ကဗျာ တင်မိုး

တင်မိုး – ကွန်မြူနစ်ဆန့်ကျင်ရေး လူကြီးမင်းများ

 

တင်မိုး – ကွန်မြူနစ်ဆန့်ကျင်ရေး လူကြီးမင်းများ

(ပြန်လည်ဆန်းသစ်ခြင်း) မိုးမခ၊  ဖေဖော်ဝါရီ၊ ၀၉ ၊  ၂၀၁၅

 

(၁)

ဒီလူကြီးတွေ… ဒီလူကြီးတွေ….

သွားရေတွေ တများများ

လူသားစား ကျားပါးစပ်နဲ့

အရပ်မှာ “ဗျိုး” ဟစ်ပြီး

“ကွန်မြူနစ်ဆန့်ကျင်ရေး” တဲ့

အရေးပါတဲ့ ဒီဆောင်ပုဒ်နဲ့

လုပ်စားပေါင်းများခဲ့ပြီ။

(၂)

ကွန်မြူနစ်တွေ ဆိုတာ

ဘုရားမရှိ တရားမသိ

အမှားအတိနဲ့

အလကားငတိတွေ ထင်အောင်

တွင်တွင်ကြီး ၀ါဒဖြန့်

ကွန်မြူနစ်တစ္ဆေနဲ့ လှန့်

ရွာအနှံ့ ရပ်အနှံ့ မောင်းထု

ပြည်သူကိုတော့ ထောင်းထုပြီး

မကောင်းမှုမှာ သရဖူဆောင်း

သူရဲကောင်းကြီး ဟန်ပန်လုပ်

အာဏာကို အချောင်အုပ်ကြတယ်၊

ပုပ်လိုက်တဲ့ သမိုင်း

ယုတ်ပတ်တဲ့ အကြံရိုင်းပေပ။

(၃)

ကွန်မြူနစ်ကို လက်ညှိုးထိုး

ကိုယ်ကျိုးကို အရနှိုက်

ဓါးပြတိုက် ခါးပိုက်ဆောင်တပ်တွေနဲ့ပါလား။

လဲဗီးတဲ့.. ပြူစောထီးတဲ့..

လက်နက်မဲ့ ပြည်သူတွေကို

ကူညီမလို အကြောင်းပြပြီး

ထောင်းလမောင်းထအောင် နှိပ်စက်ခဲ့တာ

မပျက်နိုင်တဲ့ သမိုင်းတကွက်ပါ။

ကွန်မြူနစ် ရန်စွယ်ဟာ

ဓမ္မ န္တရာယ် အစစ်ပါပဲလို့

ကလိမ်ကညစ် နည်းထုံးတွေနဲ့

ဖြီးလုံးတွေလွှင့်ထုတ်

စာအုပ် စာတမ်း ရေဒီယို

ထိုထိုသော သတင်းစာတွေနဲ့

အတင်းညာကာ ၀ါဒဖြန့်

ရွာလန့်အောင် လုပ်ကြတယ်။

ရိုးသားတဲ့ ဗုဒ္ဓဘာသာ

ဒို့ မြန်မာလူထုရဲ့စိတ်ထဲ

ကွန်မြူနစ် သူရဲပုံပြင်တွေနဲ့

ယုံထင်ကြောင်ထင် ဖြစ်အောင်

သံကြောင်တွေ ဟစ်ကြတယ်

တကယ်ညစ်တာက သူတို့.. သူတို့။

မသိဘူးလို့များမထင်နဲ့

ပြည်သူတွေက “မြင်” ပါတယ်။

ပြည်သူတွေက “လျင်” တယ်။

(၄)

မှန်တဲ့စကားတခွန်း

တစွန်းတစ မဟလိုက်လေနဲ့

ကွန်မြူနစ် တံဆိပ်ကပ်

အရပ်နဲ့လှည့်တိုက်မယ်။

အခွင့်အရေး ဆိုစကား

တပြားဖိုးမျှ မတောင်းလိုက်လေနဲ့

ကွန်မြူနစ်တွေ သွေးထိုး

သူပုန်မျိုး အဖျက်သမားတွေလို့

မတရားစွပ်စွဲပြီး

နည်းမျိုးစုံ ဖြိုခွဲပစ်မယ်။

အမှန်ကို ချစ်တာနဲ့

ကွန်မြူနစ် ဖြစ်ရရောလား။

လူကြီးမင်းများ ခင်ဗျား….

စဉ်းစဉ်းစားစားလည်း လုပ်ကြပါဦး။

(၅)

ကျောင်းသားတွေ မခံနိုင်လို့

သံပြိုင်ဟစ် အုံကြွတော့လည်း

သူပုန်ထမဲ့ ဗကပ တဲ့

ဗကပ လှုံ့ ဆော်လို့

ကြွေးကြော်သံ အနန္တနဲ့

အလျှံထမတတ်

ဆန္ဒပြကြတာတဲ့။

ဒီလိုပုတ်ခတ် လုပ်ဇာတ်ခင်းပြီး

ပြဿနာရဲ့ အတ္ထုပ္ပတ် အရင်းအမြစ်ကို

မစိစစ် မဖွေရှာ

အာဏာပြ ပါဝါပြပြီး

အဓမ္မနှိမ်နင်း

အပြစ်ကင်းတဲ့ ကလေးငယ်တွေကို

ပစ်ကွင်းအဖြစ် ရွယ်ကြပြန်တယ်။

ကျောင်းသားတွေရဲ့ ခွပ်ဒေါင်းအလံဟာ

အတန်တန် သွေးစွန်းခဲ့ရတယ်။

လွတ်လပ်ရေး ရပြီးကတည်းက

တကသ ဗကသ

ကျောင်းသားသမဂ္ဂတွေကို

ဗကပရဲ့ သူပုန်ဌာနချုပ်ရယ်လို့

ယုတ်မာကောက်ကျစ် ညစ်ညစ်ပတ်ပတ်နဲ့

ပစ်ခတ် သတ်ဖြတ်ခဲ့တာ

မှတ်တိုင်ကြီးတတိုင်

ဇူလိုင် ၇ ရက် သက်သေပါ။

တခါလာ ဗကပနဲ့ တခါလာ ဗကပနဲ့

ဟာသ ရသတောင်မြောက်ကုန်ပြီ

ဗကပတစ္ဆေ ခြောက်တုန်းပါကလား။

(၆)

အမှန်တကယ်အဖြစ်က

ပြည်တွင်းစစ်နဲ့ စားသာနေတာ

အာဏာလက်ရှိ လူတစုပါ။

ပြည်တွင်းစစ်ကို လက်ညှိုးညွှန်

ကွန်မြူနစ်ကို အပြစ်ပုံချ

ရသမျှအခွင့်အရေး အိပ်ထဲပိုက်

နှိုက်ချင်တိုင်း နှိုက်

ပိုက်ချင်တိုင်း ပိုက်

မိုက်ချင်တိုင်း မိုက်

ရိုက်ချင်တိုင်းရိုက်

ရွှေစိတ်တော်အကြိုက်ပ၊

မြို့ရွာတွေ မီးတိုက်လိုတိုက်

ငမိုက်သားတွေ တန်ခိုးကြီးသထက်ကြီး

အမျိုးသမီးတွေ ယူလိုယူ

ဇမ္ဗူပေါ်မှာ ဇိမ်တွေကျ

အိမ်တွေရ တံဆိပ်တွေရ

ဧရာမ သူရဲကောင်းလို့

အကြောင်းပြလို့လည်း ကောင်းသေး

ကွန်မြူနစ်ဆန့်ကျင်ရေး ဆိုင်းဘုတ်နဲ့

ဝိုင်းအုပ် ၀ိုင်းတုတ်လိုက်ကြတာ

အလုပ်ကိုဖြစ်လို့၊

တကယ့် မျိုးချစ်ပုဂ္ဂိုလ်တွေ ပါလားနော်။

(၇)

ဒီလူတွေနဲ့ ငြိမ်းချမ်းရေး

ဘယ့်နှယ်လုပ် ဆွေးနွေးကြမလဲ

ငြိမ်းချမ်းရေး အသံကြားရင်

နားဝမှာ ခါးနေတဲ့လူတွေ

စစ်ရှိမှ ကြီးပွား

စစ်နဲ့ပဲ လုပ်စားနေကြတာ

စစ်အား မကောင်းရင်

ဂျစ်ကားတောင် မောင်းနိုင်မှာ မဟုတ်ဘူး။

စစ်အလုပ် ကင်းဝေးမဲ့

ငြိမ်းချမ်းရေး ကိစ္စကိုများ

တရားသဘောနဲ့

အလကား ဟောမနေနဲ့

မောရုံသာ အဖတ်တင်မယ်

“၀တ္တုနိပါတ် ပိဋကတ်”ကို

လျှာပြတ်အောင် ဟောသော်လည်း

ဟောရင်းသာ ပျံတော်မူရမယ်

“ဆန်ဖြူဖြူတခွက်မျှ ထွက်နိုင်ပုံမရ” ဆိုတဲ့၊

ဦးပုညဖွဲ့တဲ့ လူစားမျိုးပါတကား။

(၈)

ဒီလိုနဲ့ပဲ

ဒို့လူထုမှာတော့

ပူမှုတွေဖုံး

အပူလုံးတွေကြွ ယူကျုံးမရ

ပြည်တွင်းစစ်ဒုက္ခနဲ့

ပြေးရ လွှားရ ပုန်းရ အောင်းရ

ဘ၀တွေ ပျက်ခဲ့ပြီ။

လက်နက်တွေ ဒလကြမ်းနဲ့မို့

အမျိုးသားပန်းမှ ပွင့်နိုင်ပါဦးမလား။

တနိုင်ငံလုံး ပြာပုံပေါက်

တည်ဆောက်လို့မှ ရနိုင်ပါဦးမလား။

စစ်မီးတွေ တလောင်တည်းလောင်

ပစ္စည်းတွေလည်း ပြောင်ခဲ့ပြီလေ

ပြောင်ခဲ့ပြီလေ။

(၉)

ဒီလို ဒီလိုနဲ့

ဒီမိုကရေစီ ပြုတ်ကျ

စစ်ဗိုလ်ကြီးတွေ တန်ခိုးထတဲ့

မဆလတွေ မင်းမူခဲ့

တိုင်းပြည်ရဲ့ရန်သူဟာ ဗကပလို့

တဖွဖွ စွပ်စွဲရင်း

ဖွတ်မွဲစာရင်း တို့တတွေ ရောက်ကုန်ပြီ၊

မှိုလိုပေါက်လာတဲ့ မဆလဗဟိုကော်မတီ

ဘာကောင်စီ ညာကောင်စီ

အလံနီ အလံဖြူ လက်နက်ချနဲ့

မဆလ စစ်ဗိုလ်ကြီးတွေဟာ

တသီးတသန့် အခန့်စားစံရာ

ပါရမီ ငွေကြာရံ

ရန်ကင်း ကမ္ဗောဇ ဗိုလ်ချုပ်ရွာတွေမှာ

တိုက်တာကြီးတွေ ဟိန်းထ

ပစ္စည်းတွေက သိန်းမက

ဘိန်းချသလား အောက်မေ့လောက်အောင်

ဆိုရှယ်လစ်နိဗ္ဗာန် အရောက်ချီတက်ခဲ့ကြတယ်။

ကွန်မြူနစ် ဆိုရှယ်လစ် ကျေးဇူးတွေနဲ့

စားဦး စားဖျားတွေ ဝေစားခဲ့ကြတယ်။

မဆလက မွေးဖွားတဲ့ လူတန်းစားတရပ်

မားမားမတ်မတ် ပေါ်ပေါက်ခဲ့တယ်

အခွင့်အရေးမှန်သမျှ လက်ကုန်နှိုက်

အရက်တငုံ ကျိုက်ပြီး လွှတ်တော်ဝင်

မဆလလမ်းစဉ် အောင်ရမယ်လို့

မယုံကြည်ဘဲ ကြွေးကြော်ပြီး

အရေးပေါ် ဆိုရှယ်လစ်တွေက

စခန်းသစ် ဖွင့်ခဲ့ကြတယ်။

မြန်မာ့ဆိုရှယ်လစ်တခေတ်

ထူထောင်ပုံတွေလေ။

(၁၀)

ခုအခါ လူထုကနာပြီမို့

တပါတီစနစ် ဖြုတ်ချ၊ ဒီမိုကရေစီ အများဆန္ဒနဲ့

အစိုးရဖွဲ့ရေး လူထုက ဟစ်ကြွေးတော့

ဆူပူရေးသမား ဗကပများ တဲ့။

လုပ်စားနေတဲ့ လူကြီးများက

ရှေးနည်းအတိုင်း တံဆိပ်တပ်ပြီး

လူထုလုပ်ရပ် သေးသိမ်အောင်

ကလိမ်စေ့ငြမ်းဆင် နေပြန်ပြီ။

ပြည်ထောင်စု ပြိုကွဲပြီး

ဖရိုဖရဲ မဖြစ်အောင်တဲ့။

မျိုးချစ်စိတ်ဓါတ် တခွဲသားနဲ့

စကားကို တရားလုပ်

လွှင့်ထုတ်နေကျ ဓါတ်ပြားဟောင်းအတိုင်း

အပ်သွားကြောင်းထပ်ပြီး

အဓမ္မပါးစပ်နဲ့

ကျားကျား မီးယပ်လုပ်ကြပြန်ပြီ။

ကျောင်းသားနဲ့ ပြည်သူ

ဆူပူအောင်လုပ်တာ ဗကပ လို့တမျိုး

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွင်း

ကွန်မြူနစ်တွေ စီးနင်းလေဟန်

သတင်းတွေ ချဲ့ကား

အတင်းလိမ်လည် လှည့်စားလို့တမျိုး

မဟားဒယား ကြံစည်ပြီး

ဒီမိုကရေစီကို ဟန့်တားနေပြန်ပြီ။

(၁၁)

ခုတော့

သမိုင်းကသိ လူကမိပြီ

လူကြီးမင်းတို့ လက်ရာ

ညာလို့ မရတော့ဘူး

နိုးကြားတဲ့ ပြည်သူတွေမို့

အထူ အပိန်းတွေ မထင်ကြနဲ့တော့

ပါးစပ်ဟ လိုက်တိုင်း

အူမကို အတိုင်းသားပါပဲ။

လူကြီးမင်းတို့ ဖော်နည်းကားတွေ

ခေတ်မစားတော့ဘူး

ခေတ်နောက်ကျ သွားပါပြီ။

“ပြည်သူတွေဟာ ဗကပ မဟုတ်”

ဗကပ နဲ့လှန့်တိုင်း

လန့်လိမ့်မည်မဟုတ်။

နိုင်ငံရေး အခြေအနေ

ရေ-မြေ-လေ-မီး ဓါတ်ကြီးလေးပါးကို

ပိုင်းခြားလို့ သိနေပြီ။

ကွန်မြူနစ်ဆန့်ကျင်ရေး လက်သုံးဓားနဲ့

တသက်လုံး လုပ်စားဖို့ကြံရင်

ပန်လန်လက်

ပက်လက်လန် မည်သာမှတ်ပေရော့။

ပါးစပ်က ဘုရား ဘုရား

လက်က ကားယားကားယားနဲ့

စားဖား လူကြီးမင်းများ ခင်ဗျား။                      ။

တင်မိုး

ဆရာကြီး တင်မိုး ၏ ကဗျာ အဟောင်း၊ အသစ်များ စုစည်းမှု စာအုပ် ဗုဒ္ဓနှင့်တွေ့ဆုံခြင်း နှင့် အခြားကဗျာများ၊ လမင်းတရာစာပေ၊ သြဂုတ် ၁၅၊ ၂၀၀၀ ကနေ ကူးယူဖော်ပြပါသည်။  အခုအချိန်ထိ ကွန်မြူနစ်တံဆိပ်ကပ် ဖြိုခွင်းဖို့ ဟန်ရေးပြင်နေတဲ့ လူကြီးဆိုသူများ ဖတ်သိနားလည်ရန်ပါ။  ကျောင်းသားလေးတွေ နောက်မှာ ကွန်မြူနစ်တော့ မရှိ၊ လူထုတရပ်လုံး ရှိကြောင်း သိစေအပ်ပါသည်။

—-

 

ခေါင်းစီးဓာတ်ပုံ –  သမီး မိုးချိုသင်း လူမှုကွန်ရက် စာမျက်နှာ ကနေ ယူပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “တင်မိုး – ကွန်မြူနစ်ဆန့်ကျင်ရေး လူကြီးမင်းများ
  1. The successive dictators, from General Ne Win down to “Senior” General Saw Maung, “Senior” General Than Shwe, and General Thein Sein accused those they disliked of being Communist lackeys, while they themselves were lackeys of Chinese Communists.

Comments are closed.