ဝေဖန်ရေးရာ ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – အားနာမိတယ် NLD ရယ်


ငြိမ်းချမ်းအေး – အားနာမိတယ် NLD ရယ်
(မိုးမခ) ဖေဖော်ဝါရီ ၁၀၊ ၂၀၁၅

စစ်ဗိုလ်ချုပ်များ အချင်းချင်း အာဏာစားခွက်လုရင်း ဖြုတ်ထုတ်သတ်ခဲ့တဲ့ သမိုင်းအများစု မှာ ကျန်းမာရေးကြောင့် အနားယူသွားသည်၊ အနားပေးလိုက်သည်က အများစုပါ။  နင်ပဲငဆ ပြောဆိုပြီး ထုတ်တယ်ဆိုတာ သြဇာသိပ်ကြီးတဲ့ လူမျိုး၊ လူမုန်းများတဲ့ လူမျိုး ခင်ညွန့်လိုကျမှ အဆင်းမှာ အချင်းချင်း ဖိဆော်ကြတာပါ။  ဒါတောင် ခဏရယ်ပါ။

အခု NLD နဲ့ ဒေါက်တာသိန်းလွင် က အာဏာလုဖက်လည်း မဟုတ်၊ အကျိုးစီးပွား လုဖက်လည်း မဟုတ်ရပါဘူ။

စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်း၊ တားမြစ်ချက်ကို မလိုက်နာခြင်း ဆိုပြီး ဦးတိုက် ဘာအကြောင်းပြချက်နဲ့မှ မလုပ်သင့်ပါဘူး။

ခေါ်ဆွေးနွေးပြီး ဒေါက်တာသိန်းလွင်က ကျောင်းသားတွေကိစ္စ ပညာရေးဆွေးနွေးပွဲအတွက် အလုပ်ပိုလုပ်ချင်၊ အချိန်ပေးချင်လို့၊ ပိုလွတ်လွတ်လပ်လပ်လုပ်ချင်လို့၊ ပါတီလောင်းရိပ်အောက်က မဖြစ်ချင်လို့ သူသဘောနဲ့သူ ရာထူးက အနားယူသွားသည် ဆိုရင် ပိုကြားကောင်၊ မြင်သာ မရှိဘူးလား ခင်ဗျာ။  ခင်ဗျားတို့ ပြောပြောနေတဲ့ သွေးစည်းရေး အသံ ပို မထွက်စေဘူးလား ခင်ဗျာ။

အခုတော့ ဖြစ်ရလေ လို့ ပဲ ဆိုရပါမယ်။

လူထုအသံကို နားမထောင်တဲ့အထဲမှာ စစ်ဗိုလ်ချုပ်များကြီးတင်မဟုတ်၊ အာဏာရှင်ဆန်တာက စစ်တပ်ချည် မဟုတ် NLD လည်းပါ ပါပကော။

စစ်တပ်က ခေတ်အဆက်ဆက် ဖြုတ်ထုတ်သတ်သာလုပ်တာ၊ ကိုယ်အချင်းချင်း သိပ်ညှာ၊ (စီးပွား) လုပ်ပိုင်ခွင့် အပြည့်အဝ ပေးတယ်။  အငြိုးအတေးထားတာမျိုး ရှားတယ်။  အငြိုးနဲ့ ထားလုပ်ဦး ခဏပဲ၊ အချိန်တန်ရင် စစ်မျိုးစေ့တွေ ပြန်ပွားလာတာပဲ။  အခု နေဝင်း ဆက်တွေ ပြန် လူတွင်ကျယ်နေတာ ကြည့်ပါလား။

ကိုယ့်ဘက်မှာတော့ ချနင်းခံရတာ၊  တယောက်ပြီး တယောက်။  ပညာနဲ့ မကူ လုပ်အားနဲ့ ကူတဲ့ နော်အုံးလှ က အစ အခု ပညာနဲ့ဝန်းရံတဲ့ ဒေါက်တာသိန်းလွင် အဆုံး ဖြစ်ရပြီပေါ့။

NLD စဖွဲ့တဲ့ အထဲမှာ တတ်သိပညာရှင်များရယ်၊ မျိုးချစ်ရဲဘော်ဟောင်းများရယ်၊ ဗိုလ်အောင်ကြီးအဖွဲ့ရယ် သုံးစုမှာ ဒေါ်အောင်ဆန်းစုကြည် အစု က တတ်သိပညာရှင်များပါခဲ့တယ်။  ဒါပေမဲ့ ပါခဲ့တဲ့ တတ်သိ အားလုံးနီးနီး နောက်ဆုံးမှာ စွန့်ခွာခဲ့ရတယ်။  ဦးဝင်းတင် လို သေတဲ့ အထိ ဆော်ရင်း၊ ဘေးကလည်း ရပ်ရင်း ကျန်ခဲ့သူက အနည်းစု။

တကယ်အများစုကျန်တော့ စစ်တပ်ငြိုငြင် စစ်မာန်တော်ရှမှာ စိုးကြောက်လှတဲ့ မျက်မွေးထော်လို့မှ မော်မကြည့်ဝံ့သူ စစ်ဗိုလ်ဟောင်းတစုသာ ကျန်ခဲ့တယ်။  ဝီကီလိခ် မှာတောင် ဒီဘဘကြီးများအကြောင်း မှတ်တမ်းဝင်ခဲ့သေးတယ်။  ဒါပေမဲ့ အဲဒီ ဘဘကြီးတွေက Statement ကို မှန်မှန်ကန်ကန် ဟန်ပါပါ ထုတ်ဖော်ရသေးတယ်။  အခု ကြီးစိုးနေသူများက ထုတ်ပြန်ချက်တွေကိုက ကပေါက်တိ ကပေါက်ချာတွေများတယ်၊ အငြင်းပွားဖွယ်ရာတွေ ဖြစ်တဲ့အပြင် ရပ်တည်ချက်ကပါ မမှန်ဘူး ဖြစ်နေတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရဲ့ ရပ်တည်ချက်၊ မူဝါဒ ဖြစ်တာကြောင့်လည်း ပါတာပေါ့လေ။  ဘယ်သူမှ ပြန်မပြောဝံ့ကြတာလည်း ဖြစ်မှာပေါ့။

ပြောပြန်ရင်လည်း ကိုယ့်ပြန်ပြီး ညီညွတ်ရေး ပြိုကွဲအောင် လုပ်တယ်ဆိုချင်ကြဦးမယ်။

ဒီဒေါက်တာသိန်းလွင် ဖြစ်စဉ်ကြီးတခုလုံး လက်ခံတယ်၊ နားလည်ပေးတယ် ထားပါ။  အကြောင်းကြောင်းကြောင့် ရွေးကောက်ပွဲကြောင့်၊ တွေ့ဆုံဆွေးနွေးရေးကြောင့်၊ မျက်နှာမပျက်ချင်လို့ စသဖြင့် စသဖြင့် တွေကြောင့် နောက်ဆက်တွဲ အရေးယူမှု လုပ်ရဦး ဒီလို လူသိထင်ရှား ထုတ်ပြန်ချက်တွေ မလုပ်သင့်ပါဘူး လို့  ဝိုင်းဆိုနေကြတာတောင် အခု ထပ်ပြီး ထုတ်တယ်။  ဒီလို လုပ်သမျှ တဖက် အဘတွေက အကြိုက်ပေါ့။

ဒါ့အပြင် အခု ကြိုတင်ပြင်ဆင်မှုမရှိဘဲ အလောသုံးဆယ် အူယားဖားယား ဘဘတို့အကြိုက် မွန်းလိုက် လုပ်ပုံများ “ကော်မတီအသစ်မှ တာဝန်မယူမီကာလအတွင်း လက်ရှိပညာရေးကော်မတီ၏ လုပ်ငန်းများ ရပ်ဆိုင်းထားသည်” ပါတဲ့။

ဗမာပြည်အနှံ့ မမောနိုင် မပန်းနိုင် ခြေဆန့်နေတဲ့ ကိုရဲလွင်၊ ကိုသားထွေးတို့နဲ့ ပန်းရဲ့လမ်း အဖွဲ့ကို အားနာမိပါရဲ့။  လုပ်ရက်ပေ့ အမရာ အသည်းမှာ ကြေမွ ဖြစ်ရပြီပေါ့။  တစ်ပွင့်တည်းသော ပန်းသစ္စာ မြတ်နိုးထိုးစိုက် ဆင်မြန်းဖို့ ရွယ်ရာက လူထုအသည်းရင်ခွင် မဟုတ်တော့ပြီလား ခင်ဗျာ။

အမေပြောတော့ ပညာရေးအရေးကြီးဆို။

လေးဖြူတောင်မှ “ပညာရေး အရေးကြီးတယ်” ဆိုပြီး ဟိုတလောကမှ ဝင်အော်ပေးခဲ့သေးတယ် မဟုတ်လား။

အမေပြောတဲ့ ပညာရေးကပဲ အရေးကြီးတယ် ဆိုချင်တဲ့သဘောပေါ့။

(၂၀၁၂) ကတည်းက ဒါမျိုးတွေ မြင်ခဲ့၊ သိခဲ့၊ ပြောခဲ့၊ ပြောနေ ဆိုနေပေမဲ့ ဒီလောက် ရုပ်ပျက်လိမ့်မယ်လို့တော့ ထင်မထားမိတာ အမှန်ပါ။

နှမြောရတယ် NLD ရယ် ဆိုတာထက် ဒီမိုကရေစီခရီးကြမ်းတလျှောက် အနစ်နာခံ ပေးဆပ်ခဲ့တဲ့ ဆရာဦးဝင်းတင် အပါအဝင် ပါတီဝင် သူရဲကောင်းတွေကို အားနာမိတယ် NLD ရယ်ပဲ ဆိုရပါတော့မယ် ခင်ဗျာ။

ငြိမ်းချမ်းအေး
ဖေဖော်ဝါရီ ၀၉၊ ၂၀၁၅
(ဝေဖန်ရန် – nyeinchanaye81@gmail.com)

—-

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ နောက်ဆုံး ထုတ်ပြန်ချက်များ —


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “ငြိမ်းချမ်းအေး – အားနာမိတယ် NLD ရယ်
  1. I agreed with you and Dr. Thein Lwin. Stupid NLD ( not included those people like U Win Tin !!!!).
    How could they say education and health was the most important?
    Please do not swallow your word ‘NLD’

  2. Ko Nyein Chan Aye, we feel ashamed for their standing ground.Yes, there is new dictator style rather than listen to people’s voice.Especially on students who gave and lost their life for NLD.This is their history and peoples will decide.You can see that our ordinary peoples knew the truth and stand for students.This is actual situation for our country.Peoples are not stupid and foolish.

  3. NLD ဟာနိုင်ငံရေးပါတီတရပ်ဖြစ်တာနဲ့ အညီ သူလုပ်ရမဲ့အလုပ်သူလုပ်နေပါလိမ့်မယ် ။ သူထမ်းဆောင်ရမဲ့ တာဝန်သူဆောင်ရွက်နေမှာပါ။ ကျောင်းသားလူငယ်တွေကလည်း သူတို့ လုပ်ရမဲ့ ကျောင်းသားအလုပ်လုပ်ပြီး မိုင်ရှည်ချီတက်နေပါတယ် ။ ပြည်သူတွေကလည်း သူတို့ လုပ်သင့်တဲ့အလုပ်သူတို့ ကျရာအခန်းကထမ်းနေကြပါတယ် ။

    ဒီသဘောကို မမြင်နိုင်သူတွေကလည်း NLD ကိုအထင်လွဲသူကလွဲ ၊ ကျောင်းသားတွေအပေါ် အပြစ်မြင်သူကမြင် နိုင်ငံရေးတိမ်မစင်တော့ သူတို့သမိုင်းသူတို့ ရေးနေကြတာပါဘဲ ။ ကိုယ့်အရိပ်ကိုယ် ရန်ထောင်နေတဲ့သူလိုဖြစ်နေပြီထင်တယ် ။ အချိန်ကစကားပြောပါလိမ့်မယ်။

Comments are closed.