ်ဟု ၄င်း၊ ရွှေတကျပ်သားကို ၃သောင်းနီးပါး ရှိနေချိန်တွင် ရွှေဆိုင်တဆိုင်၏ တနေ့ရောင်းရငွေသည် ကျပ်၁၃ဝ နှင့် ၁၈၀ ဟု အခွန်ကြေညာလွှာများတွင် ဖော်ပြနေ၍ ခင်ညွန့်ကိုယ်တိုင် အခွန်အကောက် မှန်မှန်ကန်ကန် ပေးကြရန် လိုက်လံဆော်သြနေရသည်ဟု မြန်မာ့အလင်း သတင်းစာတွင် ဖတ်ရှုရပါသည်။


၂၂-၁၁-၉၄ နေ့တွင် အပေါက်စောင့် ခင်ညွန့်က “ပေးသင့်သော အကောက်အခွန်ကို မပေးဆောင်ရအောင် တိမ်းရှောင်ကပ်ခိုနေသူများမှာ မတရားသဖြင့် တာဝန်နှင့် သစ္စာကို ထိမ်ချန်ရာကျသောကြောင့် လောကတွင် အရှက်ကွဲကြရုံမက၊ ငရဲလားရန်အကြောင်း၊ မကောင်းမှုကိုလည်း ပြုရာရောက်သည်” ဟု သူခိုးက လူကို ဟစ်နေပြန်ပါသည်။


ဦးနေဝင်း၏ တံခါးပေါက်ကို စောင့်ရန်အတွက် နိုင်ငံခြားသို့ ဦးနေဝင်းနှင့်အတူ အခေါက်ခေါက်အခါခါ သွားရောက်ခဲ့ရသော ခင်ညွန့်အနေနှင့် မင်္ဂလာဒုံလေဆိပ်တွင် ၄င်းတင်သွင်းလာသည့် ပစ္စည်းများအတွက် အကောက်အခွန် ပေးရိုးထုံးစံ ရှိခဲ့ဖူးပါသလား၊ ယခုလည်း ခင်ညွန့်နှင့်တကွ နဝတ ဝန်ကြီးများ နိုင်ငံခြားက ပြန်လာတိုင်း လေဆိပ်မှ အကောက်အခွန် ဝန်ထမ်းများအား တာဝန်အရ သူတို့၏ သေတ္တာကို ဖွင့်ပြခဲ့ဖူးကြပါသလား။
အမှန်တကယ်တွင် နှစ်ပေါင်းများစွာ အခွန်အကောက် မပေးမိခဲ့သော ခင်ညွန့်သည် ဦးနေဝင်း၏ မစင်ထုပ်ကြီးအား သူ့ခေါင်းပေါ်တွင် တဦးတည်း ရွက်ထားရခြင်း၊ ကျောင်းသားလူငယ်များအား အာဏာသားသဖွယ် အတုံးအရုံး သေအောင် သတ်ဖြတ်ခဲ့ရခြင်း၊ နိုင်ငံရေးသမားများအား နေ့စဉ်နှိပ်စက် ညှင်းပမ်းနေရခြင်း၊ တနေ့လျှင် ၉နေရာ၊ ၁၀နေရာ သွားရောက်ပြီး အအိပ်ပျက်၊ အစားပျက်ခံကာ ဝါးလုံးကို ဝါးခြမ်းပါဟု လိမ်လည်နေရခြင်းများသည် အပါယ်ငရဲသို့ သွားရာခရီးလမ်း (နဝတ) ဘူတာ၌ လောကငရဲသို့ ရှေ့ရှုနေခြင်းပင် ဖြစ်ပါသည်။


ထို့အပြင် အပေါက်စောင့်ခင်ညွန့်တို့ အုပ်စုသည် ဝါဇီစက်ရုံမှ ရိုက်ထုတ်သည့် ကျပ်ငွေများကို သေတ္တလိုက် (ပြည်ထောင်စုဘဏ်သို့ ပို့သည့် လမ်းခုလပ်မှ ဖြတ်ယူထားကြပြီး) အနီးကပ်ကိုယ်ရံတော်များနှင့် အာဏာသားငယ်များအား တပ်သားရိုးရိုးပင် ဖြစ်သောငြားလည်း ဗိုလ်မှုးကြီး လစာအတိုင်း တဦးလျှင် ကျပ် ၁၈၀၀ခန့် ပေးထားရကြောင်း၊ ယင်းသို့ စစ်တပ်ထဲတွင် အောက်ကြေးပေးရသည့် လစားများကြောင့်၊ ငွေဖေါင်းပွမှုသည် တနေ့တခြား ဒုံးပျံကဲ့သို့ မြန်ဆန်စွာမြင့်တက်နေကြောင်းများကို ကိုယ်တိုင် ငွေမဲလစာများ ရနေသော စစ်သားမိသားစုများထံမှ အပုပ်နံ့များ ထွက်ပေါ်နေလျှက် ရှိနေပြန်ပါသည်။


ယနေ့ ဒီမိုကရေစီဘက်တော်သားများ၏ နိုင်ငံရေး ဦးတည်ချက်သည်လည်း စစ်အာဏာရှင် ချုပ်ငြိမ်းသွားရေးသည် ပထမှနှင့် နိုင်ငံရေးအဖွဲ့အစည်းများ နှင့် ဒီမိုကရေစီစနစ်ကို မြတ်နိုးသူ ပြည်သူများအနေနှင့် စုစုရုံးရုံး အမျိုးသားခေါင်းဆောင် ဒေါ်စု၏ ဒုတိယလွတ်လပ်ရေးတိုက်ပွဲတွင် ပါဝင်အားပေးရေးသည် ဒုတိယ ဦးတည်ချက်ကြီး ဖြစ်ပါသည်။ 


အချုပ်ဆိုရသော် “စုနိုင်မှသာလျှင်” အမိမြန်မာနိုင်ငံတော်ကြီးအား စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတော်ကြီးအဖြစ် တည်ထောင်နိုင်မည်သာ ဖြစ်ပါသည်။ (ခေတ်ပြိုင်ဂျာနယ်၊ အမှန်၂၆၊ မေလ၊ ၁၉၉၄ခုနှစ်)

 

” ဒီစာအုပ်မှာ ဗိုလ်ခင်ညွန့်ကို စစ်အာဏာရှင် ဗိုလ်နေဝင်းက မည်သို့မြေတောင်မြှောက်ပြီး၊ ဗိုလ်ခင်ညွန်သည် စစ်အာဏာရှင်၏ အပေါက်စောင့် အဆင့်မျှသာရှိသည် ဟုရေသားထားသည်။  

 
စရိုက်ကောင်းများဖြင့်နိုင်ငံတည်ဆောက်ခြင်း (Mission Possible)

ဗိုလ်ခင်ညွန့်၊ ဗိုလ်စိုးဝင်း၊ ဗိုလ်ထွန်းကြည် ..စသည့်စာအုပ်များမှာ ဘယ်လောက်သနားစရာ၊ အားကျစရာကောင်းအောင် ရေးထားသော်လည်း ယူကြုလို အင်တာနက်ရုပ်သံများတွင် တကယ့်မျက်ရည်နှင့် ဝန်ချတောင်းပန် နိုင်ရပါမည်။ တောင်ကိုးရီးယား စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးများနှင့် အပေါင်းပါများသည် နိုင်ငံတော်တီဗွီတွင် မျက်ရည်ဖြင့် ပြည်သူများကို ဝန်ချတောင်းပန်ခဲ့ကြသည်။ အဂတိလိုက်စားသော ဒေဝူးကုမ္ပဏီ အကြီးအကဲလည်း ပြည်ပထွက်ပြေးရာမှ ပြန်လာပြီး ပြည်သူလူထုကို တီဗီမှ ဝန်ချတောင်းပန်ခဲ့သည်။ မိမိအမှားကို အမှားမှန်းသိပြီး နှုတ်ဖြင့်ဝန်ချတောင်းပန်ခြင်းသည် အသက်ရှင်နေစဉ်လဲ စိတ်ရှင်းသည်။ သေဆုံးပြီး နောင်ဘဝတွင်လည်း ဝန်ပေါ့သည်။ အသေလည်းဖြောင့်ပါသည်။


ယခင်က စစ်အာဏာဖြင့် ရိုက်နှက်အုပ်ချုပ်ခဲ့ပြီး၊ ယခု ထိုစစ်အာဏာရှင်ဟောင်းများနှင့်ခရိုနီများပူးပေါင်းပြီး ငွေအာဏာရှင် (လက်ဝါးကြီးအုပ်အရင်းရှင်စနစ်)ဖြင့် အုပ်ချုပ်ဖို့လုပ်နေပြန်သည်။ ဘေးနားမှ တရုပ်နိုင်ငံကြီးကဲ့သို့ လာဘ်စားမှုများကို ပြက်ပြက်သားသားမကိုင်တွယ်နိုင်ပါက ကျနော်လည်း မြန်မာပြည်တော်ပြန်ဖို့ အလွန်အလှမ်းဝေးနေဦးမည်ဖြစ်သည်။ ကျနော်ကိုယ်တိုင် တိုင်းပြည်နှင့်လူမျိုးအတွက် ဘာမှမလုပ်ပေးနိုင်၊ ကျနော့်မိသားစုကိုလဲမကယ်နိုင်ပါ။ နောက်ဆုံးမိမိကိုယ်ကိုပင် မကယ်နိုင်လောက်အောက် ကျနော့်အကျင့်ဆိုးများမဖျောက်နိုင်။ 



မိမိအသက်မသေခင်  ပြောတဲ့အတိုင်းလုပ်၊လုပ်တဲ့အတိုင်းပြော၊ပြောတာလုပ်တာမှတ်တမ်းရှိ ..ဆိုသည့် ISO 9000 ဆောင်ပုဒ်ကိုလိုက်နာမည်။ စနစ်ဆိုးအမွေ၊ မိမိ၌တွယ်ကပ်နေသော ဦးနေဝင်း “လ” သုံးလုံးဆရာကြီး (လိင်၊လာဘ်၊လောင်းကစား)နှင့် တပည့်ဗိုလ်ခင်ညွန်တို့၏ ကလိန်ကကျစ်အကျင့်၊စရိုက်ဆိုးများကို ရှောင်မည်ဟုသာ သံဓိဌာန်ချထားပါသည်။ 



ဇာနီကြီး
အညွှန်းများ –

၁။ 7Days Journal 2015

http://7daydaily.com/story/32894#.VPwAqvzLdgh
၂။ အဝေးရောက်သံအမတ်တဦး

http://mingalaronline.biz/attitude/stories/clean.army.htm
 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ဇာနီကြီး – ဗိုလ်ခင်ညွန့် ပြည်သူကို စာအုပ်ရေးပြီး၊ ဝန်ချတောင်းပန်လိုက်ပြီလား
  1. သူသာရှက်တတ်တဲ့လူတယောက်ဆိုရင် လူမြင်ကွင်းကိုထွက်လာဘို့မကောင်းတော့ပါဘူး၊ သူဟာကုသိုလ်တွေ အများကြီးရအောင်လုပ်နိုင်တဲ့နေရာမှာနေခဲ့ဘူးတယ်၊ ဒါပေမဲ့ သူလုပ်ခဲ့တာတွေဟာ တလွဲတွေချည့်ဘဲ၊ လူပေါင်းမျောက်များစွာရဲ့ဘ၀တွေကို ရက်ရက်စက်စက်ပျက်စီးအောင်လုပ်ခဲ့တဲ့လူပေါ့ဗျာ၊ အရေးကြီးဆုံးကတော့ ကြောင်နဲ့ကျားနဲ့ မခွဲခြားတတ်ခဲ့တာဘဲ၊သူခိုးကြီးက ခိုးဘို့ကြံစည်နေစဉ်မှာ ကြောင်လိုနေတာပေါ့ဗျာ၊ မိန်းမလုပ်သူကလဲ ခိုးသား ၅၀၀ ကို ဦးဆောင်နိုင်တဲ့သူဘဲ မဟုတ်လား၊ နောက်ဆုံး ကျားမှန်းသိတဲ့ အချိန်မှာ အချိန်က လွန်နေပြီ၊ အဆိုးဆုံးကတော့ သူမသိပါဘူးပြောနေတဲ့ ဒီပဲရင်း တရားခံစာရင်းမှာ သူ့ကိုယ်သူ ထည့်သွင်းလိုက်တာပါဘဲ၊ လူသတ်ဖို့ကြံစည်နေတာကို ဘာမှ ၀င်ပြောမရင်သူလဲ ကြံရာပါပေါ့ဗျာ၊ ဒေါ်အောင်ဆန်းစုကြည်ကို အသေသတ်ဖို့ ကြံစည်တဲ့လူတိုင်းရဲ့ လားရာဟာ မကောင်းနိုင်ပါဘူး၊ သူ့အကြောင်းက ဆုကြီးတွေ ရဘို့ ကြုံခဲ့ပေမဲ့ အချီးနှီး ဖြစ်သွားရတဲ့ ဘ၀တခုအကြောင်းပေါ့ဗျာ

  2. This vermin still needs to be trialed. No matter what he said.

    It is inexcusable. and he needs to face ‘ justice ‘ .

    No mercy: No prejudice: No Vendetta: Just truly, plainly, to trial him. No bias at all.

    He just needs to face prosecution.

Comments are closed.