မှန်ကန်ရင် တန်မပြန်ဘူးဟဲ့၊ ဓားမနောက်ပိတ်ခွေးတွေရဲ့။
ပထမဦးဆုံး အရငိပြောထားချင်တာက၊ အခု ကျောင်းသားတွေဆင်နွှဲနေတဲ့ ဒီမိုကရေစီပညာရေးသပိတ်မှောက်စစ်ကြောင်းကို၊ကျနော် အပြည့်အ၀ ထောက်ခံအားပေးနေတယ်ဆိုတဲ့အချက်ပဲ။ ခြွင်းချက်မျှမရှိ။ ကျောင်းသားတွေရဲ့သပိတ်စစ်ကြောင်း တွေ (ပင်မ၊ အရန်၊ ယာယီ၊ အမြဲ) အားလုံးကို ထောက်ခံအားပေးလိုက်တဲ့အတွက်၊ ကျောင်းသားသပိတ်ကို ကရော်ကမယ် တန်ပြန်ဆန္ဒပြနေကြတဲ့၊ လူမလေး ခွေးမခန့် ၊ ခပ်ညံ့ညံ့အတွေးအခေါ်ချောက်တီးချောက်ချက်၊ လူကလေး ၄-၅-၆ ယောက်နဲ့ (ခွေးတောင် အဆစ်ပါလိုက်သေး) တန်ပြန်သပိတ်လုပ်နေတဲ့ အစိုးရလက်ပါးစေ အလိုတော်ရိ နောက်လိုက်ခွေးတစ်အုပ်ကို ပွင့်ပွင့်လင်းလင်း ရှုတ်ချပြီးသားဖြစ်သွားပါပြီ။
နောက်ကြောင်းကလေး နည်းနည်းပြန်ပရစေ။
၂၀၀၇ စက်တင်ဘာ၊ ရွှေဝါရောင်တော်လှန်ရေးကြီးတုန်းကပါ။ ၂၀၀၇ စက်တာင်ဘာ (၅) ရက်၊ ပခုက္ကူမြို့မှာ နအဖ စစ်အစိုး ရနဲ့ အစိုးရနောက်မြီးဆွဲ ကြံ့ဖွတ်အသင်း (အဲဒီအချိန်တုန်းက ပါတီမဖြစ်သေးဘူး၊ အသင်းအနေနဲ့ပဲ ရှိသေးတယ်) လူမိုက်စွမ်းအားရှင်တွေက၊ သံဃာကို ဓာတ်တိုင်ကပ် ကြိုးချည်ရိုက်တာကနေစပြီး၊ တောမီးဟာ တစ်ပြည်လုံး အကြီးအကျယ် ထလောင်ခဲ့တော့တာပဲ။
၂၀၀၇ စက်တင်ဘာ (၁၈) ရက်နေ့။ ၁၉၈၈ တုန်းက စစ်တပ်က အာဏာသိမ်းသွားတဲ့နေ့ကို အထူးတလည် သွေးကြွေး ပြန်ဆပ်တဲ့အနေနဲ့ ရန်ကုန်၊ မန္တလေးနဲ့အခြားမြို့တွေ ရွာတွေက သံဃာတွေ ကံဆောင်သပိတ်မှောက်၊ လမ်းပေါ်တက် ဆု တောင်းမေတ္တာပို့၊ ဆန္ဒပြချီတက်ခဲ့ကြတယ်။
၂၀၀၇ စက်တင်ဘာ (၂၄) မှာ ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားအရှေ့မုခ်၊ ကြေးသွန်းဘုရားမှာ သပိတ်စခန်းယာယီဖွင့်ပြီး၊ တစ်နိုင် ငံလုံးဆိုင်ရာ အထွေထွေသပိတ်ကြီးခေါ်လိုက်ကြပါတယ်။ GENERAL STRIKE ( G S ) ကြီး စပြီပေါ့။ G S ကော်မတီထဲမှာ ကျနော်တို့အသိုက်လည်း ပါတယ်ပေါ့။
စက်တင်ဘာ ၂၄ (၂၀၀၇) အထွေထွေသပိတ်ကြီး ပထမနေ့။ သံဃာ- ကျောင်းသား- ပြည်သူတွေဟာ လူထုအင်အား သောင်းနဲ့ သိန်းနဲ့ ချီပြီး ရွှေတိဂုံကနေ ကမ္ဘာအေးဘုရားအထိ လမ်းလျှောက်ချီတက် ဆန္ဒပြကြပါတယ်။ မိုးထဲလေထဲမှာ။ ရွှေတိဂုံ- မြေနီကုန်း- စမ်းချောင်း- ကြည့်မြင်တိုင်- ဆင်မလိုက် – ကမာရွတ် – လှည်းတန်း – ပြည်လမ်းအတိုင်း – အင်းလျားကန်- ရှစ်မိုင်လမ်းဆုံ – န၀ဒေးရုပ်ရှင်ရုံ- ကမ္ဘာအေးလမ်း။ လမ်းတစ်လျှောက်ကြိုဆို အားပေးဝန်းရံနေတဲ့ လူအုပ်ကြီးက တိုးမပေါက် ပါဘူး။ ကြံ့ဖွတ်လူမိုက်စွမ်းအားရှင် ပဉ္စမံတပ်သား၊ နအဖ စစ်အစိုးရ ခွေးတွေရဲ့အန္တရာယ်ကလည်း မအေးပါဘူး။ (အဲဒီ အချိန်ကတည်းက ကြံ့ဖွတ်စွမ်းအားရှင် လူစုစုကို ကျနော်တို့ပြည်သူတွေက ခွေးတွေလို့ပဲ ခေါ်ခဲ့ကြတာပါ)
စက်တင်ဘာ ၂၅ (၂၀၀၇) အထွေထွေသပိတ်ကြီး ဒုတိယနေ့။ (ကျောင်းသားသမဂ္ဂ ခွပ်ဒေါင်းအလံနှစ်လက် စလွှင့်တဲ့နေ့) သံဃာ-ကျောင်းသား- ပြည်သူတွေဟာ လူထုအင်အား သိန်းနဲ့သန်းနဲ့ချီပြီး ရွှေတိဂုံဘုရားနေ မြို့လယ်က မြို့တော်ခန်းမ၊ ဆူးလေဘုရားအထိ လမ်းလျှောက်ချီတက် ဆန္ဒပြကြပါတယ်။ မိုးထဲ လေထဲ မုန်တိုင်းထဲမှာပါပဲ။ လမ်းဘေးဝဲယာ လူအုပ်ကြီး ကလည်း တစ်ခနဲနက် အားပေးဝန်းရံနေတာပါပဲ။ နအဖခွေးတွေကလည်း အလစ်ချောင်းလို့ပေါ့။
စက်တင်ဘာ ၂၆ (၂၀၀၇) အထွေထွေသပိတ်ကြီး တတိယနေ့။ ဒိနေ့မှာပဲ နအဖစစ်တပ်က မျက်ရည်ယိုဗုံးတွေ၊ သံဆူးကြိုး တွေ၊စက်သေနတ်တွေနဲ့၊ သံဃာတွေဦးဆောင်နေတဲ့ ကျောင်းသားပြည်သူတွေပါဝင်တဲ့ အထွေထွေသပိတ်စခန်းနဲ့သပိတ်အင်အားစုတွေကို၊ အကြမ်းဖက်ပစ်ခတ်နှိမ်နင်း အင်အားသုံးဖြိုခွင်းလိုက်တော့တာပါပဲ။
တိုတိုပြောရရင်၊ ဆက်တိုက်ဆိုသလို နောက်ရက်တွေမှာ ဘုန်းတော်ကြီးကျောင်းတွေကို၊ နအဖစစ်တပ်က သူပုန်စခန်း ၀င်စီးသလို သရဲမရဲ ၀င်စီးပြီး၊ သံဃာတွေအများအပြားကိုရိုက်နှက်ဖမ်းဆီးလို့ အင်းစိန် ဂျီတီအိုင်အကျဉ်းစခန်းနဲ့ အင်းစိန် အကျဉ်းထောင်တွေထဲကို ထည့်လိုက်ကြပါတယ်။
အဲဒီတုန်းက ကျနော် (တို့) အခန်းကဏ္ဍ ကိုယ်တွေ့ပါဝင်ခဲ့တာတချို့ကို ပြောပါမယ်။ ကိုဇာဂနာ၊ ကိုကျော်သူနဲ့ မရွှေဇီးကွက်၊ ကိုဇော်သက်ထွေး၊ ကိုစောဝေ၊ ဆရာမ သန်းမြင့်အောင်၊ ဆရာမ နှင်းပန်းအိမ်၊ ဆရာမောင်တင်သစ်၊ ကျနော်တို့စာပေနဲ့ အနုပညာသည်တွေဟာ သံဃသပိတ်ကို အနီးကပ်ကူညီဝန်းရံ အားဖြည့်ခဲ့ကြပါတယ်။ (အသေးစိတ်မြင်ကွင်းမြင်ကွက်၊ ဖြစ်ခင်းဖြစ်ကွက်တွေကို နောင်တော့ရေးပါဦးမည်။ ဗကသများအဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင် (ကို) ကျော်ကိုကိုရဲ့ ရွှေ ၀ါရောင်မျိုးဆက်ကို မွေးဖွားခြင်း၊ ပထမအကြိမ် ၂၀၁၄ ဖေဖော်ဝါရီ၊ ဆန်းစသော်တာ စာအုပ်ထုတ်ဝေရေး- စာအုပ်အမှာ စာထဲမှာတော့ တစ်စွန်းတစ်စရေးခဲ့ဖူးပါသည်)
ကျနော်ပြောချင်တာက၊ အထွေထွေသပိတ်ကြီး ဒုတိယနေ့ (၂၅ စက်တင်ဘာ ၂၀၀၇) ဆူးလေဘုရားမှာ မိန့် ခွန်းပြောပြီးတော့၊
ကျနော် ကျော်သူကိုခေါ်ပြီး ပြေးရပါတယ်။ ပုန်းရပါတယ်။ နောက်နေ့မနက် (၂၆ စက်တင်ဘာ ၂၀၀၇) ကျော်သူနဲ့ လူချင်း ခွဲပြီး၊ ကျနော် ရွှေတိဂုံသပိတ်စခန်းကိုလာတော့ တိုင်းပြည်က ပျက်နေပါပြီ။ မီးလောင်နေပြီ။ စစ်ဖြစ်နေပြီ။ ကျနော်ဝင်လို့ မရတော့ဘူး။ အဲဒီကစတာပဲ။ ကျနော့်ရဲ့ပြည်ပြေးဘ၀ ပထမရဲ့ပထမတွေဟာ အဲဒီက စခဲ့တော့တာပါပဲ။
ကျနော် ရန်ကုန်မြို့ထဲမှာပဲ တစ်နေရာပြီးတစ်နေရာ ပြောင်းရ ရွှေ့ ရ၊ ပြေးရ လွှားရ ပုန်းရပါတယ်။ စွန့်စားခန်းပါပဲ။ ပြေးရင်း လွှားရင်း ရှောင်ရင်း တိမ်းရင်းနဲ့ ပုန်းခိုကျင်းကလေးတွေထဲကနေ (ရေဒီယိုကလေးတစ်လုံးနဲ့) သတင်းလည်း မပြတ်နားထောင် ရပါတယ်။ သတင်းစာ (ကြေးမုံ၊ မြန်မာ့အလင်း) လည်း မပြတ်ဖတ်ရပါတယ်။ နအဖစစ်အစိုးရရဲ့ မဟုတ်မမှန် လုပ်ကြံသ တင်းတွေကို နားထောင်ရ၊ ဖတ်ရပါတယ်။ ကိုယ်ကလည်း ရတဲ့တယ်လီဖုန်းကလေးနဲ့ ပြည်ပရေဒီယိုတွေကနေတစ်ဆင့် နအဖ စစ်အစိုးရကို တုံ့ပြန်ရ၊ တိုက်ခိုက်ရတာပေါ့။
ပြေးရင်းလွှားရင်း၊ ရှောင်ရင်းပုန်းရင်းနဲ့ ခွင်က ကျဉ်းသထက် ကျဉ်းကျဉ်းလာပါတော့တယ်။ တစ်နေရာရာမှာ အသေအချာ ၀ပ်နေရတော့မယ်ဆိုတာလည်း သဘောပေါက်လာပါတယ်။ ညည စစ်ကားတန်းကြီးတွေနဲ့ ရပ်ကွက်ထဲလှည့်ပြီး လက်နက်ချ ထွက်အဖမ်းခံဖို့၊ အသံချဲ့ စက်နဲ့အော်ဟစ်အမိန့်ပေးနေတဲ့အသံတွေကိုလည်း မပြတ်တမ်းကြားနေရပါတယ်။ စက်တင်ဘာ ၂၅ ရက်ည (၂၀၀၇) ကတည်းက ကျနော်ပြေးနေ ပုန်းနေရတာ။ ရက်က ကြာလာပြီ။ အောက်တိုဘာထဲတောင် ၀င်လာပြီ။ အောက်တိုဘာ မိုးရေစက်တွေကတော့ ကျနော့်ရဲ့အိပ်မက်တွေကို ၀ှက်ထားပေးကြဆဲပေါ့။
နောက်ဆုံးတော့ အရဲကိုးပြီး ရန်သူနဲ့အနီးဆုံးအရပ်ကို တိုးဝင်လိုက်ပါတယ်။ ရန်သူနဲ့ အနီးဆုံးနေရာဟာ ကိုယ့်အတွက် ပုန်း ဖို့အလုံခြုံဆုံးနေရာပဲ။ ပုန်းခိုကျင်းကလေးတစ်ခုထဲကို ကျနော်ရောက်သွားပါတယ်။ ပိုက်ဆံပေးနေရတဲ့ ၀ပ်ကျင်းကလေးပေါ့။ အဲဒီကိုရောက်တော့မှ စိမ်ပြေနပြေ မသိခဲ့ရတဲ့ နအဖစစ်အစိုးရရဲ့အရှက်မရှိ သရက်စိ (စေ့) ကလိမ်ကညစ် လုပ်ရပ်တွေကို နဖူးတွေ့ဒူးတွေ့ ကြုံရ ကြားရ မြင်ရ ဖတ်ရတော့တာပါပဲ။
ပထမတစ်ခုက၊ နေပူတော်ကျွဲကြီး သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဖို့ ၊ သူ့ဘက်က အချက် (၄) ချက်ကို မရှက်မ ကြောက် ထုတ်ပြီးပြောလိုက်တာပါပဲ။ သူပြောတဲ့အချက် (၄) ချက်ကို ဒေါ်အောင်ဆန်းစုကြည်က လက်ခံလိုက်နာမယ်ဆိုရင် သူ နေပူတော်ကျွဲကြီး သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပါမယ်ပေါ့။ ဒီတုန်းက တွေ့ဆုံရေးပွဲစားက အလုပ်သမား ၀န်ကြီးဌာန၀န်ကြီး ဦးအောင်ကြည်ပါ။
ဘယ်ရမလဲ။ ဟိုကလည်း ဒေါ်အောင်ဆန်းစုကြည်ပဲ။ ဒေါ်စုက ဒေါ်စုပဲ။ ဒေါ်ပုမှမဟုတ်တာပဲ။ ဒီအချက်ဟာ ရွှေဝါရောင် တော်လှန်ရေးဂယက်ကြောင့်၊ ဖိအားကြောင့် မလွန်ဆန်သာလို့၊ သန်းရွှေ ခြေမကိုင်မိ လက်မကိုင်မိ သွေးရူးသွေးတန်းထ လုပ်ခဲ့ရတာ။ ထားတော့။
နောက်တစ်ခုက၊ ရွှေဝါရောင်တော်လှန်ရေးကိုဆန့်ကျင်တဲ့ တန်ပြန်ဆန္ဒပြပွဲတွေ၊ အောင်သောင်းနယ်မြေ မြင်းခြံတောင်သာ ကနေ စပေါ်ထွက်လာတာပါပဲ။ အရှက်နည်းလိုက်ကြတာဗျာ။ နအဖစစ်အစိုးရလက်ပါးစေ နောက်လိုက်ခွေး ကြံ့ဖွတ်အသင်းစွမ်းအားရှင်လူမိုက်တွေရဲ့ မမှန်ကန်တဲ့လုပ်ရပ်၊ တန်ပြန်ဆန္ဒပြတယ်ဆိုတဲ့ မိန်းမလျာလုပ်ဇာတ်ကို တစ်တိုင်းတစ်ပြည်လုံး၊ တစ်နိုင်ငံလုံး၊ အားလုံးကသိကြပါတယ်။
ရင်နာဖို့ တော့ကောင်းပါတယ်။ တစ်တိုင်း တစ်နိုင်ငံလုံး သိနေတဲ့ကြားက၊ ရင်မနာတတ်တဲ့ လူတချို့နဲ့ နအဖ စစ်အစိုးရခါး ပိုက်ဆောင် လူမိုက်တစ်သင်းတို့ကြောင့်၊ အဲဒီတန်ပြန်ဆန္ဒပြပွဲတွေဟာ ဟိုမြို့ကြီး ဒီမြို့ကြီးတွေဆီကို အဓမ္မရောက်ရှိလာပါ တယ်။ ဘယ်လောက်နာကြည်းစရာ၊ ခံပြင်းစရာကောင်းလိုက်သလဲဆိုရင်၊ မြစ်ကြီးနားမြို့က တန်ပြန်ဆန္ဒပြပွဲစင်မြင့်ပေါ်မှာ၊ အဲဒီက တိုင်းရင်းသားခေါင်းဆောင်ဆိုသူုများဟာ၊ နအဖစစ်အစိုးရအလိုကျ၊ သူတို့က ရွှေဝါရောင်တော်လှန်ရေးကို မြိန်ရေ ယှက်ရေ အပုပ်ချထိုးနှက်ခဲ့ကြတာပါ။
ဟော- လားရှိုးမြို့ တန်ပြန်ဆန္ဒပြပွဲကျတော့ကော။ စကားကျန်ခဲ့လို့ ဒိနေရာမှာဖြတ်ပြီး ဖြည့်ပြောရမယ်ဆိုရင်၊ နအဖ စစ်တပ်က ရွှေဝါရောင်တော်လှန်ရေးအင်အားစုတွေကို ပစ်ခတ်ချေမှုန်းနေရဆဲဖြစ်တဲ့၊ (၂၀၀၇) စက်တင်ဘာလကုန်၊ အောက်တိုဘာလဆန်းလောက်မှာ၊ ကုလသမဂ္ဂ အထူးသံတမန် မစ္စတာဂမ်ဘာရီဟာ၊ နအဖစစ်အစိုးရခွင့်ပြုချက်နဲ့ မြန်မာ ပြည်ရောက်လာပါတယ်။ ရန်ကုန်မြို့ပေါ်က ကတ္တရာလမ်းတွေပေါ်မှာ ဆက်လက်ဆန္ဒပြတိုက်ပွဲဝင်နေတဲ့ သံဃာ- ကျောင်း သား- ပြည်သူတွေဟာ၊ အဲဒီကုလသံတမန်ကို အထင်ကြီးအားကိုးပြီး၊ မင်္ဂလာဒုံမှာ သွားပြီးစောင့်ကြိုပါသတဲ့။
နောက်ဆုံးတော့ ဂမ်ဘာရီကြီးက ရာဇ၀င်ထဲမှာ မောင့်ကိုထားရစ်ပြီး၊ နေပူတော်က အသင့်လာစောင့်နေတဲ့ လေယာဉ်ပေါ်၊ ခြေထောက်တောင် မြေကြီးမနင်းလိုက်ရဘဲ အတင်းနသားပါယားနဲ့ ပါသွားပါလေရော မဟုတ်လား။ ရန်ကုန်က ဘွိုင်း ကောက်တားများခမျာတော့၊ ဂမ်ဘာရီရောက်မှပဲ၊ ကျည်ဆန်သုံးတောင့် ပိုအပစ်ခံရတဲ့ကိန်းဆိုက်ခဲ့တာပါ။
အဲဒီ ဂမ်ဘာရီကြီးကို နေပူတော်အရာရှိမင်းများက တစ်ခါတည်း၊ လားရှိုးက တန်ပြန်ဆန္ဒပြပွဲကို တန်းပြီးခေါ်သွားပါရောလား။ ဂမ်ဘာရီကြီးရှေ့ထားပြီး အဲဒီက တိုင်းရင်းသားခေါင်းဆောင်ဆိုသူများကလည်း နအဖစစ်အစိုးရခိုင်းတဲ့အတိုင်း တစ်သဝေ မတိမ်း၊ ရွှေဝါရောင်တော်လှန်ရေးကို နှစ်ပြားမတန်အောင် အပြစ်တင် ဝေဖန် ရှုတ်ချခဲ့ပြန်ပါရောလား။ တရားကျစရာပါ။ ရှက် ဖို့ကောင်းပါတယ်ဗျာ။ (တစ်ဆက်တည်း ပြောစရာရှိတာ စကားမကျန်အောင်ပြောရရင်၊ ဂမ်ဘာရီ မြန်မာပြည်ကအပြန်၊ စင် ကာပူလေဆိပ်မှာ သတင်းစာရှင်းလင်းပွဲလုပ်တဲ့အခါ၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရေးထည့်ပေးလိုက်တဲ့ သ၀ဏ်လွှာ ကို ဖတ်ပြပါတယ်။ ဒီသ၀ဏ်လွှာထဲမှာ တိုင်းရင်းသားတွေအရေးနဲ့ပတ်သက်လို့ သူ့ မှာလည်းတာဝန်ရှိပါတယ်လို့ ဒေါ်အောင် ဆန်းစုကြည်က ဖော်ပြထားပါတယ်။ ၀မ်းနည်းစရာပါ။ ပြည်တွင်းက တိုင်းရင်းသားခေါင်းဆောင်ဆိုသူများဟာ ဒေါ်အောင် ဆန်းစုကြည်ရဲ့ပြောဆိုချက်ကို မျက်စေ့မှိတ်ပြီး နအဖစစ်အစိုးရရဲ့ ဓားမနောက်ပိတ်ခွေးတို့ထုံးစံအတိုင်း အသံကုန်ဟစ်ကန့်ကွက်ခဲ့ကြပါတယ်ခင်ဗျာ)
ဒါတွေဟာ ကျနော်လုပ်ကြံပြီး ရမ်းသန်းမှန်းသန်းပြောနေတာမဟုတ်ပါဘူး။ ပုန်းခိုကျင်းကလေးထဲမှာ နေ့စဉ်မှန်မှန်ဖတ်နေရ တဲ့ အစိုးရသတင်းစာတွေမျက်နှာဖုံးမှာ စာလုံးမည်းကြီးတွေ၊ နှစ်လိုင်းမည်းကြီးတွေ၊ အားရပါးရ လက်သီးလက်မောင်းတန်း အော်ဟစ်နေတဲ့ဓာတ်ပုံကြီးတွေနဲ့ ပါလာခဲ့တာပါ။ ငြင်းလို့မရ၊ ရှောင်လွှဲလို့မရတဲ့ သမိုင်းအမှန်ကို အသရေဖျက်မှုပါ။ လူထု ကဖျက်တာ မဟုတ်ပါဘူး။ အစိုးရကဖျက်တာ။ အစိုးရအသရေဖျက်မှုပါ။
ရွှေဝါရောင်တော်လှန်ရေးဟာ ကမ္ဘာသိတော်လှန်ရေး၊ နိုင်ငံတကာသိအမှန်တရားပါ။ ရင်နာဖို့ ကောင်းပါတယ်။ အဲဒီမြန်မာ ပြည်သူလူထုကြီးတစ်ရပ်လုံးရဲ့တော်လှန်တဲ့အမှန်တရားဖြစ်ရပ်ကို၊ တစ်ကမ္ဘာလုံး၊ နေရာအ၀န်းကသိပါလျက်နဲ့၊ ကျနော်တို့ ဆီကတချို့ သူတောင်းစားတွေ၊ တချို့တိုင်းရင်းသားခေါင်းဆောင်ဆိုတဲ့ ဖွတ်ကျား အစိုးရဖော်လံဖား လူ့ငနွားတွေက မသိဘူး ခင်ဗျ။ ဖက်ဆစ်မှိုင်းအတိုက်ခံထားရလို့  ဘ၀အမှောင်ဖုံးလူဖြစ်ရှုံးနေတဲ့သူတွေဗျ။ ဒီလူတွေ လူ့အသိတရားမရှိလို့တန်ပြန်ဆန္ဒပြပွဲတွေမှာ အစိုးရလုပ်ခိုင်းတဲ့အတိုင်း ပါကြတာပါပဲ။
အမှန်တရားမရှိလို့၊ မသိလို့ပဲ ပါပါ၊ နေ့တွက်ပိုက်ဆံရလို့ပဲ ပါပါ၊ မလွန်ဆန်နိုင်လို့ပဲ ပါပါ၊ ကန်တော့ပါရဲ့ဗျာ၊ သူ့ဟာသူ ဖင်ယားလို့ပဲပါပါ၊ တန်ပြန်ဆန္ဒပြပွဲမှာ ကံသုံးပါးနဲ့ ပါနေတဲ့သူတွေဟာ၊ အမှန်တရားကို မလိုလားတဲ့သူတွေပဲ။ ငတုံးတွေပဲ။ အဖျက်သမားတွေပဲ။ အန္တရာယ်တွေပဲ။ လူမဟုတ်ဘူး။ ဓားမနောက်ပိတ် ခွေးတွေပဲ။ ဒီလိုလူမျိုးတွေ၊ ဒီလိုမျိုးတိုင်းရင်းသား ခေါင်းဆောင်ဆိုတဲ့သူတွေကို ကျနော်တို့ ပြတ်ပြတ်သားသားရှုတ်ချရမယ်။ ပစ်ပယ်ရမယ်။ တောထုတ်ပစ်ရမယ်။
တစ်ခုတော့ ကျနော်ပြောပါမယ်။ မစ္စတာဂမ်ဘာရီ လားရှိုးကနေပြန်လာပြီး၊ ရန်ကုန်ရောက်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့သွား တွေ့မယ့်နေ့က ကျနော် မစ္စတာဂမ်ဘာရီအတွက် အင်္ဂလိပ်လိုရေးထားတဲ့စာတစ်စောင်နဲ့၊ ကျော်သူအပ်နှံထားတဲ့ တိုက်ပွဲဝင် သာသန အလံတစ်လက်၊ ဂမ်ဘာရီလက်ထဲကို အသေအချာပေးအပ်ခဲ့ပါတယ်။ ရွှေဝါရောင်တော်လှန်ရေးရဲ့ ပကတိအမှန် တရားစစ်စစ်ကို ဒီသံတမန်ကြီး ပြည့်ပြည့်၀၀ နားလည်သဘောပေါက်သွားစေဖို့ပါပဲ။ နောက်တော့ သူလည်း နအဖမှိုင်းမိ သွားလို့ ၊ ခြံနံပါတ် (၅၄) မှာ သံတံခါး တ၀ုန်းဝုန်းထု အရှက်ကွဲတဲ့အဖြစ် ရောက်ခဲ့တော့တာပါပဲ။
ကျနော် အဲဒီတုန်းက ပိုက်ဆံပေးနေရတဲ့ဝပ်ကျင်းကလေး၊ ပုန်းခိုကျင်းကလေးထဲကနေ တစ်နေ့တစ်နေ့၊ အဲဒီလို နအဖ စစ်အစိုးရ သူခိုးဓားပြတွေရဲ့ မဟုတ်မမှန် လုပ်ကြံပြီး ရွှေဝါရောင်တော်လှန်ရေးကို အသရေဖျက်နေတာတွေ၊ သံဃာတွေကို မိုက်ရိုင်းစော်ကားအသရေဖျက်နေတာတွေ၊ ဒါတွေကို ကြားနေရ၊ ဖတ်နေရတော့၊ နေ့စဉ်ပဲ နာကြည်းခံပြင်း ဒေါသထွက် မိပါတယ်။ လူကတော့ အပြင်ထွက်လို့ မရပါဘူး။ ပြေးပေါက်ပိတ်နေတဲ့အချိန်မှာ ကျနော်ငြိမ်နေခဲ့ရပေမဲ့၊ စိတ်ထဲကတော့ အကြီးအကျယ် ပြန်ပြီးခုခံတိုက်ခိုက်နေခဲ့ပါတယ်။ ကျနော့်တိုက်ခိုက်နည်းကတော့ ကျနော် ကဗျာတွေရေးတာပါပဲ။ မြန်မာလို ရော၊ အင်္ဂလိပ်လိုကော ကျနော်ကဗျာတွေရေးတာပါပဲ။ ဒါဟာ ကျနော့် တိုက်ခိုက်နည်းပါပဲ။ (လွတ်မြောက်နယ်မြေကိုရောက် တော့ ဒါတွေဟာ ခရမ်းပြာမြင်းရိုင်းဆိုတဲ့ ကဗျာစာအုပ်တစ်အုပ်ဖြစ်လာပါတယ်) အောက်တိုဘာ ဒုတိယအပတ် (၂၀၀၇) ထဲမှာ ကျနော် အဲဒီ အခပေးဝပ်ကျင်းကလေးကို အပြီးအပိုင်စွန့်ခွာခဲ့ရပါတော့တယ်။ သာ၍ ဝေးရာဆီကိုပါ။ အခိုက်အတန့် တော့ အစိုးရသတင်းစာတွေကိုလည်း မဖတ်ရတော့ပါဘူး။ ရေဒီယိုကလေးကနေတော့ အစိုးရရဲ့ မဟုတ်တမ်းတရမ်း သတင်းတွေကို မကြားရတစ်ချက်၊ ကြားရတစ်ချက်။
နအဖစစ်အုပ်စုဟာ ရွှေဝါရောင်တော်လှန်ရေးကို သေလောက်အောင် ကြောက်ရွံ့ဒူးတုန်ခဲ့တာလည်း အမှန်တကယ်ပါပဲ။ နာဂစ်အလွန်မှာ ရွေးကောက်ပွဲမြန်မြန်လုပ်ပြီး၊ နေပူတော်ကျွဲကြီး နန်းစွန့်သွားတာလည်း ရွှေဝါရောင်တော်လှန်ရေးက ကောင်းကောင်းသင်ခန်းစာပေးလိုက်လို့ပါပဲ။ ရွှေဝါရောင်တော်လှန်ရေးကြောင့် နိုင်ငံရေးအပြောင်းအလဲတွေဟာ ပိုပြီးမြန် ဆန်လာခဲ့ပါတယ်လို့  ကိုမင်းကိုနိုင်ပြောခဲ့ပါတယ်။
မမှန်မကန် တန်ပြန်တဲ့ ကြံ့ဖွတ်ပါတီဝင် အာဏာရစွမ်းအားရှင် လူဆိုးဂိုဏ်းတွေရဲ့လုပ်ရပ်တွေကတော့ ပျောက်ကွယ်မသွား ပါဘူး။ မရဲဘဲ ကျွဲပြဲစီးထွက်လာတဲ့ ဒီလူမိုက်တွေရဲ့ အစိုးရအလိုကျလုပ်ရပ်တွေက၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရှစ် ဆယ့်ရှစ် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ ဒီအတိုက်အခံအင်အားစုကြီးနှစ်ခုက ၂၀၀၈ နာဂစ်ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲတွေ စတင်လုပ်လာတဲ့အချိန်မှာ၊ သင်းတို့အာဏာရအစိုးရနောက်လိုက်ခွေးတွေရဲ့ တန်ပြန် ဟောပြောပွဲတွေ ပေါ်ထွက်လာတာပါပဲ။ (၂၀၁၀ မှာ ကြံ့ဖွတ်အသင်းဟာ ကြံ့ဖွတ်ပါတီဖြစ်လာပါတယ်။ ပါတီဖြစ်လာတော့ လူဆိုး လူမိုက် လူရမ်းကားတွေလည်း ပိုများလာပါတယ်) ကြံ့ဖွတ် လူမိုက်ဂိုဏ်းအပြင်၊ ရွံစရာ စက်ဆုပ်စရာကောင်းလှတဲ့ နေမျိုး ဝေတို့လို၊ ခင်ဝိုင်းကြည်တို့လို၊ ၀ီရသူတို့လို။ အဲဒီလိုလောက်ကိုင် (လောက်ကောင်မဟုတ်) သူတို့မှ လောက်ကိုင် အစစ်။ အခုအရပ်သားစစ်အစိုးရ၊ သိန်းစိန်အစိုးရယိုတဲ့ချေးပုံထဲက၊ တဖွားဖွားတက်နေတဲ့လောက်တွေကို ပယ်ပယ်နယ်နယ် ကိုင်ပြီး၊ သူတို့ဟာ လူထုကိုစော်ကားဝံ့နေကြတာပဲ မဟုတ်လား။ အများပြည်သူလူထုက လက်မခံလို့၊ သံပုံးတီးမောင်း ထုတ်တော့လည်း၊ အမြီးကလေးတွေကုပ်ပြီး၊ ရွှေမန်းသဘင်နားရစ်သီရစ်သီလုပ်နေတာလည်း သင်းတို့လောက်ကိုင်တွေပဲ မဟုတ်လား။ အခု ဒီလောက်ကိုင်တွေ တစ်ခါပေါ်လာပြန်ပြီ။ (ကိုးကန့် လောက်ကိုင်အရေးနဲ့ အပြိုင်)
၂၀၁၅ ဒီမိုကရေစီပညာရေး သပိတ်မှောက်ကျောင်းသားစစ်ကြောင်း ရန်ကုန်ကိုဝင်ချလာမှာ စိုးရမ်ထိတ်လန့် တုန်လှုပ် ချောက်ချားဖြစ်ပြီး၊ အာဏာရကြံ့ဖွတ်ပါတီကြီးရော၊ အရပ်သားစစ်အစိုးရကြီးရော၊ အပေါ်လွှတ်တော်၊ အောက်လွှတ်တော၊် ပြည်နယ်လွှတ်တော်၊ တိုင်းလွှတ်တော်၊လွှတ်တော်အားလုံးရော၊ သံဃမဟာနာကယရော၊ မဘသ ရော၊ ကောင်းမြင့်ထွဋ်တို့၊ အေးလွင်တို့လို မြောင်းထဲက ဖားခုံညင်းတွေရော၊ ငြိမ်းချမ်းရေးပွဲစား၊ သပိတ်ပွဲစားတွေရော၊ မင်းဆရာလုပ်ချင်တဲ့ဘုန်းကြီးအကြီးကြီးကနေ၊ ဘာမှဉာဏ်ပညာအမြော်အမြင်မရှိတဲ့ ဘုန်းကြီးသေးသေးကလေးအထိရော၊ ကလေကချေ ပညာတတ် အစိုးရဖော်လံဖားတက္ကသိုလ်အာဏာပိုင်တွေရော၊ တချို့အပျော်တမ်းနိုင်ငံရေးပါတီတွေရော၊ တချို့စာပေနဲ့ အနုပညာသည်တွေကောဟာ၊ မရိုးမသားနဲ့ သူခိုးကျင့် ကြမ်းပိုးကြံကြံပြီး၊ ကျောင်းသားတွေရဲ့ပင်မသပိတ်စစ်ကြောင်း လက်ပံတန်းမှာ ခဏရပ်နားထားတဲ့အချိန်မှာ၊ ဒီ ကြောက်ဒူးတုန် သုညတ သုံးစားမရတဲ့ အစိုးရဖော်လံဖား နောက်လိုက်ခွေး တစ်သိုက်က၊ ဟိုကထဟောင် ဒီကထဟောင်နဲ့ ပြည်သူလူထုကြီးတစ်ရပ်လုံးကို မျက်နှာပြောင်တိုက်ပြီး၊ တန်ပြန်ဆန္ဒပြပွဲတွေလုပ်လာနေတာကို၊ ကျနော်တို့က ဒီအတိုင်းလက်ပိုက်ကြည့်နေကြရတော့မှာလား။
ဒီလို မမှန်မကန်နဲ့တန်ပြန်တဲ့လုပ်ရပ်မှန်သမျှ အရပ်သားစစ်အစိုးရနဲ့ အာဏာရကြံ့ဖွတ်ပါတီကစေခိုင်းလို့ လုပ်ရတာချည်း အမှန်ဖြစ်ကြောင်း ကလေးကအစ၊ ခွေးကအစ၊ အားလုံးကသိကြပါတယ်။ မမှန်ကန်တဲ့သူတွေသာ ဒီလိုသူရဲဘောကြောင် တဲ့တန်ပြန်အလုပ်မျိုးလုပ်ကြတာပါ။ မှန်ကန်တဲ့သူတွေအဖို့ကတော့ တော်လှန်ရေးထဲကို ခြေစုံပစ်ဝင်လိုက်ကြတာပါပဲ။ ။
ေ အ ာ င္ ေ ၀ း
မတ် ၁ – ၂၀၁၅။
Thanks for the true article.