ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ – သူပုန်တမ်းချင်း

  ဆောင်းယွန်းလ – သူပုန်တမ်းချင်း
(မိုးမခ) မတ်လ ၅၊ ၂၀၁၅

သူတို့ဟာ
ယုံအောင် ညာတတ်ပြီး
မယူံနိုင်လောက်အောင် ရက်စက်တတ်ကြလို့…

သူတို့ဟာ
အရိပ်ကိုခိုပြီး
ခိုတဲ့အရိပ်ကိုပဲ ပြန်ချိုးတတ်ကြလို့….

သူတို့ဟာ
သားရေပေါ်အိပ်ပြီး
သားရေနားကို ပြန်စားတတ်ကြလို့…

သူတို့အတွက်
ငါတို့လက်ထဲက ဖောင်တိန်တချောင်းစီဟာ
ပေါင်ချိန် တသောင်းတသိန်းစီနဲ့ညီမျှတဲ့
စိတ်ခွန်အားပြင်းပြင်း
တော်လှန်ခြင်း ဒုံးကျည်အစင်းစင်းပဲဖြစ်ခဲ့တယ်….

သူတို့ဟာ
ငါတို့နေခဲ့ဖူးတဲ့ ရန်ကုန်ကို
ရန်ကုန်စေချင်သူတွေ မဟုတ်ကြဘူး
ငါတို့ အဘိုးအဘေးတွေ သေခဲ့ဖူးတဲ့ ရန်ကုန်ကို
ရန်ကုန်စေချင်သူတွေ မဟုတ်ကြဘူး…

သူတို့ဟာ
ဗမာပြည်ရဲ့နဖူးကိုသိုက်တူးကြသူတွေ
ရန်ကုန်ရဲ့အလှနဲ့သဘာဝကို
ခြေတော်တင်ဖို့ ကြိုးစားကြသူတွေပဲဖြစ်တယ်….

တကယ်တော့..
ငါတို့ဟာ
သူပုန်နားနီးလို့
သူပုန်ဖြစ်ခဲ့ကြတာမဟုတ်ပါဘူး
သူတို့လို ဖိနှိပ်သူတွေနားနီးလို့ သူပုန်ဖြစ်ခဲ့ကြရတာပါ…

သူတို့အတွက်
သပိတ်စုံပြီး
သပိတ်သာ ကုန်ရင်ကုန်သွားခဲ့လိမ့်မယ်
ငါတို့ရဲ့
အလုံပိတ်ထားတဲ့ သူပုန်စိတ်ကတော့
ဘယ်တော့မှ ကုန်သွားလိမ့်မှာမဟုတ်ဘူး…။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts