ကိုသန်းလွင် အတွေးအမြင် ရေခြားမြေခြား မြန်မာများ

ကိုသန်းလွင် – မိဂဒါဝုန်

ကိုသန်းလွင် – မိဂဒါဝုန်
(မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၁၅

(၁)

နယူးဒေလီမြို့တော်မှ မနက်(၃)နာရီမှာ ထွက်ခဲ့သောဘတ်(စ)ကားသည် ဗာရာဏသီရှိ မိဂဒါဝုန် ဘုန်းတော်ကြီး       ကျောင်းသို့ မိုးကြီးချုပ်မှရောက်သည်။ ဗာရာဏသီမြို့မှာ အကြာကြီးကားမောင်းပြီးဖြတ်ရသည်။ လမ်းကကျဉ်းရသည့် အထဲမှာ ဆိုက်ကားတွေ၊ ကားငယ်ငယ်၊ ကြီးကြီးတွေက များလှသည်။ တိုင်းမသိ ဗာရာဏသီ ဟူ၍၄င်း၊ မင်းမသိ ဗြမ္ဗာဒါတ်  ဟူ၍ ၄င်း ငယ်ငယ်က ကြားခဲ့ဘူးသည်။ အိန္ဒိယသို့ ရောက်လျင် ဆင်တွေ ကျားသစ်တွေ မြွေအလပ္ပါယ် ဆရာတွေ  တွေ့မှာပဲ ဟုက မှတ်ထင်ယူဆဘူးခဲ့သည်။ ကားပေါ်မှမြင်ရသောဆိုင် အခင်း အကျင်းတွေကို မြင်ရသည် မှာ  ဗာရာဏသီမှာ မြို့ကြီးနှင့် မတူ ရွာတန်းရှည်၊ ဆိုင်တန်းရှည် ကြီးနှင့်သာ ပို၍တူသည်။

(၂)

ဗုဒ္ဓဘုရားရှင် တရားဦး ဟောခဲ့ရာ မိဂဒါဝုန် ဓမ္မေခစေတီဘေး သို့မနက်အစောကြီး (၇)နာရီမှာ ရောက်သွားကြပါသည်။ “ကြွေ့ကြွေ့ လျံတက် ဓမ္မစက်ကို မိန့်မြွက်တွေပြား၊ ဟောဖော်ကြားသည်။’’ ဆိုသော လယ်တီဆရာတော် ဘုရား ကြီး၏ ဘုရားရှိခိုး အလကာင်္သံပေါက် မှာ အမြဲကြား၍ နားရည်ဝနေကြပါပြီ။ ဗုဒ္ဓသည် ကျေးဇူးရှိခဲ့ဘူးသော တရားရှာ ဖော်၊ ရှာဖက်  ပဉ္စ၀ဂ္ဂီ ငါးဦး အား တရားဦးဟောရန် ဗုဒ္ဓဂါယာမှ ဤနေရာသို့ ခြေလျင်ကြွတော်မူခဲ့လေသည်။ ဤ ဓမ္မေခစေတီမှာ ရဟန်း၅ပါး နေထိုင်ရာ တဲဆီသို့ ဗုဒ္ဓရူကြည့်တော်မူခဲ့သည် နေရာ ဟုလည်းယုံကြည်ကြသည်။

နှင်းတွေကျနေပုံမှာ ခြေရင်းမှရပ်ကြည့်လျင်ပင် ပုထိုးတော်ကြီး၏ ထိပ်ကို ကောင်းစွာမမြင်ရ။ လေးငါးပေ အဝေးမှာရပ် နေသော လူကို လူလုံးကွဲအောင် မမြင်ရပါ၊ ချမ်းလိုက်အေးလိုက် ပုံမှာလည်း အနွေးထည်တွေ အထပ်ထပ် ၀တ်ထား သည့်တိုင် အချမ်းလုံသည်ဟု မထင်ရ၊ ကျွန်တော် တို့သည် မြက်ခင်းပေါ်မှာ ရွက်ဖျင်အခင်းခင်း၍ ထိုင်နေကြခြင်း ဖြစ်ပါသည်။ ရှေ့က ဘုန်းတော်ကြီးက ဓမ္မစင်္ကြာသုတ်နှင့်၊ အနတ္တလက္ခဏာသုတ်ကို တိုင်ပေးလေသည် ကျွန်တော် တို့က ညီညာဖျဖျ လိုက်ပြီးဆိုကြရပါသည်။ ရင်ထဲမှာနွေးလာလေ၏၊ တကြိမ်မှာ ဤနေရာတွင် မြတ်ဗုဒ္ဓသည် ထိုတရား တွေကိုပင် မိမိအား ယုံကြည်ကိုးစား ၀တ်ကြီးဝတ်ငယ် ပြုခဲ့သော ရဟန်းဖော် များအား ဟောကြားခဲ့သည် ဟူသော အသိက ကျွန်တော်တို့ကို ဖမ်းစားလိုက်ပေပြီ။

သီရီဓမ္မာသောကမင်းကြီးဟု ကျွန်တော်တို့ သမိုင်းစာအုပ်များတွင် သင်ခဲ့ရသော အသောကမင်းကြီးသည် မိမိဆရာ ရှင်မဟာမောဂ္ဂလိပုတ္တမထေရ်နှင့်အတူ ဤနေရာသို့ ဘုရားဖူးရောက်လာဖူးသည်။ ဘုရားရှင်ရပ်တော်မူသည့် ဤနေရာ တွင် စေတီတဆူတည်တော်မူသည်၊ ထိုနေရာ အနီးတွင် ကျောက်စာတိုင်လည်းစိုက်ခဲ့သည်၊ အုတ်ချပ်ပေါ်တွင် သူစေတီတည်သည့် ကြောင်းကို မှတ်တမ်းတင်ခဲ့လေသည်။ ဤစေတီကို ဓမ္မစင်္ကြာစေတီဟုခေါ် ကြဟန်တူသည်။

အင်္ဂလိပ်မင်းများလက်ထက်တွင် ရှေးဟောင်းသုတေသန အရာရှိ ကျောက်စာဝန် ကမ်နင်ဟမ်သည် စေတီထိပ်မှ နေ၍ တူးဖော်ခဲ့ရာ ဓမ္မေခဟု အမှတ်အသားပါသည့်အုတ်တချပ်ကို တွေ့ခဲ့ရသည်။

အိန္ဒိယရှေးဟောင်းဌာန မှ တူးဖော်ချက်များတွင် ဓမ္မဂါထာတခုကို လည်းတွေ့ကြရသည်။ ရှင်သာရိပုတ္တရာ လောင်း သတိုးသား ဥပတိဿ နှင့် ရှင်သာဇိ တို့တွေ့ကြရာ တွင်  ရှင်အဿဇိကိုယ်တော်က သူ့ဆရာနှင့် သူ့ဆရာ၏ ၀ါဒအကြောင်းကို ဂါထာတခုနှင့် ရှင်းပြခဲ့ပေသည်။” ဓမ္မသည် ဒုက္ခ မှပေါ်ထွန်း သည်။ ငါတို့ဆရာက ဒုက္ခ နှင့် ဒုက္ခဖြစ်ကြောင်း ကိုဟောသည်။ ဒုက္ခချုပ်ငြိမ်းမည့် နိယောဓ နည်းလမ်းကိုပြသည်။ ဤသစ္စာတရားတို့ကို ငါ့ဆရာက ဟောသည်’’  ဟုထိုဓမ္မဂါထာကဆိုသည်။ ထိုဂါထာကို တူးဖေါ်ရရှိသည့် ကျောက်ပြားပေါ်တွင် ရေးထား သည်ကို တွေ့ကြရသည်၊ အများသိကြသည့် အတိုင်း နောင်သော် ဥပတိဿ နှင့်သူငယ် ချင်း ကောလိတတို့သည် ဘုရားရှင်၏ အားကိုးရသည့် လက်ဝဲရံ လင်္ကျာရံ သာဝက နှစ်ပါးဖြစ်လာခဲ့လေသည်။

ဗုဒ္ဓ ပရိနိဗ္ဗာန်ပြုသော် ဓာတ်တော်များကို ရှစ်နေရာခွဲ၍ ဌာပနာခဲ့ကြသည်။ အသောကမင်းကြီးသည်ထိုနေရာများ မှ ခုနှစ်ဌာနတို့ ၌  စေတီများတည်ခဲ့ရာ ၄င်းတို့ကို ဓမ္မရာဇိက စေတီများ ဟုခေါ်ခဲ့ကြသည်။ ဤ မိကဒါဝုန် ဒေသမှာ လည်းစေတီတဆူ တည်ခဲ့ရာ မိဖုရားကြီး ကုမာရဒေ၀ီ အပါအ၀င် နောက်လူများ အနည်းဆုံး ၆ကြိမ်၊ ၇ ကြိမ်ထက် မနည်းပြန်လည်ပြုပြင်ခဲ့ကြပါသည်။

ဤသို့ အများကကြည်ညို အမြတ်တနိုးထားကြသည်ကိုကြည့်ခါ မနာလိုသူတို့က ဖျက်ဆီးခဲ့ကြသည်။ သာသနာ ကွယ် နေသည့်အချိန် ဗာရာဏသီ ဘုရင် စေကဆင့် လက်ထက် ၁၇၉၄ခုနှစ် တွင်စေတီအုပ်များကို မြို့ပြုပြင်တည်ဆောက် ရေးနေရာများတွင် ယူသုံးခဲ့ကြသည်။ တချို့က မိမိအိမ်အတွင်းမှာ ယူသုံးကြသည်၊ စေတီပျက်နေရာမှ ဘုရား ဓာတ်တော် အပါအ၀င် ကျောက်သေတ္တာ တစ်လုံးကိုတွေ့ရှိရာ အတွင်းမှပါသမျှ ဓါတ်တော်များကို ရေတွင် မျောကြသည်။  ကျောက်သေတ္တာကိုမူ ကလကတ္တားပြတိုက်တွင် ပြသထားသည်ဟုသိရသည်။

ဤနေရာ သာရနာထ ( Sarnath) မှာအမည်အမျိုးမျိုးပေါက်သည်၊ ဣသိပတနမှာ ရသေ့ရဟန်းများပျော်စံရာနေရာဟု အဓိပ္ပါယ်ရပါသည်၊ သမင်တို့ဘေးမဲ့ပေးရာ မိကဒါယ ဟုလည်းခေါ်ကြသည်၊ ဧကများစွာကျယ်ဝန်းသော မိဂဒါဝုန်တော ကို ခြံဝန်း အကျယ်ကြီးခတ်ပြီး အိန္ဒိယ ရှေးဟောင်းသုတေသနဌာနက သိမ်းထားပါသည်။ ၀င်ကြေးက ရူးပီးငွေ ၅ ကျပ်ပေးရသည်။ မျက်ခင်းမှာစိမ်းနေပြီး အုတ်ရိုးညိုညိုတွေကို နေရာအနှံ့ တ၀င်းလုံးမြင်နေရသည်။ ဓမ္မရာဇိကပလ္လင် ဟုခေါ်ကြသော ဓမ္မရာဇိက စေတီ၏ အခြေမှာ အုတ်ရိုးများသာ ကျန် တော့ သည်။

ကျွန်တော်သည် ဗုဒ္ဓ ဘုရားရှင်ကို စိတ်မျက်စိထဲမှ မြင်အောင်ကြည့်မိပါသည်။ ဒုက္ကရစရိယာ အကျင့် ကို ကြာမြင့်စွာ ကျင့်လာရာမှ အစားပြန်စား၊ ရွာတွင် ဆွမ်းခံ၊ လူတွေနှင့်ပြန်လည် ရောလာ သဖြင့် တရားတွေ့မှာမဟုတ်ပါဘူးဟု ပဉ္စ၀ဂ္ဂီငါးဦးက ယုံကြည်ပြီး သူ့ကိုစွန့်ခွါသွားကြသည်။ ဗုဒ္ဓကြွလာသည်ကိုမြင်သော် ခရီးဦးမကြိုစတမ်းဟု တိုင်ပင် ထားကြသည်။ ဗုဒ္ဓ၏ ကျက်သရေတော်ကို မြင်မှ တိုင်ပင်ထားသည်ကို မေ့လျော့ကာ ခရီးဦးကြိုပြုကြလေသည်။

“ရဟန်းတို့ ငါဟောကြားမည့် တရားတို့မှာ တွေးခေါ်ယူခြင်းမဟုတ် လက်တွေ့လုပ်ကိုင်ပြီးမှသိလာရသော အရာများ ဖြစ်သည်” ဟု အစချီကာ တရားအားထုတ်ရာတွင် မဇ္ဈိမပဋ္ဋိပဒါ ကျဖို့လိုပုံကို ရှင်းပြပါလိမ့်မည်။ အများက သိကြသည့် အတိုင်း ဓမ္မစင်္ကြာ တရားဦးသည် သစ္စာလေးပါးအကြောင်းဖြစ်ပါသည်။

ကိုယ်ဆင်းရဲဟု ဆိုရာတွင် ပဋိသန္ဓေနေရခြင်း၊ မွေးဖွားရခြင်း၊ အိုရခြင်း၊ နာရခြင်း၊ သေရခြင်းတို့ ဖြစ်သည်။ စိတ်ဆင်းရဲ မူများတွင်မူ ၀မ်းနည်းခြင်း၊ ဒေါသထွက်ခြင်း၊ မနာလိုဝန်တိုမ၊ူ သောကပူပန်ခြင်း ကြောက်လန့်ခြင်း၊ စိတ်ပျက်ရခြင်း စသည်တို့ ပါဝင်ကြသည်။ ချစ်သောသူနှင့်ကွေကွင်းရခြင်း၊ မချစ်မနှစ်သက်သူနှင့်ပေါင်းဆုံရခြင်း၊ တို့မှာ ဒုက္ခဆင်းရဲဟု ဆိုသည်၊ လိုအင်ဆန္ဒ စွဲလန်းခြင်းတို့ မှာဆင်းရဲမူသာဖြစ်သည်။

အမှန်ကိုမမြင်နိုင်မူ အ၀ိဇ္ဇာကြောင့် ဘ၀ ၏ အခြေခံကို မမြင်နိုင်ကြပေ ထို့ကြောင့်လူတို့သည် တပ်မက်မှုဆန္ဒကြောင့် စိတ်အလိုမကျမှုများဖြစ်ကြရသည်။ ထိုအရာကို သမုဒယသစ္စာဟုခေါ်သည်။

နိရောဓ သစ္စာဟုဆိုအပ်သော မိမိ၏ တပ်မက်ခြင်းတဏှာကို ပတ်သက်နိုင်လျှင် ဆင်းရဲဒုက္ခအပေါင်းမှ လွတ်ကင်းရ မည်ဟု ဆိုသည်။

စတုတ္ထသစ္စာမှာ မဂ္ဂင်ရှစ်ပါးဟု ဆိုအပ်သော ကျင့်ကြံနေထိုင်မှုကိုဆိုသည်၊ လွတ်မြောက်မှုအတွက် လုပ်ငန်းစဉ် ကိုခေါ်သည်။

ဗုဒ္ဓ၀ါဒသည် ဒုက္ခဆင်းရဲကို မသိကျိုးကျွံပြုခြင်းမဟုတ်၊ ဒုက္ခကိုကျော်လွှားနိုင်အောင် ဒုက္ခဆင်းရဲကို ရင်ဆိုင်ကြခြင်း သာဖြစ်သည်။

ပဌမဆုံး ကောဏ္ဍည မထေရ်ထံမှ ယုံကြည်နားလည်ခြင်းအလင်းရောင်ကို မြင်လိုက်ရသည်။ ထို့နောက်မှ တပါးစီ သောတ္တပတ္တိဖိုလ် တည်ကြသည် အနတ္တလက္ခဏာသုတ်ကို ဟောတော်မူသော် ငါးပါးစုံညီ ရဟန္တာတွေ ဖြစ်ကြ သည်။

ဗုဒ္ဓ သည် ထိုတရားတော်များကို ဟောကြားသည့် နည်းတူကမ္မဌာန်းနည်းများကို ဗောဓိမဏ္ဍိုင်တွင် သူတွေ့ကြုံခဲ့ရ သည့်အတိုင်း သင်ပေးပါလိမ့်မည်။ ကျွန်တော်သည် ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး၏ ဇိနုတ္တပကာသနီနှင့် ဆရာတော်ကြီး ဦးဝိစိတ္တ၏ ဗုဒ္ဓ၀င်ကိုဖတ်ကြည့်သည်၊ သတ္တ၀ါတို့ကို ချေချွက်တော်မူရာ၌ (Mindfullness) ခေါ်ကမ္မဌာန်းတရားအကြောင်းကို အကျယ်တ၀င့်ရေးသားထားသည်ဟု မထင်မိပေ။ ပဉ္စ၀ဂ္ဂီ ငါးဦးမှာ၆ နှစ်ကြာအောင် အတူတကွတရားအားထုတ်ခဲ့ဖူးရာ ကမ္မဌာန်းထိုင်နည်း နိဿယကို ဗုဒ္ဓ က အကျယ်တ၀င့်ရှင်းပြရန်လိုမည်မထင်ပေ၊ မဇ္ဈိမပဋိပဒါဟုဆိုသည်နှင့်ကျင့်ကြံရေးလမ်းကြောင်းကို ရဟန်းတော်တွေ ချက်ချင်းသဘောပေါက်ကြမည်ထင်ပါ၏၊

ကျွန်တော်တို့ မြန်မာနိုင်ငံမှ တရားစခန်းများဝင်ကြရာတွင် ကမ္မဌာန်းထိုင်နည်းကိုသာ ဆရာတော်များက ဦးစားပေး သင်ကြားကြပါသည်။ ပဌမ သင်ခန်းစာမှာ ထွက်လေ၀င်လေ ကိုမှတ်ရန်ဖြစ်စေ၊ ၀မ်းဗိုက်၏ ပိန်မှုဖေါင်းမှုကိုဖြစ်စေ အသိကပ်ပြီး မှတ်သားကြရန်ဖြစ်ပါသည်၊ သစ္စာလေးပါးနှင့် အနတ္တလက္ခဏာ သုတ်ကဘာဆိုသည်ကို သင်ကြား လေ့မရှိကြပါ၊ ကမ္ဘာနှင့် အ၀ှမ်း Mindfullness အကြောင်းကို သုတေသနပြုစိတ်ဝင်စားနေကြပေရာ မြန်မာနိုင်ငံမှ ကမ္မဌာန်းသင်တန်းပို့ချရာတွင် အကျင့်နှင့် အဘိဓမ္မာတို့မှာ ယှဉ်တွဲ သင်ကြရမည်ဟု ကျွန်တော် ယူဆ ပါသည်၊
ဆင်းရဲဒုက္ခမှလွတ်မြောက်မူ(၀ိမုတ္တိရသ) အတွက် ဗုဒ္ဓ၀ါဒကို သိနားလည်ရန်လိုသလို ကမ္မဌာန်းနည်းနာမပါလျှင်လည်း မဖြစ်နိုင်ပုံကို ဥပါသိကာ အပေါင်းနားလည်ထားသင့်ပါသည်။

ဗုဒ္ဓသည် ဘုရားဖြစ်တော်မူပြီး ပဌမဆုံး မိုးရာသီ ၀ါလကို မိဂဒါဝုန်၌ပင် ၀ါဆိုတော်မူသည်။ နံနက်အာရုံမလာမီ စောစွာထပြီး ကမ္မဌာန်းစီးဖြန်း တော်မူပါလိမ့်မည်။ ထိုသတိစိတ်နှင့်အတူ သစ်ပင်တွေအုပ်ဆိုင်းနေသော မွေ့ပျော် ဘွယ်ကောင်းသော တော အလယ်တွင် စင်္ကြန်လျှောက်တော်မူ ပါလိမ့်မည်။

ထိုစဉ်အခါ မျိုးဝယ် မိန်းမရံရွေ တွေနှင့် ပျော်ပါးခဲ့ရာမှ အိပ် မရတော့ သဖြင့် တောအုပ်အတွင်း လမ်းလျောက် လာ သော ယသ သတိုးသားနှင့်တွေ့ခဲ့ခြင်းဖြစ်ပါလိမ့်မည်။ ကာမဂုဏ်အာရုံတွေနှင့် ချွေးပျံနေသော ယသသည် ဗုဒ္ဓကို တွေ့သော် ဗုဒ္ဓ ၏ တည်ငြိမ်အေးချမ်းခြင်းဘ၀ကို အားကျကြည်ညိုခဲ့ပါလိမ့်မည်။

မနက်ခင်း နှင်းမှုံများကြားတွင် သစ်ပင်ကြီးများဖြင့် တော၏သာယာ လှပပုံ၊လမင်းကြီး၊ ကြယ်တာရာများ၊ မြစ်ချောင်း အင်းအိုင်များ၏ ပျော်မွေ့ဘွယ်ရာပုံရိပ်၊ နေရောင်ခြည်ဖျာဆင်းလာနေပုံ၊ ကျေးငှက်သာရတောတွေတေးဆိုနေကြပုံ၊ စိမ့်စမ်း၊ ချောင်းရေတွေစီးသံတွေမှာ သာယာနာပျော်ဘွယ်ဖြစ်ပုံ၊ ၄င်းတို့မှာ ဆုံးနိုင်ဖွယ်မရှိသော ပျော်ရွှင်မှုကို ပေးနိုင် ပါ ပေသည်ဟု ဗုဒ္ဓကရှင်းပြပါလိမ့်မည်။

ထိုသဘာဝအလှတရားတွေကို ခံစားနိုင်ဘို့ကို ကာမဂုဏ်လိုက်စားခြင်းကို စွန့်လွှတ်ရလိမ့်မည်ဟုဆိုသော် လူ့လောက ကို စိတ်အပျက်ကြီးပျက်နေသော ယသအတွက် ဘ၀င်ခိုက်သွားစေပါလိမ့်မည်။ ဘ၀သည် ဒုက္ခ၊ သုက္ခတွေနှင့် ပြည့်နှက် နေသည့် နည်းတူ အနစ်သာရရှိသော ပျော်ရွှင်မှုကိုလည်း ပေးနိုင်ပါသည်ဟု ဗုဒ္ဓက ရှင်းပြခဲ့သည်။ စိတ်အလို လိုက်ခါ ကာမဂုဏ် လိုက်စားသောဘ၀သည် ကိုယ်ခန္ဓာနှင့် စိတ်အတွတ်မကောင်းနိုင်ပါဟု ဟောတော်မူသည်။

ယသက သဘောတူသောကြောင့် ယသကို ရဟန်းဂတ်ပေးရန် ရဟန်း ကောဏ္ဍာညကို တာဝန်ပေးတော်မူသည်၊ ကမ္မဌာန်း သဘောတရားတွေကို သင်ပေးဖို့ ပြောပါလိမ့်မည်။

သားပျောက်သောကြောင့် မိခင်သုဇာတာ၏ ခိုင်းစေချက်ဖြင့် ဖခင်ဖြစ်သူဘုရား၏ ရှေ့တော်မှောက်သို့ ရောက်ချိန်တွင် ယသသတို့သားမှာ ရဟန္တာဖြစ်နေပြီဟု ဆိုသည်၊ ဖခင်လုပ်သူကို ချေချွတ်ပြီးချိန်တွင် ဖခင်လည်း ရဟန်းဝတ်ရန် သဘောတူသည်။ အိမ်သို့ ဆွမ်းဖိတ်သည်ကို ဗုဒ္ဓက လက်ခံတော်မူသည်။ “ယသ ရဟန်းဝတ်သတဲ့ “ ဟူသောသတင်း ကိုကြားရသဖြင့် သူ့ သူငယ်ချင်း ၅၄ ဦးမှာ ဘိက္ခူတွေဖြစ်လာကြသည်။

ကျွန်တော်တို့ငယ်ငယ်က ရှင်မဟာရဋ္ဌသာရ၊ ရှင်ဥတ္တမကျော်စသည်ဖြင့် ရဟန်းတော်တွေ၏ ကဗျာတွေထဲမှာ တောင်၏သာယာပုံ၊ တော၏သာယာပုံတွကို ဖွဲ့ဆိုသည်ကို မြင်သော်နားမလည်နိုင်ခဲ့ကြချေ၊ ရဟန်းတော်နှင့် သဘာဝ အလှအပ တို့ကို ဆက်စပ်၍ မရနိုင်ခဲ့ခြင်းဖြစ်ပါသည်၊ “တိမ်ညိုမိလ္လာ တိမ်စူကာနှင့်၊ ဟူသောအဆို သစ်ရွက်ရော်ရီ၊ အိန္နနီဝယ်၊ သိင်္ဂီတ၀က၊် ဖက်၍ဆေးစ၊ုံ ချယ်သောပုံသို့ ရဂုံမြိုင်တွင်း တောလုံးလင်းသား” ဆိုသော အဖွဲ့တွေမှာ လူတစ်ဦးတစ်ယောက်ကို တရားရစေနိုင်သော သဘာဝ၏ အလှတရား တွေဖြစ်သည် ဟု ကျွန်တော်သဘော ပေါက်မိလေသည်။

မနက်ပိုင်းက မြူနှင်းတွေ ထူထပ်နေသောကြောင့် နေ့လယ်တွင် တကြိမ်ဓမ္မေခစေတီတော်ကြီးဆီသို့ ကျွန်တော်တို့ သွားကြပါသည်။ စေတီကြီးနှင့် အတူ ၀င်းကြီးတစ်ခုလုံးကို မြင်နိုင်သောခုံလေးတွေအစီအရီချထားပါသည်။ နေရောင်ခြည်ကို ပြပြလေးသာမြင်ရသည်၊ အအေးဓါတ်ကြောင့် မိဂဒါဝုန်တောတခုလုံး သာယာချင်တိုင်း သာယာနေ ပါသည်၊

ကျွန်တော်တို့မြင်နေရသည်နေရာမှာပင် ရဟန္တာအပါး ၆၀ တို့ကို ဓမ္မဘီးကြီးလည်ပတ်နိုင်စေဖို့ နေရာအနှံ ခရီးသွားကြရမည်ဟု ဗုဒ္ဓက ညွှန်ကြားခဲ့ပါသည်။ ဤနေရာတွင် ဗုဒ္ဓသာသနာတော်ကြီးစတင်သန္ဓေတည်ခဲ့ပါသည်။ သံဃာ၏ အစ၊ ဗုဒ္ဓတရားဓမ္မ၏အစ ရဟန္တာများ၏အစ၊ ဘုန်းတော်ကြီးကျောင်းများ၏အစ၊ မြင့်မြတ်လှသော ထိုနေရာ ကိုကြည့်ရင်း ကြည်ညို သဒ္ဒါစိတ်ဖြစ်မိပါသည်၊

နန္ဒိယသူဌေးသည် ဘုရားရှင်ကို ကြည်ညိုသောကြောင့် ကျွန်တော်တို့ မြင်နေရသည့် နေရာမှာ ကျောင်းဆောင် တခု ဆောက်လုပ်လှူဒါန်းခဲ့ပါသည်။ မူလဂန္ဓကုဋိကျောင်းဟု ခေါ်သည်။ ထိုကျောင်းဆောင်ကို ဆောက်သည်နှင့် တပြိုင်နက် တာဝတိံသာ နတ်ပြည်တွင် သူ့အတွက် ဗိမ္မာန်တဆောင်ပေါ်ခဲ့သည်ဟုဆိုကြပါသည်။ ထိုကျောင်းမှာ မရှိတော့ပေ။ ကျောင်းနေရာအုတ်ရိုးသာကျန်တော့သည် ဘာသာခြားတွေက ဖျက်ဆီးကြသည်။ တချိန်တွင် ဤမိဂဒါဝုန်တောတခုလုံးနှစ်ပေါင်း ၆၀၀ ကျော်ကြာ အောင် ခြုံတွေကြားမှာ ရောက်ခဲ့ရပါသည်။

၁၈၉၁ ခုနှစ်တွင် သိဟိုဋ် နိုင်ငံသားအနာဂါရိက ဓမ္မပါလမထေရ်သည် မိကဒါဝုန်သို့ ဘုရားဖူးရောက်လာခဲ့သည်။ မူလဂန္ဓကုဋိတိုက်၏ အခြေအနေကို မြင်သော် သူသည် ရင်ဆို့သွားပြီး များစွာ စိတ်မကောင်းဖြစ်ခဲ့ရသည်၊ တချိန်တည်းမှာပင် ဗုဒ္ဓဘုရားရှင် သတင်းသုံးခဲ့သော ကျောင်းတော် နေရာတွင် ကျောင်းအသစ်ဆောက်မည်ဟု သံဓိဌာန်ချခဲ့သည်၊ မူလနေရာတွင်ဆောက်ရန် သူ အခွင့်မရခဲ့ပေ၊ မလှမ်းမကမ်းနေရာတွင် စေတီတည်ခဲ့ရာ ယခင် ကျောင်းပုံစံအတိုင်း အခု ကျွန်တော်တို့ သွားရောက်ဖူးမြော်နိုင် ကြပါသည်။

(၄)

သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်ရန် ၀ိမုတ္တိ တရားတော်များကို ရှင်တော်ဗုဒ္ဓ ကဤ မိဂဒါဝုန်တောကြီးအတွင်းမှာ စတင်၍ပဌမဦးဆုံး ဟောကြားခဲ့ပါသည်၊ ကျွန်တော်တို့တွင် သီလ၊ သမာဓိ၊ ပညာဟူ၍ သုံးပါးစလုံးနှင့်ပြည့်စုံကြရမည်၊ ပရိပတ္တိသာသနာဟူ၍ စာအုပ်စာပေတွေ အသီးသီးရှိကြသော်လည်း ယနေ့ခေတ်တွင် စာအုပ်ဖတ်နေရုံဖြင့် တရားသဘောကို ခြုံငုံနားလည် နိုင်ကြမည်ဟု ကျွန်တော်မထင်ပါ၊ ကိုယ်တိုင်ကျင့်ကြံအားထုပ်ပါမှ ဘုရားက ရည်ရွယ် ဟောကြားခဲ့သော သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြော်ရေးသည်ဖြစ်မြောက်နိုင်ပါလိမ့်မည်၊

ဗုဒ္ဓဘုရားရှင်မှာ ပရိနိဗ္ဗန်စံဝင်တော်မူပြီ၊ ဗုဒ္ဓဟောကြားချက်များမှာ အဆက်ဆက် လက်ဆင့်ကမ်း ထိမ်းသိမ်းကြ သူများကျေးဇူးကြောင့် ကျွန်တော်တို့ အရင်းမူလမပျက် လေ့လာနာယူနေနိုင်ကြပါသည်၊ မိမိ၏ယုံကြည်မှုသဒ္ဒါနှင့် သံဓိဌာန်ပြင်းပြမှသာ တရားထူးတရားမြတ်ကို  ရှာဖွေတွေ့နိုင်ကြပါလိမ့်မည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts