ဝေဖန်ရေးရာ

ဇာနီကြီး – အသက်၈၀ ဗိုလ်ထွန်းကြည်အင်တာဗျူးး သုံးသပ်ချက်

ဇာနီကြီး – အသက်၈၀ ဗိုလ်ထွန်းကြည်အင်တာဗျူးး သုံးသပ်ချက်
(မိုးမခ) ဖေဖော်ဝါရီ ၂၀၊ ၂၀၁၅

တိုင်းပြည်တိုးတက်ကြီးပွားစေလိုတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တာ သံသယမရှိပါ။ အခုချိန်မှာတော့ အသက်ကြီးပေမဲ့ လေးစားသူ များခြင်း၊ လက်ရှိစစ်ခေါင်းဆောင်များနှင့် အဆင်ပြေခြင်း၊ ငွေကြေး အလွန်ချမ်းသာနေခြင်း၊ စာရေးဆရာ၊ အနုပညာသမား ဖြစ်ခြင်းတို့နဲ့ အင်တာဗျူးတွေမှာ ပေါ်လာပါတယ်။ ကာ/ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အကြောင်းကိုလည်း သူရေးတဲ့ စာအုပ်များ၊ အင်တာဗျူးများမှာ အပြုသဘောမှတ်ချက်များစွာ ရှိတာတွေ့ရပါတယ်။

ဗိုလ်ထွန်းကြည်ဟာ အမေရိကန်နိုင်ငံမှာ အမြောက်တပ်စစ်တက္ကသိုလ်သင်တန်းဆင်း ဖြစ်တဲ့အတွက် အနောက်နိုင်ငံအကြောင်း သိသူဖြစ်ပါတယ်။ သူတာဝန်ယူတဲ့ ကုန်သွယ်ရေးဝန်ကြီးခေတ်မှာ တိုင်းပြည်စီးပွားတိုးတက်ခဲ့တယ်လို့ ဆိုကြပေမယ့် စီးပွားရေးကပ်နဲ့အတူ ထောက်လှမ်းရေးတပ်ရဲ့တန်ခိုးကြောင့် ဖြုတ်ချခံလိုက်ရပါတယ်။ သူ့တို့ကိုဖြုတ်တဲ့ ဗိုလ်ခင်ညွန့်နဲ့ ထောက်လှမ်းရေးတပ်ဟာလည်း ဗိုလ်သန်းရွှေ အုပ်စုရဲ့ အကုန်အမြစ်ဖြုတ်ခံလိုက်ရပါတယ်။ သူ့ဘဝအထ္ထုပ္ပတ္တိ အထူကြီး ၅အုပ်မြောက် ရေးနေလို့ မအားဘူးလို့ ပြောပါတယ်။ သူတို့စစ်ဗိုလ်တွေ နိုင်ငံအတွက် အသက်ပေးလုပ်ကိုင်သွားကြတဲ့အကြောင်းရေးထားတဲ့ အလွန်ထူထဲတဲ့စာအုပ်တွဲကြီးဖြစ်ပါတယ်။ နိုင်ငံအတွက် အသက်ပေးလုပ်ရင်း တိုင်းပြည် ဖွတ်နိုင်ငံဖြစ်သွားတာကို လုံးဝမရေးပေမယ့် သူတို့စစ်ခေါင်းဆောင်များ၊ ဗိုလ်နေဝင်းနဲ့ စစ်အာဏာရှင်စနစ်ကြောင့် ဆိုတာ အားလုံးက သိပြီးသားပါ။

သူအာဏာရှိစဉ် သူ့ကျွန်မခံပြီရုပ်ရှင်ဇတ်ကားကြီးကို ပံ့ပိုးပေးခြင်းနဲ့ အခုအာဏာမဲ့ချိန်မှာ စာအုပ်အတွဲလိုက် ရေးသားနိုင်ခြင်းတွေဟာ သူ့သမိုင်းမှတ်တမ်းပါ။ သူ့စာအုပ်တွဲများက စစ်သားကောင်း၊ စစ်ဗိုလ်ကောင်းများကိုပဲ အမွှမ်းတင်ထားပြီး၊ ထိပ်ပိုင်းခေါင်းဆောင် ဗိုလ်နေဝင်းကို အဆိုးအကောင်း၊ လုံးဝရေးမထားပဲ၊ ဗိုလ်ချင်ညွှန့်ကိုတောင် အဆိုး၊ အကောင်း ရေးမထားပါဘူး။ စစ်အာဏာရှင်စနစ်ဆိုးဝါးမှုကို သူ့စာအုပ်နဲ့ သူ့စကားများမှာ လုံးဝမရေး၊ မပြောတာကြောင့် သူ့အရေးအသားနဲ့ အပြောအဆိုတွေက စစ်ဗိုလ်၊ စစ်သားဟောင်းများရဲ့ အကျင့်စာရိတ္တ၊ ခံယူချက်များရဲ့ ယေဘူယျသဘောထားအဖြစ် ပေါ်လွင်စေပါတယ်။ “လက်ရှိစစ်ဗိုလ်ဟောင်း ခေါင်းဆောင်များက ဗိုလ်ထွန်းကြည်ထက် အများကြီး စိတ်ရှည်၊ ဒီမိုကရေစီအများကြီးလိုလားပါတယ်။ တိုက်ခိုက်ချေမှုန်းပစ်မယ်ဆိုတဲ့ စိတ်ဓါတ်မျိုးတွေ အခုခေတ်ခေါင်းဆောင် (စစ်ဗိုလ်ဟောင်း)များမှာ သိပ်မတွေ့ရတာ” ကို ဗိုလ်ထွန်းကြည်နားလည်ပြီး၊ သနားတယ်လို့ ရေးထားပါတယ်။

ကောက်နုတ်ချက်များ ကြည့်မယ်ဆိုရင် …

–  ရာထူးပြုတ်ချိန် ၂၀၀၀ နောက်ပိုင်း ၁၀နှစ်လုံး၊ ဘယ်သူမှ မဆက်ဆံဘဲ ပျောက်နေခဲ့ပေမဲ့၊ ၂၀၁၀ အစိုးရသစ်ထွက်လာချိန်မှာ စာအုပ်များရေးတဲ့ ဗိုလ်ချုပ်(အငြိမ်းစား) အဖြစ် ပြန်ပေါ်လာပါတယ်။

– ဗိုလ်ခင်ညွန့်နဲ့ တိုက်ရိုက် ဘယ်သောခါမှ အလုပ်အတူမလုပ်ခဲ့တဲ့အတွက် ရိုးသား၊ အေးဆေး၊ ထက်မြက်ပြီး အာဏာ၊ လုပ်ပိုင်ခွင့် အများကြီး အပေးခံခဲ့ရလို့ ထောက်လှမ်းရေးတပ်က ကြောက်နေရအောင် ဖြစ်လာပါတယ်။ ဗိုလ်နေဝင်း၊ ဗိုလ်မောင်အေးနဲ့ စစ်ခေါင်းဆောင်များက သူ့ကို ယုံကြည်ကြတယ်။ ဒါပေမဲ့ အရေးယူခြင်းခံလိုက်ရတယ် … လို့ ထောက်လှမ်းရေးစနစ်ကိုပဲ အပြစ်တင်ပါတယ်။ လူကို အပြစ်တင်ခြင်းမရှိပါဘူး။

– ကာ/ချုပ် (ဟောင်း) ဗိုလ်စောမောင်အကြောင်း မသိချင်ပါနဲ့လို့ … ဖြေပါတယ်။

– အိုဘားမားနဲ့ အမေရိကန်စစ်ဗိုလ်ချုပ်များ စကားကို ဟာသလိုပဲသဘာထားတယ်လို့ ပြောပါတယ်။ အမေရိကန်က စစ်ရေးလိုအပ်ချက်နဲ့ မြန်မာပြည်ကို လာတယ်။ ဂရုစိုက်နေစရာမလိုတဲ့ပုံစံ ပြောပါတယ်။

– စစ်သားတွေကို အရမ်းသနားကြောင်း၊ သူမန်းတိုင်းမှုးဖြစ်စဉ်က စစ်မှုထမ်းဟောင်းအားလုံးကို မြေကွက်ချပေးခဲ့ကြောင်း ပြောပါတယ်။ (ဒါပေမဲ့ အခုခေတ် စစ်မှုထမ်းဟောင်းများကို ဘယ်လိုနေရာချမယ်ဆိုတာ မပြောပါဘူး)။

– အခု သမ္မတ ဦးသိန်းစိန်(ဗိုလ်)၊ ဦးရွှေမန်း (ဗိုလ်)၊ ဗိုလ်မင်းအောင်လှိုင်တို့ အားလုံး လူတော်လူကောင်းများဖြစ်တယ်။ အစိုးရသစ် ခေါင်းဆောင်အားလုံကို သိပါတယ်။ သနားစရာကောင်းပါတယ် … လို့ ပြောပါတယ်။

(သူတို့ခေတ်က အာဏာရှင်ခေတ်ဆိုတော့ ကြိုက်သလိုလုပ်ခဲ့တယ်။ အခုခေတ်အာဏာရှင်မဟုတ်တော့တာကို အားကျသင့်ပါတယ်။ အခုအစိုးရခေါင်းဆောင်နဲ့ ဝန်ကြီးတွေ လူတော်ဆိုတာတော့ လက်မခံနိုင်ပါဘူး။ နှစ်စဉ် ကိုယ်တိုင်ရေး၊ မြန်မာ(သို့မဟုတ်) အင်္ဂလိပ်စာတန်းတစ်ခု ပြုစုနိုင်သူကိုပဲ လူတော်လို့ သတ်မှတ်ချင်ပါတယ်၊ စကားချပ်)

– သားတို့က ဘဘကိုအထင်တကြီးနဲ့ ဝန်ထမ်းတွေ အကျင့်ပျက် ခြစားမှုများကို ဘယ်လိုကိုင်တွယ် ဖြေရှင်းလို့ရမလဲ … လို့ မေးတယ်။ ဘဘကတော့ ကျွန်တော်မျိုးလည်း မလျှောက်တတ်တော့ဘူးလို့ပဲ ဖြေရမယ် ထင်တယ်။ (မလွယ်ကြောင်း၊ လက်ဆောင်ပေးသော အကျင့် ရိုးစွဲနေကြောင်း ကိုယ်တွေ့ပြောရှာပါတယ်။ လုပ်နိုင်တဲ့ခေါင်းဆောင်တွေ ရှိပါတယ်)။

– ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပေါ် အမြင်ကတော့ – ဘဘတော့ ပြောစရာ မရှိပါဘူး။ ရိုးသားတဲ့ တောင်သူလယ်သမား ဆင်းရဲသားမိသားစုက ဆင်းသက်လာတယ်။ ငယ်ငယ်က ဆင်းဆင်းရဲရဲနဲ့ နေထိုင်ခဲ့ရတယ်။ နောက် တပ်မတော်ထဲ ရောက်တော့လည်း လူအထင်ကြီး မခံရဘူး။ သူကလည်း လူအထင်ကြီးအောင် မနေတတ်ဘူး။ ရိုးရိုးအေးအေးပဲ နေထိုင်တယ်။ အပျော်အပါးဆိုတာ ဘာမှမရှိဘူး။ အချိန်ပြည့် အလုပ်ထဲ မြှုပ်ထားတယ်။ နေ့ရယ်၊ ညရယ် သိပ်မရှိဘူး။ အလုပ်ရှိရင် မအိပ်မနေ လုပ်တယ်။ အရေးကြီးရင် တစ်ညလုံးမအိပ်ဘဲ ထိုင်နေတတ်တယ်။ ဆေးလိပ် မသောက်ဘူး။ အရက်မသောက်ဘူး။ ကွမ်းနည်းနည်း စားတယ်။ စကားကို စဉ်းစဉ်းစားစား အေးအေးဆေးဆေး ပြောတတ်တယ်။ အားရင်တော့ ကြက်တောင် ရိုက်တယ်။ စစ်တုရင် ထိုးတယ်။ တရုတ်သိုင်းကား ကြည့်တယ်။ ဘာလုပ်လုပ် မိုးအလင်းပဲ။ ထူးလည်း ထူးချွန်တယ် … စသဖြင့် သူသိသလောက် ကောင်းကွက်တွေ ပြောသွားရှာပါတယ်။

– တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးရဖို့ ကြိမ်ဖန်များစွာ ညှိရင်းညှိရင်းနဲ့ နောက်ဆုံး ပြေလည်မှု ရသွားမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ နှစ်ဖက်လုံး သဘောထား ရိုးရမယ်။ ကလိမ်ကညစ်၊ မရိုးမသားမှုတွေ မလုပ်ရဘူး။  ကြုံတုန်း ဘဘပြောချင်တာကတော့ – နိုင်ငံတော်အစိုးရက အစ်ကိုကြီးဖြစ်တယ်။ ဒါကြောင့် သဘောထားကြီးရမယ်။ စိတ်ရှည်ရမယ်။ ပြည်ထောင်စုပြိုကွဲနိုင်တာမျိုး မဟုတ်ရင် အားလုံး လိုက်လျောရမယ်။  ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ လူလုပ်တာ ဖြစ်တယ်။

– KIA နဲ့ ငြိမ်းချမ်းရေးကိစ္စ သိပ်လွယ်မယ် မထင်ဘူး။ (KIA နဲ့မလွယ်ကြောင်းတွေ ပြောသွားပေမယ့် တရုတ်နိုင်ငံနဲ့အန္ဒိယနှစ်နိုင်ငံအကြောင်း၊ အထူးသဖြင့် တရုတ်သြဇာလွှမ်းမိုးမှုကို မပြောခဲ့ပါ)။

မှတ်ချက် ချရမယ်ဆိုရင်တော့ – ဒီလောက် ကြီးမားလှတဲ့ တရုတ်၊ အမေရိကန်နိုင်ငံကို လေးစား အတုယူ ယူဖို့သင့်ပါတယ်။ သူတို့ကတော့ အင်အားနဲ့ အနိုင်ယူမှာပါပဲ။ ဗိုလ်ထွန်းကြည်ကတော့ ဒီမိုကရေစီခေါင်းဆောင်များကို အားကျ၊ လေးစားသင့်ပါလျက် .. စစ်သားတွေလုပ်တာပဲကောင်းသလို၊ စစ်တပ်ထွက်တွေကို အရပ်ဖက်နေရာပေးတာ ထောက်ခံနေတဲ့ ပုံစံ၊ စစ်သားတွေကို သနားကြောင်း ပြောတာကိုပဲ တွေ့နေရပါတယ်။ ပြည်သူလူထုကို သနားကြောင်း ဘာကြောင့် ထည့်မပြောပါလိမ့်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ဇာနီကြီး – အသက်၈၀ ဗိုလ်ထွန်းကြည်အင်တာဗျူးး သုံးသပ်ချက်
  1. ကျေးဇူးဘဲ ဇာနည်ကြီးရေ ကျွန်တော်တို့ မြန်မာပြည်မှာ အသက်တွေဒါလောက်ကြီးတာတောင် စိတ်ငြိမ်းချမ်းရေးမရနိုင် ဒေါသကြီးတုံး၊ လောဘကြီးတုံးလူတွေအများကြီးဗျ၊ ဗိုလ်ချုပ်ထွန်းကြည် တိုင်းပြည်အကျိုးရှိအောင် တကယ်ရေးချင်တယ်ဆိုရင် ကျုပ်တို့ မှားခဲ့တုံးက ဆိုပြီးသာ စာအုပ် ရေးသင့်ကြောင်းပါဗျာ

Comments are closed.