သတင်းဆောင်းပါး

မိုက်ခဲစိန် – နိုင်ငံရေးစကားပြောကြတဲ့ ၈၇ ကြိမ်မြောက် အော်စကာဆုပေးပွဲ

 

မိုက်ခဲစိန် – နိုင်ငံရေးစကားပြောကြတဲ့ ၈၇ ကြိမ်မြောက် အော်စကာဆုပေးပွဲ
(မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၁၅

ဖေဖော်ဝါရီ ၂၂၊ ညနေခင်း၊ အမေရိကန်ပြည်၊ လော့စ်အိန်ဂျလိစ်မှာ ဟောလိဝုဒ် ရုပ်ရှင်လုပ်ငန်းကြီးရဲ့ မှတ်ကျောက်တင် ရုပ်ရှင်ထူးချွန်ဆုပေးပွဲ အော်စကာဆုပေးပွဲ ၈၇ ကြိမ်မြောက် ကျင်းပပါတယ်။ စကာတင် ဆုစာရင်းတွေ ထွက်ကတည်းက လူဖြုတွေအများဆုံး စာရင်းထွက်လာလို့ ဝေဖန်ရေးဆရာတွေက နှာခေါင်းရှုံ့ကြတယ်။ ပြီးတော့ အမေရိကန်မျိုးချစ်စိတ် ထက်သန်ရေး American Sniper ဇာတ်ကား တစ်ပြေးနေလို့လည်း လူတွေက ဝေဖန်ကြပြန်တယ်။ စစ်ကားဆိုတာက ငြိမ်းချမ်းရေးကို အားပေးတာမှ မဟုတ်တာပဲ။ စစ်ကားတွေ အော်စကာရတယ်ဆိုတာ ကြားလို့မကောင်းပါဘူး၊ တခြား ကမ္ဘာကြီးအတွက် အရေးကြီးတာတွေ ရှိသေးတယ်လို့ အသံတွေ ထွက်လာတယ်။ နောက်ဆုံး အော်စကာပေးကြတဲ့အခါ အမေရိကန်မျိုးချစ် စစ်ကား ခင်ဗျာ အကောင်းဆုံးဇာတ်ကားဆု မရရှာတော့ပါ။ အဲသည်လိုပဲ အပြိုင် နာမည်ထွက်တဲ့ကားကတော့ အမေရိကန်လူမည်းတွေရဲ့ လွတ်လပ်ခွင့် တန်းတူညီမျှခွင့် တိုက်ပွဲဝင် အမေရိကန်သမိုင်းမှတ်တမ်း မာတင်လူသာကင်းအခြေပြု Selma ဇာတ်ကားပါ။ အမေရိကန်က လူမည်းတွေ တန်းတူညီမျှမှုအတွက် လူဖြူတွေကို ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဝင်ကြတဲ့အခါ မာတင်လူသာကင်းတို့ရဲ့ ခရီးရှည်ချီတက်မှု အစပြုရာ ဆယ်မာမြို့အမည်နဲ့ နောက်ခံဇာတ်ကား ဖြစ်ပါတယ်။ သူလည်း အကောင်းဆုံးဇာတ်ကား စကာတင်ဝင်တယ်။ ဆုမရပါဘူး။ သူတို့ကို ကျော်တက်ပြီးတော့ “Birman” ဆိုတဲ့ အနုပညာသည်တို့ရဲ့ ရုန်းကန်လှုပ်ရှားမှု ဘ၀သရုပ်ဖော်ဇာတ်ကားက အကောင်းဆုံးဇာတ်ကားဆု ရသွားပါတယ်။

အော်စကာဆုတွေ ရကြတော့ ဆုရသူတွေက စင်ပေါ်တက်ပြီး ကျေးဇူးတင်စကား၊ အမှတ်တရစကား ပြောကြတယ်။ သို့သော် ဒီပွဲက ကျေးဇူးတင် အမှတ်တရစကားနဲ့တင် မပြီးဘဲ ဆုရသူတွေက သူတို့ယုံကြည်ရာ အယူအဆ သဘောတရား အမြင်အာဘော်တွေကို မိန့်ခွန်းပေးကြတဲ့ ပွဲအဖြစ် ပရိသတ်က ရှုစားရပါတယ်။ အမေရိကန်က ဟောလိဝုဒ်စင်တင် အနု သုခုမ ပညာသည်တွေဟာ Activists တွေ တက်ကြွ လှုပ်ရှားသူတွေ၊ နိုင်ငံရေး လူမှုရေး မျက်နှာစာတွေမှာ ပါဝင်ပတ်သက်သူတွေ ဖြစ်နေကြတာကြောင့် သူတို့အာဘော်တွေကို စင်ပေါ်ကနေ ကြွေးကြော်စည်းရုံး ထုတ်ဖော်ကြပါတော့တယ်။ သည်တခါ ၂၀၁၄ ခုနှစ်အတွက် အော်စကာဆုပေးပွဲမှာ အမေရိကန်အရေး နိုင်ငံတကာအရေး ဘာတွေကို ထုတ်ဖော် ပြောဆို ဝေဖန်သွားကြသလဲဆိုတာကို ကြည့်ကြပါစို့။

လူမည်းတွေနဲ့ အမေရိကန်က လူဖြူမဟုတ်တဲ့ လူနည်းစု လူ့အခွင့်အရေး တန်းတူညီမျှမှုကို အားပေးတဲ့ Selma ဇာတ်ကားက ဇာတ်ဝင်တေးသီချင်း Glory အကောင်းဆုံးသီချင်းဆု ရသွားတော့ လူမည်း ဂီတပညာသည် ၂ ဦးက ဘာပြောသလဲဆိုတော့ အမေရိကန်မှာ လူမည်းတွေ ချိုးနှိမ်ခံနေရတုန်းပဲ၊ ပုလိပ်တွေက လူမည်းတွေကို ပစ်သတ်နေတုန်းပဲ၊ ပြီးတော့ လူမည်းတွေ ကျေးကျွန်အဖြစ် အတိတ်မှာနေခဲ့ရစဉ်က လူဦးရေထက် များစွာ ပိုမိုတဲ့ လူမည်းတွေဟာ အမေရိကန်အကျဉ်းထောင်တွေမှာ ဖမ်းဆီ ထောင်ချ ခံနေရဆဲပဲ လို့ ပြောသွားပါတယ်။

အကောင်းဆုံးသရုပ်ဆောင်ဆုကို Theory of Everything (စတီဖင်ဟော့ကင်း၊ ALS ဆိုတဲ့ ရောဂါကြောင့် မသန်စွမ်းသူ သိပ္ပံပညာရှင်အကြောင်း) ဇာတ်ကားက မင်းသားက ရသွားပါတယ်။ သူက ဘာပြောသလဲ။ ALS ဆိုတဲ့ ၀ဋ်နာကံနာ ရောဂါကို လူတွေ ပိုမို သိရှိနားလည်ပြီး လူနာများနဲ့အတူ ရပ်တည်အားပေးဖို့၊ ကုသသက်သာနိုင်ရေး ပိုပြီး ပြုလုပ်ကြဖို့ တိုက်တွန်း ပြောဆိုသွားပါတယ်။ အာရုံကြောတွေ ချို့ယွင်းတဲ့ကြားထဲက မသန်သော်လည်း စွမ်းဆောင်နိုင်သူ သိပ္ပံပညာရှင် ဟော့ကင်းကိုလည်း စင်ပေါ်ကနေ အလေးဂါရ၀ ပြုသွားပါတယ်။

အကောင်းဆုံး မင်းသမီးဆုကို “Still Alice” (Alzheimerလို့ခေါ်တဲ့ မှတ်ဥာဏ် ချို့ယွင်းကွယ်ပျောက်တဲ့ ရောဂါရှင်အကြောင်း) ဇာတ်ကားက မင်းသမီး ရသွားပါတယ်။ အဲသည် အယ်ဇိုင်းမားရောဂါကြောင့် အသက်ကြီးရင့်လာသူ လူကြီးအချို့ မှတ်ဥာဏ်များ ချို့ယွင်းကွယ်ပျောက်ကြရတယ်။ အမေရိကန်သမ္မတကြီး ရီဂင်ဟာ အဲသည်ရောဂါသည်ပါ။ အလားတူ မှတ်ဥာဏ်ချို့ယွင်းတဲ့ ရောဂါဆန်ဆန်နဲ့ ကိုယ့်ကိုယ်ကို သတ်သေသွားသူကတော့ မင်းသား ရောဘင်ဝီလျံပါ။ ရောဂါသည်တွေကို အားပေး စောင့်ရှောက်ဖို့ ကုသပျောက်ကင်းအောင် ၀ိုင်းကြိုးပမ်းကြဖို့ မင်းသမင်းက တိုက်တွန်းသွားပါတယ်။

အမေရိကန်နဲ့ တကမ္ဘာလုံးမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနောက်ရောက်နေတာ၊ ခံစားခွင့် တူညီမှု မရှိတာကိုတော့ အကောင်းဆုံး ဇာတ်ပို့ အမျိုးသမီးသရုပ်ဆောင်က ဝေဖန်ထောက်ပြ သွားပါတယ်။ လူသားတိုင်း တန်းတူညီမျှရေးအတွက် အမျိုးသမီးတွေကလည်း တိုက်ပွဲဝင်ကြတယ်။ အဲသည်အမျိုးသမီးတွေ တန်းတူဝင်ငွေ လုပ်အားခ ခံစားခွင့်ရဖို့ကိုလည်း တိုက်ပွဲဝင်ကြဖို့ အရေးဆိုဖို့ အချိန်ရောက်နေပြီလို့ သူက ဆိုလိုက်ပါတယ်။ သူ ဆုရတဲ့ကားက မွေးဖွားကာစကနေ အသက် ၁၂ နှစ် အရွယ်ရောက်လာတဲ့ လူငယ်လေးကို တောက်လျောက် မှတ်တမ်းတင်ရိုက်ကူးတဲ့ Boyhood ဇာတ်ကားနဲ့ပါ။

ဇာတ်ကားဆု တစ်ပြေးနေတဲ့ ကားဖြစ်တဲ့ သမိုင်းနောက်ခံကားကတော့ “Imitation Game” (ဒုတိယကမ္ဘာစစ် ဂျာမန်တို့၏ လျို့ဝှက်ကြေးနန်းစနစ် ပဟေဠိကို ဖော်ထုတ်သူ လိင်တူဆက်ဆံတဲ့ ပညာရှင်အကြောင်း) ဇာတ်ကားပါ။ သမိုင်းမှာ ထိုစဉ်က လိင်တူဆက်ဆံတဲ့ ပညာရှင်ဟာ အစိုးရရဲ့ ချီးမြောက်မှုထက် နှိပ်ကွပ်မှုတောင် ခံရပါတယ်။ အသိအမှတ်အပြု မခံခဲ့ရပါ။ ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းက အကောင်းဆုံးဇာတ်ညွှန်း အော်စကာ ရသွားပါတယ်။ ဇာတ်ညွှန်းရေးဆရာက သူကိုယ်တိုင် ၁၆ နှစ်သားဘ၀ “အများနဲ့ မတူတဲ့ ဘ၀” ကြောင့် ကိုယ့်ကိုယ်ကို သတ်သေဖို့အထိ ကြံစည်ခဲ့ပါသတဲ့။ သည်လိုမျိုး ဇာတ်ကားထဲက ပညာရှင်ကဲ့သို့ အများနဲ့မတူတဲ့ ဘ၀နဲ့ ကလေးသူငယ်တွေ ဘ၀ကို အရှုံးမပေးဘဲ ကိုယ့်ကိုယ်ကို ရှာဖွေဖို့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ကြဖို့ စင်မြင့်ပေါ်ကနေ ပြောသွားခဲ့ပါတယ်။

၂၀၁၃၊ ၂၀၁၄ မှာ ဆိုက်ဘာစစ်ပွဲဟာ တကမ္ဘာလုံးမှာ ပြင်းထန်လာတယ်။ အမေရိကန်အစိုးရဟာ သူ့ပြည်သူတွေကိုသာမက နိုင်ငံတကာက လူတွေကိုပါ အင်တာနက်နဲ့ ခေတ်သစ်ဆက်သွယ်ရေး နည်းပညာတွေနဲ့ ခိုးဝှက်ပြီး စောင့်ကြည့် စစ်ဆေးနေတယ်။ ဒါတွေကို သက်သေအထောက်အထားနဲ့ ဖော်ထုတ်သူကတော့ အခု ရုရှားပြည်မှာ ပြည်ပြေးဖြစ်နေတဲ့ အမေရိကန်သား ဆော့်ဝဲသမား အက်ဒ၀ဒ် စနိုဒန် ဖြစ်ပါတယ်။ သူ့အကြောင်း သတင်းဇာတ်ကားရိုက်ထားတဲ့ “Citizenfour” က အကောင်းဆုံးမှတ်တမ်းရုပ်ရှင် အော်စကာဆု ရပါတယ်။ အမေရိကန်အစိုးရကတော့ စနိုးဒန်ကို အသေရရ အရှင်ရရ ဖမ်းဆီးအရေးယူမှာပဲလို့ ကြိုးပမ်းနေချိန်မှာ အဲဒီဇာတ်ကားကို ဟောလိဝုဒ်က ဆုပေးလိုက်တာပါ။ ဒါက ရုပ်ရှင်လောကသားတွေက အမေရိကန်ပြည်ရဲ့ လူ့အခွင့်အရေး လွတ်လပ်မှုကို အစိုးရထိန်းချုပ်မှုရဲ့ အထက်မှာ ထားရှိ တန်ဖိုးထားတယ်ဆိုတာ ပြသတဲ့ သဘောပါပဲ။ အဲသည်ဆုရတဲ့ အမျိုးသမီးက ဘာပြောသလဲဆိုတော့ – အက်ဒ၀ပ်စနိုးဒန် ဖော်ထုတ်လိုက်တာကြောင့် ငါတို့ရဲ့ တကိုယ်ရေလွတ်လပ်ရေးတင်သာမက ငါတို့အားလုံးရဲ့ ဒီမိုကရေစီအတွက် အန္တရာယ်တွေ ရှိနေတာကို ထင်ရှားသွားစေပါတယ် လို့ ဆိုလိုက်ပါတယ်။

နောက်ဆုံး ကြေညာကတော့ အကောင်းဆုံးဇာတ်ကားဆု၊ The Birdman။ ဒီဇာတ်ကား ဒါရိုက်တာက မက္ကဆီကန်လူမျိုးတဦး ဖြစ်ပါတယ်။ အဲသည် ဇာတ်ကားက ဆုပေါင်း ၄ ဆုနဲ့ အများဆုံး အော်စကာဆု ရသွားတာပါ။ (Grand Butapas Hotel ကလည်း ၄ဆုပဲ နဲ့ တူပါတယ်)။ သူကို ဆုပေးတော့ မင်းတို့အမေရိကန်တွေက ငါတို့မက္ကဆီကန်တွေ (နယ်စပ်ဖြတ်ကျော်တွေပေါ့ဗျာ) ပြောင်းရွှေ့အခြေချသူတွေအပေါ် အလေးအနက်ထားဖို့ ပြောသွားပါတယ်။ ငါတို့ မက္ကဆီကိုတိုင်းပြည်ကြီးဟာ အမေရိကန်လိုပဲ ကြီးကျယ်တဲ့တိုင်းပြည် တနေ့ ဖြစ်ရမယ်။ ပြီးတော့ အမေရိကန်တွေကလည်း အတိတ်တုန်းက ငါတို့လို နယ်စပ်ဖြတ်ကျော် ပင်လယ်ဖြတ်ကျော်ပြီး ပြောင်းရွှေ့အခြေချသူတွေနဲ့ ထူထောင်ခဲ့ကြတာကိုလည်း မေ့မနေကြနဲ့လို့ ဝေဖန်သွားပါတယ်။ မျက်မှောက်မှာ အမေရိကန်သမ္မတ အိုဘားမားက ရွှေ့ပြောင်းအခြေချသူ တရားမ၀င်နိုင်ငံခြားသား ၄ သန်းကျော်အတွက် အကာအကွယ်ပေးပြီး တရားဝင်ဖြစ်အောင် လုပ်ဆောင်နေချိန်မှာ ရီပတ်ဘလစ်ကန်လွှတ်တော်ကြီးက အဆိုပါ immigrant တွေကို ဖိနှိပ် ချိုးနှိမ် မောင်းထုတ်ဖို့ အစွမ်းကုန် ကြိုးပမ်းနေတာကြောင့် သူ့စကားကလည်း ပရိသတ် နားထဲ အသည်းထဲ တိုက်ရိုက် ရောက်သွားမှာ သေချာပါတယ်။

ကဲ … မြင်ကြတဲ့ အတိုင်းပါပဲ။ အမေရိကန်အော်စကာဆုပေးပွဲမှာ ထင်ရှားတဲ့ သန္နိဌာန် ခိုင်မာတဲ့ သုခုမပညာသည်တွေက မျက်မှောက်အရေး နိုင်ငံရေး လူမှုရေး ပညာရေးတွေကို အသားပေးပြီး ထုတ်ဖော်ပြောဆို တိုက်တွန်း နှိုးဆော်ကြပါတယ်။

“ဆုပေးတဲ့ လူကြီးမင်းများကို ကျေးဇူးတင်ပါတယ်၊ နိုင်ငံတော်ကိုလည်း ကျေးဇူးတင်ပါတယ်။ တိုင်းပြည်အတွက် ဆထက်ထမ်းပိုး ဆောင်ရွက်ပါ့မယ်။ မိဘတွေ ဆရာသမားတွေကလည်း ဒီနေရာကနေ ကန်တော့လိုက်ပါတယ်၊” စသည်ဖြင့် သာမန်ရိုးကျ ချစ်ဖွယ် ချိုသာသော် စကား အာဝိဇ္ဇာန်းမျှနဲ့ ပြီးသွားတဲ့ စကားမျိုး မဟုတ်ဘဲ နိုင်ငံရေးအာဘော်တွေ သွေးထိုးမြှောက်ပင့် ရန်စတဲ့ စကားမိန့်ခွန်းတွေနဲ့ သရုပ်ဆောင်တွေ သုခမပညာသည်တွေက ပြောကြားကြတာမို့ … အော်စကာဆုပေးပွဲကြည့်ရတာ တန်တယ်လို့ပဲ ဆိုရလေမလား မသိပါခင်ဗျား။    ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts