ကဗျာ

ခက်ဦး – ရွှေပြည်တော်ဘွဲ့ ရွဲ့ချင်း

ခက်ဦး – ရွှေပြည်တော်ဘွဲ့ ရွဲ့ချင်း

(မိုးမခ) မတ် ၄၊ ၂၀၁၅

အယောက်ရေ ၁၀၀၀ မပြည့်တဲ့

ပညာရေးမြင့်မားလိုမှုအတွက်

အသက် နဲ့ ခန္ဓာကိုယ်ကို အဆုံးအပ်ပြီးသား

ခွပ်ရေးလှ ဒေါင်းပျိုတွေရှေ့မှာ

လက်ညိုးညွှန်ရာ ရန်မူဖို့အသင့်

ဝီိရိယပြည့်ပြည့် သိစိတ်ပျောက်သတ္တဝါ

တပ်တော်မဟာကြီး ခွာတရှပ်ရှပ် နှာတမှုတ်မှုတ် ။

တောင်သူလယ်သမားနေ့တဲ့

ကြိုဆိုပစ်လိုက်ပုံက

၈၈ နှစ် အမယ်အို တောင်သူမကြီးကို

လယ်ဝေးမှာ လယ်နဲ့ဝေးနေသမျှ

တဲထိုးအခြေချမိသမျ  ထောင်ဒဏ် ၁လနဲ့

ရိုသေညွှတ်တွားစွာ မိဘအရာထား

ပူဇော်လိုက်ပြန်သလေး လှလှပပ ။

ညွှန်ရာပြရာ အသေခံပစ်ပြသွားရှာတဲ့

သက်တော်စောင့်တွေအတွက်

ကျန်ရစ်သူမုဆိုးမနဲ့ အဖပျောက်ရင်သွေးတွေအတွက်

ကရုဏာတွေ အသပြာစာအိတ်ပြားချပ်ချပ်ထဲ ထည့်ပေး

အုပ်ပင့်ချီမိုးထားတဲ့လက်ကလေးတွေအပေါ်

သူ့သွေးညှီနံ့စွဲလက်ဝါးကြမ်းကြီးနဲ့နွေးနွေးထွေးထွေး

သဘာဝနဲ့ခုန်တာမဟုတ်တဲ့နှလုံးသား

မိဘပြည်သူများခင်ဗျားကြီး

လွှတ်ကြည်ညိုစရာကောင်းနေလိုက်ပုံ

ဒီမိုကရေစီတဲ့

အမည်တုနဲ့ဒီတိုင်းပြည်

ဟုတ်ကဲ့

သာသာယာယာရှိနေပါကြောင်း ။

Photo – KoYe Tin, Facebook


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

One thought on “ခက်ဦး – ရွှေပြည်တော်ဘွဲ့ ရွဲ့ချင်း
  1. Thanks for the poem. so good so far ! They are idiot, everyone knows that who has heart and brain

Comments are closed.