စာစုတို

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) – ဘယ်လိုအပေးအယူ ဘာကတိတွေ တောင်းခဲ့သလဲ

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) – ဘယ်လိုအပေးအယူ ဘာကတိတွေ တောင်းခဲ့သလဲ
(မိုးမခ) မတ်လ ၅၊ ၂၀၁၅

တကယ်တော့ ဒီအဖြစ်ဟာ  ထူးလဲမထူး  ဆန်းလဲ မဆန်းပြားပါဘူး  …။ ကိုယ်အသက်ရှင်နေထိုင်ဖို့ တပါးသူရဲ့အကူအညီ..ပံပိုးမှုအောက် ရှိနေသရွေ့တော့ တနေ့မဟုတ် တနေ့ ဒီလို အဖြစ်မျိုး  မလွှဲမသွေ ကြုံရမှာတော့ အသေအချာပါဘဲ…၊၊

ဒီနေ့ ကျောင်းသားလူငယ်တွေရဲ့အနာဂတ်အတွက် ပညာရေးဥပဒေကြမ်း ပြင်ဆင်ရေးဆွဲဖို့တောင်းဆိုနေတာလဲ  ရှင်းရှင်း လင်းလင်းပါပဲ။ ထူးခြားဆန်းပြားနက်နဲတဲ့ အချက်အလက်တွေလည်း မပါ၊ အခြေခံလစာနည်း အလုပ်သမားတွေကလည်း တနေ့တခြား မြင့်မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းနဲ့အညီ အံဝင်ခွင်ကျ ၀င်ငွေ ထွက်ငွေနဲ့အညီ ထိုက်သင့်တဲ့လစာ တိုးမြင့်ခံစား ခွင့်ကို အရေးဆိုနေတာလည်း ရှုပ်ရှုပ်ထွေးထွေးမရှိ၊ ထင်သာမြင်သာ လျော်ကန်တဲ့အရေးဆိုမှုတွေပါပဲ။ အထိမခံ ပါးလှပ် လှပ်အခြေအနေအောက်မှာ ဖုံးထားတဲ့ ပြာအောက်က မီးစ၊ အပြီးအပြတ် မငြိမ်းနိုင်သေးခင် ထုတ်သုံးလာတဲ့ ၀ှိုက်ကဒ်ကို လူအများက ဆန့်ကျင်ကန့်ကွက်ခဲ့တာလည်း သဘာဝကျပါတယ်၊ ဖြစ်သင့်ပါတယ်။

ဖြစ်ရိုးဖြစ်စဉ် ကြုံနေ ဆုံနေတဲ့ အရိုးရှင်းဆုံးကိစ္စအ၀၀ကို ဖြည်းဖြည်းအေးအေး ဖြေရှင်းဆောင်ရွက်ပေးနိုင်ရဲ့။ အခြေ အနေမှန်ကို ပညာရှိဆန်ဆန် အုပ်စိုးသူခေါင်းဆောင်းကောင်းပီပီ၊ စိတ်ရှည်သည်းခံ ခွင့်လွှတ်စိတ် တိုင်းပြည်ရေရှည်အကျိုး ကောင်းလိုတဲ့စိတ်အရင်းခံ ဖြေရှင်းပေးနိုင်ရဲ့နဲ့ ငါမှတပါး အခြားမရှိ၊ ငါ့မြင်း ငါစိုင်း စစ်ကိုင်းကိုရောက်ရောက်ဆိုတဲ့စိတ်နဲ့ အဆင်ခြင်မဲ့ ဖြေရှင်းတော့ အလဲလဲ အကွဲကွဲ၊ အလွဲလွဲ အချော်ချော်၊ ခုတ်ရာတခြား ရှရာ တခြားနဲ့ အရှက်ရလေ မိုးမွှန်လေ အမြင်အာရုံဝါးလေ ဆုံးဖြတ်ချက်မှားလေနဲ့ မုန့်လုံးစက္ကူကပ်သလို အဖြေမှန်က ကြာလေ ဝေးလေပါပဲ …။

အဲဒီလို ဖြစ်ရိုးဖြစ်စဉ်အဖြစ်နဲ့တောင် ချာချာလည်နေရဲ့နဲ့ စစ်အာဏာရှင်တို့ရဲ့ နိဂုံး အစပထမ အမှားကြီးတခုကို ဆက်မှားခဲ့ တာတော့ ဘယ်သူမပြု မိမိမှု ဆိုသလိုပါပဲလေ။ သုံးနေကြ လက်စွဲနေကြ ပြည်ပကျူးကျော်မှု ဆေးမီးတိုက ခေတ်ကာလ အခြေအနေရ ဆေးမတိုးတော့တာကို သတိမပြုမိလိုက်တာဟာ အာဏာရှင်အုပ်စုတွေရဲ့ နိဂုံးအစ ကနဦးပါပဲ။ အချိန် အခါမသင့် အခြေအနေမဆီလျှော် အခွင့်အရေးနည်းပါးချိန် မလိုလားအပ်ပဲ အင်အားအလွန်အကျွံသုံးပြီး ကိုးကန့် ပြည်တွင်း စစ်အပေါ် တိုက်ခိုက်ချေမှုန်းလိုက်တာ အခုတော့ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်ခဲ့ရပြီ။ ငါတကောကောနဲ့ ကြမ်းခဲ့ရမ်းခဲ့ သမျှ အခုတော့ မရှူနိုင် မကယ်နိုင် ငယ်ထိပ်မြွေပေါက်ခံထိရပြီ။ အခုမှတော့ တောင်မင်းလည်း မကယ်နိုင်၊ မြောက်မင်းလည်း မကူနိုင်။

တရုတ်ကွန်မြူနစ်ပါတီအာဘော်သတင်းစာက ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထားမှတ်ချက် မီးစိမ်းပြလိုက်တော့ အူယားဖားယား အပြေးတွေ့ရပြန်ပြီပေါ့ …။ ဘယ်ပါတီ ဘယ်အဖွဲ့ရဲ့ကိုယ်စားလှယ်တွေကိုလည်း မသိတော့။ တွေ့ဆုံဆွေး နွေးချိန်ကိုလည်း ကန့်သတ်ဖို့ သတိမရတော့။ တွေ့ဆုံခြင်းရဲ့ရလဒ်အဖြေကိုလည်း မထုတ်ပြန်နိုင်တော့။ အများပြည်သူ မြင်သာ ထင်သာအောင်လို့လည်း တံခါးမဖွင့်နိုင်တော့။

ခေတ်အဆက်ဆက် လက်ဝေခံ တပါးကျွန်သာသာ အရှင်သခင်အလိုကျ အကျိုးဆောင်ခဲ့သမျှ ရွှေမျက်နှာတော်ကို အကဲဖြတ် တချက်မှားခဲ့တာနဲ့ ဒူးနဲ့ မျက်ရည်သုတ်ရမယ့်ဘ၀၊ လည်စင်းပေးရမယ့်ဘ၀၊ တွေ့ဆုံဆွေးနွေးတဲ့အချက်ကလည်း စုစုပေါင်း နှစ်ချက်ထဲ ဆိုပါလား။ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ရွေးကောက်ပွဲကျင်းပရေးဆိုတဲ့ နှစ်ချက်ပဲလား …?

ရွှေးကောက်ပွဲအလွန်… အာဏာရှင်စနစ်ဆိုးရဲ့ တခြားတဖက်… ဘာတွေတောင်းဆိုလို့ ဘယ်လို ကတိကဝတ်တွေရယူထား သလဲဆိုတာ သိခွင့်ရှိရင် သိချင်ပါရဲ့ ….။ ဘယ်လိုအပေးအယူရှိခဲ့သလဲဆိုတာကိုရော သိခွင့်ရှိရင် သိချင်ပါရဲ့ ..။ သြော် နောင် လာနောင်သားတွေအတွက်  သမိုင်းသင်ခန်းစာအဖြစ် ……….။

မောင်မောင်လတ်(ရွှေအင်းလေးစာပေ)

Photo RFA


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts