သူတို့အာဘော်

ဇင်လင်း = “ရီးစ်ဝီလျံကော်မရှင်” ̏ ပင်လုံညီလာခံ˝ နဲ့ “ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေး”

ဇင်လင်း = “ရီးစ်ဝီလျံကော်မရှင်”  ̏ ပင်လုံညီလာခံ˝ နဲ့ “ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေး”
(မိုးမခ) ဖေဖော်ဝါရီ ၉ ၊ ၂၀၁၅
ဖေဖေါ်ဝါရီလဟာ မြန်မာနိုင်ငံသမိုင်းရဲ့ ထူးခြားတဲ့ လ ဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲ။ ဖေဖေါ်ဝါရီ(၇)ရက်ဟာ  ရှမ်းအမျိုးသားနေ့ဖြစ်ပါတယ်။ ဖေဖေါ်ဝါရီ (၁၂)ဟာ ပြည်ထောင်စုနေ့ဖြစ်တာကိုတော့ အများစု သိကြပြီးဖြစ်ပါတယ်။ ပင်လုံစိတ်ဓါတ် သန္ဓေတည်ခဲ့တဲ့ ပြည်ထောင်စုနေ့ဖြစ်တယ်ဆိုတာကိုတော့ လူငယ်မျိုးဆက်များသိသူရှိသလို မသိသူတွေ လည်း ရှိနေနိုင်ပါတယ်။ ဒိအပြင် ဖေဖေါ်ဝါရီ (၁၃) က အမျိုးသားခေါင်းဆောင် လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ ကျရောက်ပြန်ပါတယ်။ ဖေဖေါ်ဝါရီ (၂ဝ) ကတော့ ချင်းအမျိုးသားနေ့ဖြစ်ပါတယ်။ တခါ မွန်အမျိုးသားနေ့က တပို့တွဲလပြည့်ကျော် (၁)ရက်ဖြစ်လေတော့၊ ဒီနှစ် ဖေဖေါ်ဝါရီ (၄) ရက်နေ့မှာကျရောက်ပါတယ်။ ဒါကြောင့် ဖေဖေါ်ဝါရီဟာ   “ပင်လုံစာချုပ်” ဖြစ်ပေါ် လာစေဖို့ အထောက်အပံ့ပြုခဲ့တဲ့ အမျိုးသားရေးလက္ခဏာများရဲ့ ဆုံချက် လ လို့ဆိုနိုင်ပါတယ်။ ပြည်ထောင်စုအငွေ့အသက်တို့ ထုံမွှမ်းသော လရာသီလို့လည်း ပြောနိုင်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်ကြီးများဟာ ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့၊ ရှမ်းပြည်နယ် ပင်လုံမြို့မှာ တွေ့ဆုံညှိနှိုင်းခဲ့ကြတယ်။ ရလဒ်ကတော့ မြန်မာတနိုင်ငံလုံး ပြည်နယ်ပြည်မ မခွဲခြားဘဲ၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အစရှိတဲ့ ကဏ္ဍအသီးသီးမှာ တန်းတူညီမျှခွင့်နဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပါအ၀င် ဒီမိုကရေစီ ပိုင်ခွင့်များကို အပြည့်အ၀ အာမခံမယ့် ပြည်ထောင်စုတခုထူထောင်ဖို့ သဘောတူခဲ့ကြခြင်းပါပဲ။  အဲဒီသဘောတူညီမှုအရ သမိုင်းဝင်ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတာ အခုဆိုလျှင် (၆၈) နှစ်ရှိခဲ့ပါပြီ။
၁၉၄၇ ဖေဖေါ်ဝါရီလ(၁၂)မှာ ပြုလုပ်ခဲ့ ̏ ပင်လုံညီလာခံ˝ နဲ့“ပင်လုံသဘောတူညီချက်”ကို အခြေပြုပြီး၊ တိုင်းရင်းသား ခေါင်းဆောင်ကြီးများ လွတ်လပ်ရေးကို အရယူခဲ့ကြတဲ့ အချက်ကိုလည်း နှောင်းလူတို့ မမေ့သင့်ဘူး။ ပင်လုံစာချုပ်ရဲ့ ရည်ရွယ်ချက်က ပြည်ထောင်စုဖွား တိုင်းရင်းသား ပြည်သူခပ်သိမ်း လွတ်လပ်စွာ ယုံကြည်ခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ အသက်မွေးဝမ်းကျောင်းခွင့်၊ လွတ်လပ်စွာ တွေးတောကြံဆခွင့်၊ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်၊ လွတ်လပ်စွာ စည်းရုံးခွင့်၊ လွတ်လပ်စွာ စည်းဝေးခွင့်၊ တရားမဲ့ဖမ်းဆီး ချုပ်နှောင်မှုများမှ ကင်းလွတ်ခွင့်၊ တန်းတူအခွင့်အရေး ရပိုင်ခွင့်၊ တန်းတူ အလုပ် လုပ်ပိုင်ခွင့်၊ တရားဥပဒေ၏ အကာအကွယ်ပေးမှုကို တပြေးညီ ရပိုင်ခွင့်၊ အစရှိတဲ့ ဒီမိုကရေစီအခွင့်အရေးတွေ ကို တန်းတူညီမျှ ခံစား နိုင်ကြဖို့ဖြစ်တယ်။
ဒါပေမယ့် ပင်လုံစာချုပ် အရ သဘောတူထားခဲ့တဲ့ တိုင်းရင်းသားဒေသ “ကိုယ်ပိုင်အုပ်ချုပ်ခွင့်” ဆိုတာ ယနေ့အချိန်အထိ အကောင်အထည် မပေါ်သေးတာ ၀မ်းနည်းဖွယ်ရာတွေ့ရတယ်။ ပင်လုံ အနှစ်သာရ သဘောကို အစိုးရအဆက်ဆက် အသိ အမှတ် မပြုရုံမက၊ သမိုင်းစာမျက်နှာပေါ်က ပျောက်ကွယ်သွားအောင် နည်းမျိုးစုံနဲ့လုပ်နေကြတယ်။  နောင်လာ နောက်သား မျိုးဆက်သစ်များဆီ  ̏ ပင်လုံစိတ်ဓါတ်˝ ကူးစက်သက်ဝင်မှု မရှိအောင် လုပ်နေသလားလို့ခံစားရတယ်။ ပင်လုံ သဘောတူ ညီချက်ကို အကောင်အထည်မဖေါ်နိုင်ခဲ့တဲ့ အကျိုးဆက်က ယနေ့ထိ ပြည်တွင်းစစ်မီး မငြိမ်းနိုင် ဖြစ်နေပြီး၊ ဒေသအတွင်း ဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံ ဖြစ်နေရခြင်းပါပဲ။
မကြာသေးခင်က အထိ တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်ပြီး KIO ဌာနချုပ်ကို ခြိမ်းခြောက်နိုင်တဲ့အထိ အစိုးရတပ်က ရှေ့တိုး ထိန်းချုပ်ထားလိုက်တာဟာ အကျပ်ကိုင် စကားပြောဖို့ လုပ်တဲ့သဘောလို့ KIO ဘက်က ထင်မြင်နေတယ်။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်နဲ့ ကားမိုင်းမြို့နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နဲ့ အစိုးရ စစ်တပ်တို့ အကြား ဇန်နဝါရီလ ထဲမှာ တိုက်ပွဲ ပြန်လည် ပြင်းထန်လာတာတွေ့ရတယ်။ ဇန်နဝါရီလ ၁၄ ရက်က ကချင်ပြည်နယ် အစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးကမန်းဒူနော် နဲ့အတူ လိုက်ပါလာခဲ့တဲ့ လုံခြုံရေးတပ်ဖွဲ့ (၃)ဦးကို KIA တပ်ရင်း ၆ တပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီးနောက် ဇန်နဝါရီလ (၁၅) ရက် မှာ အစိုးရတပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ဒီအပြင် ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း မှာလည်း ဖေဖော်ဝါရီ (၁)ရက်နေ့က တအာင်းတပ်မတော် TNLA နှင့် အစိုးရတပ်တို့ တိုက်ပွဲ ဖြစ်ပွါးခဲ့ကြောင်း၊ ဖေဖော်ဝါရီလ ၂ ရက် ယနေ့မှာလည်း မိုးကုတ်မြို့နယ် ရွှေညောင်ပင်ကျေးရွာအနီး တအာင်းတပ်မတော် တပ်မဟာ (၂) လက်အောက်ခံ တပ်ရင်း (၇၁၇) နှင့် မိုးမိတ်အခြေစိုက် အစိုးရတပ်ဖွဲ့တို့ ရင်ဆိုင် တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း၊ မီဒီယာသတင်းတွေ အရ ကြားသိနေရပါတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့အချိန်မှာကိုပဲ ရှေ့တန်းမှာ တိုက်ပွဲ ဖြစ်နေတယ်ဆိုတဲ့ အခြေအနေဖြစ်ပါတယ်။ ခြုံငုံသုံးသပ်ရရင် အစိုးရဘက်က ငြိမ်းချမ်းရေးစကားပြောနေစဉ်မှာ စစ်ရေးလှုပ်ရှားမှုတွေ မလုပ်သင့်ဘူး။ တိုင်းရင်းသားပြဿနာတွေကို စစ်ရေးအရ ဖြေရှင်းလို့ ဘယ်နည်းနဲ့မှ အဖြေ မထွက်နိုင်ဘူး။  နှစ်ဘက်စလုံးက သေကြကြေကြတာတွေလည်း ကိုယ့် သွေးချင်းညီနောင်တွေပဲ။ စစ်ပွဲမှာ နှစ်ဘက်ကုန်ကျစရိတ်တွေ ကလည်း အချည်းနှီးဖြုန်းတီးမှုတွေပဲ။ ဆေးရုံတွေ ကျောင်းတွေဆောက်ရမယ့်အစား လက်နက်ကျည်ဆံဝယ်ပြီး ဖြုန်းလိုက် တာပဲ။ တိုင်းပြည် ဆင်းရဲမွဲတေပြီး ကြွေးတွေ မတန်တဆ တင်တာပဲ အဖတ်တင်ကျန်ရစ်တယ်။ ဒီ စစ်ဒဏ်ကို လူထုက ခါးစည်းခံရတယ်။ ပြီးတော့ ဒီစစ်စရိတ်အကြွေးတွေကို လူထုကိုပဲ ဆပ်ခိုင်းတယ်ဆိုတော့ ဘယ်လောက် တရားမဲ့ ဆင်ခြင်ဥာဏ်မဲ့ လုပ်ကြသလဲ လို့ ပြောစရာ ဖြစ်နေတယ်။
နိုင်ငံတကာ အ၀န်းအ၀ိုင်းကတော့ ဆွေးနွေးပွဲသတင်းအပေါ် အတော်လေး အကောင်းမြင်ကြပါတယ်။ ဒါပေမယ့် ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုသလို ပင်လုံသဘောတူချက်ကိစ္စကို မသိကျိုးကျွံလုပ်ပြီး မျက်ကွယ်ပြုနေရင်၊ အမယ်ဘုတ်ကယ် သူ့ချည်ခင်ဆိုသလို ရှင်းလေ ရှုပ်လေ ဖြစ်လိမ့်မယ်။ အစိုးရက “အပစ်ရပ်၊ ပါတီထောင်၊ ရွေးကောက်ပွဲဝင်၊ လွှတ်တော်ထဲကျမှ တန်းတူရေး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရေး ဆွေးနွေးဖို့ တောင်းဖို့”ပြောနေတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ စည်းဝိုင်းထဲဝင်ပါလို့ ပြောနေတယ်။ ဒါပေမယ့် ကချင် လွတ်မြောက်ရေးအဖွဲ့က ၁၉၄၇ ပင်လုံစာချုပ်ပါ နိုင်ငံရေး သဘောတူညီချက်အရ ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဆွေးနွေးဖို့ တစိုက်မတ်မတ် တင်ပြနေတယ်။ ၂၀၀၈ အခြေခံဖွဲ့စည်းပုံဘောင် ထဲမှာ ဆွေးနွေးလိုတဲ့ သဘောမရှိတာ တွေ့ရတယ်။
ကုန်လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွင်းမှာ နိုင်ငံရေးပါတီတွေဆီက အကျယ်လောင်းဆုံး ထွက်ပေါ်လာနေတဲ့ အသံက တော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပြန်လည် သုံးသပ်ပြင်ဆင်ရေး ဖြစ်ပါတယ်။ တိုင်းရင်းသားအင်အားစုတွေ ဆီကတော့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး၊ ပင်လုံကတိက၀တ် ဖေါ်ဆောင်ရေးဆိုတဲ့ အသံတွေ ဆက်တိုက်ကြားခဲ့ရပါတယ်။ တိုင်းရင်းသားတို့ရဲ့ အသံ သို့မဟုတ် လိုလားတောင်းဆိုချက်တွေထဲမှာ အမျိုးသားတန်းတူညီမျှရေး၊ တိုင်းရင်းသားနယ်မြေတွေ ကိုယ်တိုင် အုပ်ချုပ်ခွင့်ရရှိရေး၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရရှိရေး၊ စစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး အစရှိသဖြင့် လိုလားတောင်းဆိုနေကြပါတယ်။ တကယ်တော့ တိုင်းရင်းသားတွေ တောင်းဆိုနေတဲ့ အချက်တွေကလည်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေပြန်လည်ပြင်ဆင်ရေးပဲ ဖြစ်ပါတယ်။ နိုင်ငံရေး စီးပွားရေး လူမှုရေး ဥပဒေ အကာကွယ်တန်းတူရရှိရေး ဆိုတဲ့ သဘောပါပဲ။
ဒါပေမယ့် စဉ်းစားစရာ အချက်တခုကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြန်လည်ပြင်ဆင်ရေး ဆွေးနွေးကြတဲ့အခါ၊ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံထဲက ဒီမိုကရေစီသဘောနဲ့ တိုက်ရိုက်ဆန့်ကျင်နေတဲ့ ကိစ္စတချို့လောက်ကိုပဲ ပြင်ကြမှာလား၊ ဖက်ဒရယ် ပြည်ထောင်စုဖြစ်ပေါ်လာစေမယ့် ဦးတည်ချက်နဲ့ ဖွဲ့စည်းပုံအသစ်ရေးကြမှာလား၊ ဆိုတဲ့ ပြဿနာကို မလွဲမသွေတွေ့ကြရဖို့ ရှိပါတယ်။ ဒီ ပြဿနာက ၁၉၄၈ လွတ်လပ်ရပြီးကတည်းက အနာဟောင်းအနာဆွေးလည်း ဖြစ်နေပါတယ်။ လွတ်လပ်ရေး ရပြီးချိန်က စပြီး မြန်မာနိုင်ငံ ပြည်တွင်းစစ်မီး တောက်လျောက်လောင်ခဲ့တာ၊ နိုင်ငံရေး စစ်ရေး ပဋိပက္ခတွေ အတောမသတ်နိုင် ဖြစ်ပေါ်ခဲ့ရတာဟာ၊ အစိုးရ အဆက်အဆက် ပင်လုံ ကတိကဝတ်ကို လစ်လျုရှုထားခဲ့တာကြောင့်လို့ တိုင်းရင်းသားတွေက စွပ်စွဲပါတယ်။ အခု နောက်ဆုံးရေးဆွဲတဲ့၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာလည်း ပြည်နယ်တွေနဲ့ အာဏာခွဲဝေရာမှာ  ညီမျှမှု မရှိတာကြောင့်ဖြစ်တယ်လို့ ယေဘုယျ ကောက်ချက်ချကြတာတွေ့နိုင်ပါတယ်။
ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး တောင်းဆိုနေတဲ့ကိစ္စက၊ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဗမာအမျိုးသား ခေါင်းဆောင်တွေ (အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်း) တို့ အကြား ကတိပြုထားခဲ့တဲ့ သမိုင်းကြောင်း ရှိထားတဲ့ အတွက်  တိုင်းရင်းသားတွေက မြန်မာပြည်ကို ဖက်ဒရယ် ပြည်ထောင်စုအဖြစ် ပြန်လည်ဖွဲ့စည်းရေး တောင်းဆိုနေကြတာဖြစ်ပါတယ်။
ဒီနေရာမှာ ပင်လုံစာချုပ်နဲ့ ပတ်သက်လို့ အင်္ဂလိပ်တို့ကတောင် အတော်အံ့အားသင့်ခဲ့ကြတဲ့အချက်ကိုလည်း ဒီကနေ့ မြန်မာ ခေါင်းဆောင်တွေ မေ့မေ့လျော့လျော့ မဖြစ်သင့်ဘူးထင်ပါတယ်။ ဒီတုံးက တိုင်းရင်းသားခေါင်းဆောင်တွေသာ လက်မှတ်မထိုးခဲ့ ရင် တောင်ပေါ်နဲ့ မြေပြန့်ဟာ ကွဲသွားနိုင်ပါတယ်။ တောင်တန်းနဲ့ပြည်မ ပင်လုံစာချုပ်အရ ပူးပေါင်းပြီး လွတ်လပ်ရေး ယူချင် တာဟာ တိုင်းရင်းသားတွေရဲ့ ဆန္ဒသဘောထားအမှန် ဟုတ်မဟုတ် ဗြိတိသျှအစိုးရက စုံစမ်းရေးကော်မရှင်ဖွဲ့ပြီးတောင် စုံစမ်း ခဲ့ရတဲ့ကိစ္စ ဖြစ်ပါတယ်။ မြန်မာသမိုင်းကို ပြန်ကြည့်ရင် “ရီးစ်ဝီလျံကော်မရှင်” (Rees-Williams Commission) ဆိုတာ တွေ့နိုင် ပါတယ်။  ဒီကော်မရှင်က  ဗမာတွေနဲ့အတူ လွတ်လပ်ရေး ယူချင်တာ တိုင်းရင်းသားတွေရဲ့ ဆန္ဒသဘောထားအမှန် ဟုတ်မဟုတ် စုံစမ်းဖို့ပါပဲ။ ကော်မရှင် ဥက္ကဋ္ဌက ဗြိတိသျှလေဘာပါတီ ပါလီမန်အမတ် Lt.Col.David Rees-Williams ဖြစ်ပါတယ်။သူ့နာမည် ကို အစွဲပြုပြီး သမိုင်းမှာ “ရီးစ်ဝီလျံကော်မရှင်” လို့ခေါ်ဆိုခဲ့တာဖြစ်ပါတယ်။
၁၉၄၇ ခုနှစ် မတ်လ(၇)ရက်နေ့မှာ ရီးစ်ဝီလျံ ကော်မရှင် မြန်မာပြည်ကို ရောက်ပါတယ်။ ကော်မရှင်မှာ အင်္ဂလိပ်အရာရှိတွေ အပြင် မြန်မာတို့ဘက်က ဗိုလ်ခင်မောင်ကလေး၊ ဦးတင်ထွဋ်၊ သခင်နုတို့ပါဝင်ပြီး၊ တိုင်းရင်းသားတွေဘက်က ကိုယ်စားလှယ် အဖြစ် စောစံကေး၊ စောမြင့်သိန်း၊ မိုင်းပွန်စော်ဘွား စ၀်စံထွန်း၊ ဆမားဒူးဝါး ဆင်ဝါးနောင်၊ ဦးဝမ်ကိုဟော တို့ပါဝင်ကြပါတယ်။ ကော်မရှင်ရဲ့ တရားဝင်အမည်က Frontier Areas Committee of Inquiry ဖြစ်ပါတယ်။ ကော်မရှင်ဟာ ကချင်၊ကယား၊ ကရင်၊ ချင်း၊ ရခိုင် နဲ့ ရှမ်းပြည်နယ်တွေအနှန့် မိုင်ပေါင်း (၂၀၀၀)လောက် ခရီးဆန့်ပြီး၊ တိုင်းရင်းသားအဖွဲ့အစည်းပေါင်းစုံ၊ လူပုဂ္ဂိုလ် ပေါင်းစုံနဲ့ တွေ့ဆုံမေးမြန်းစုံစမ်းခဲ့တယ်။ ၁၉၄၇ ဧပြီ(၂၃)မှာ အစီရင်ခံစာထွက်လာတယ်။ ဗမာတွေနဲ့အတူ ပူးတွဲပြီး လွတ်လပ်ရေး ယူချင်တာဟာ တိုင်းရင်းသားတွေရဲ့ ဆန္ဒ သဘောထားအမှန်ဖြစ်တယ်လို့ ကော်မရှင်ကဖေါ်ပြခဲ့တယ်။ ၁၉၄၇ မေလ (၂) မှာ ဗြိတိသျှအစိုးရက အစီရင်ခံစာကို အတည်ပြုခဲ့တယ်။
ဆိုလိုတာက “ရီးစ်ဝီလျံကော်မရှင်” အစီရင်ခံချက်အရ ဗြိတိသျှအစိုးရကလည်း ပင်လုံစာချုပ်ကို အသိအမှတ်ပြုခဲ့တာ သမိုင်းမှာ တွေ့နိုင်တယ်။ ဒီတော့ ပင်လုံစာချုပ်ပါ ကတိက၀တ် တွေနဲ့ပတ်သက်လို့ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘူးလို့ ထင်ပါတယ်။ ဒီအချက်ကြောင့်လည်း KIO က နောင်လာမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ နိုင်ငံတကာ သက်သေအဖြစ် ဗြိတိသျှ ကိုယ်စားလှယ်ကိုလည်း ထည့်ချင်တာ ဖြစ်ပုံရပါတယ်။
ဒါကြောင့်လည်း အခု တိုင်းရင်းသားအင်အားစုက တင်ပြလာတဲ့ ဆွေးနွေးမှုရလဒ် (၁၁)ချက်ထဲမှာ အုပ်ချုပ်ရေးဆိုင်ရာ အာဏာ ခွဲဝေကျင့်သုံးရေး၊ စီးပွားရေးဆိုင်ရာ အာဏာ ခွဲဝေကျင့်သုံးရေး၊ဆိုတဲ့ အချက်တွေ ပါဝင်လာတာဖြစ်ပါတယ်။ ဒါအပြင် ဥပဒေပြုပြင်ရေးဆိုင်ရာကိစ္စရပ်များ၊ ယဉ်ကျေးမှုနှင့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များ၊ မြေယာပြုပြင် ရေး ဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ရေးရာ ကိစ္စရပ်များ၊ အကြီးစား စီးပွားရေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ၊ အစရှိတဲ့ ကဏ္ဍတွေလည်း ပါဝင်လာတာဖြစ်ပါတယ်။ တကယ်တော့ ဒီ ပြဿနာအားလုံးရဲ့ အရင်းခံက “ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေး” Self-determination လို့ ဆိုတဲ့၊ ပင်လုံညီလာခံ၊ ပင်လုံသဘောတူစာချုပ်က အစပျိုးခဲ့တဲ့ နိုင်ငံရေးမူလ အရင်းခံဆီ ပြန်ရောက်သွားတာပါပဲ။
အစိုးရဘက်က ငြိမ်းချမ်းရေးရရှိဖို့လုပ်ဆောင်ရာမှာ စိတ်စေတနာ ပြည့်ပြည့်၀၀ရှိရဲ့လားလို့ မေးရတာကလည်း စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ကိစ္စကို လက်ခံဆွေးနွေးလိုပုံ မရတာကြောင့် ဖြစ်ပါတယ်။ “ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေး” ဆိုတာဟာ ဖက်ဒရယ်သဘောတရားထဲက အချက်အလက် တစိတ်တဒေသဖြစ်ပါတယ်။
အစိုးရဘက်က ငြိမ်းချမ်းရေးရရှိဖို့လုပ်ဆောင်ရာမှာ ရိုးသားဖြောင့်မတ်မှု အခြေခံနဲ့ လုပ်ဆောင်နိုင်တဲ့ အနေအထား ရှိရဲ့လားလို့မေးရတာကတော့ အပစ်ရပ်စာချုပ်တွေ အဆင့်ဆင့် လက်မှတ်ရေးထိုးထားပါလျှက်နဲ့၊ အစိုးရတပ်ကချည့် တိုင်းရင်းသားတပ်တွေကို စတင်တိုက်ခိုက်မှုတွေကြောင့် မေးခွန်းထုတ်ရတာဖြစ်ပါတယ်။တိုက်ပွဲတွေက တိုင်းရင်းသား ပိုင်နက်နယ်မြေတွေထဲမှာ ဖြစ်တာကြောင့် တိုင်းရင်းသားက ကျူးကျော်တိုက်ခိုက်တာ သို့မဟုတ် တိုင်းရင်းသားက လွန်ကျူးတာကြောင့်လို့ ပြောလို့မရပါဘူး။ လက်ငင်းဖြစ်ပေါ်နေတဲ့ အခြေခံတွေအရ ပြန်ဆန်းစစ်ရင်၊ တိုင်းရင်းသား ဒေသတွေမှာ သယံဇာတပေါကြွယ်ဝနေတာလည်း အကြောင်းတခုပါပဲ။ ဒီ သယံဇာတတွေကို တိုင်းရင်းသားညီအစ်ကို မောင်နှမတွေနဲ့ မျှမျှတတ ဝေငှ မသုံးစွဲလိုပဲ အစိုးရနဲ့ စစ်တပ်ကချည့် လက်ဝါကြီးအုပ် ထုတ်ယူသုံးစွဲနေတာလည်း နောက်ထက် မရိုးသားမှုတခုပါပဲ။
ဒီတော့ ငြိမ်းချမ်းရေးကို တကယ်လိုချင်ရင် တကယ်ရိုးသားဖို့လိုပါတယ်။ သယံဇာတလက်ဝါးကြီးအုပ်ရယူလိုတဲ့ လောဘကို ချိုးနှိမ်ဖို့လိုပါတယ်။ တကယ်ငြိမ်းချမ်းရေးရရှိဖို့ ကိစ္စရဲ့ အရင်းခံပြဿနာက ဒီမိုကရေစီလူ့ဘောင်      အင်္ဂါရပ်နဲ့ ပြည့်စုံတဲ့ ပြည်ထောင်စုနိုင်ငံတော်တခု ပေါ်ထွန်းအောင် ၀ိုင်းဝန်း လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီကနေ့ တိုင်းပြည်နဲ့ အ၀ှမ်း ဒီမိုကရေစီ အင်္ဂါရပ်နဲ့ဆီလျော်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ရေးကို ပြင်းပြင်းပြပြ တောင်းဆိုနေကြတာကို အစိုးရအဖွဲ့နဲ့တကွ စစ်ဖက်ခေါင်းဆောင်များ အလေးထား ရှုမြင်ကြဖို့လိုပါ တယ်။
ဒီ လိုပြောလို့ စစ်တပ်ရဲ့အခန်းကဏ္ဍကို ပစ်ပယ်လိုတဲ့သဘော ဆိုလိုတာမဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ ဂုဏ်သိက္ခာရှိတဲ့ စစ်တပ်အမျိုးအစား၊ ပြည်သူလူထုချစ်ခင်လေးစားတဲ့ တပ်မတော်အမျိုးအစားဖြစ်စေလိုတဲ့ စေတနာအရ သုံးသပ်ပြောဆိုတာဖြစ်ပါတယ်။ စစ်တပ်ဟာ နိုင်ငံတော် ကာကွယ်ရေးကိစ္စရပ်တွေကို အဓိက တာဝန်ယူ နိုင်တဲ့ ယန္တရားကြီး တခုအနေနဲ့သာ ရပ်တည်သင့်ပါတယ်။ စီးပွားရေးလုပ်တဲ့ စစ်တပ်အမျိုးအစားကို ဘယ် ဒီမိုကရေစီ နိုင်ငံမှာမှ မတွေ့ရပါဘူး။
မြန်မာနိုင်ငံမှာ တကယ်ပဲ ငြိမ်းချမ်းလိုတယ်။ စစ်ပွဲက သေနတ်သံတွေ ဆိတ်သုဉ်းစေလိုတယ်ဆိုရင်၊ နိုင်ငံရေးနဲ့ စီးပွားရေးမှာ တပ်မတော် ပါဝင်ပတ်သက်မှု ကင်းရှင်းဖို့လိုပါတယ်။ တပ်က တပ်နေရာမှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည် စေချင်ပါတယ်။ “တိုင်းပြည်သည် တပ်မတော်အတွက် မဟုတ်၊ တပ်မတော်သည် တိုင်းပြည်အတွက် ဖြစ်သည်”…ဆိုတဲ့  ဗိုလ်ချုပ်အောင်းဆန်းရဲ့ အမှာစကားကို ယနေ့တပ်မတော်ကို ဦးဆောင်နေသူများ မပစ်ပယ်သင့်ပါ။  နိုင်ငံတကာအဆင့်မှီတဲ့ ကာကွယ်ရေးစွမ်းရည်တွေ ပိုင်ဆိုင်စေဖို့ လေ့ကျင့်စွမ်းဆောင်နေတဲ့ တပ်မတော်နေရာမှာ ရှိစေချင်ပါတယ်။
နိုင်ငံရေးပြဿနာတွေကို အရပ်သားအစိုးရက နိုင်ငံရေးနည်းနာတွေနဲ့ဖြေရှင်း မယ်ဆိုရင် တိုင်းပြည် ငြိမ်းချမ်းရေးမရစရာ မရှိပါ။ ဒီနေ့ မြန်မာနိုင်ငံ မငြိမ်းချမ်းတာက သယံဇာတကျိန်စာသင့် တာလည်း ပါဝင်နေပါတယ်။ သယံဇာတနယ်မြေတွေကို ပိုင်စိုးလိုမှုနဲ့ စစ်အင်အားတိုးချဲ့၊ တိုင်းရင်းသားဒေသတွေကို သေနတ်မိုး တပ်စွဲ အုပ်ချုပ်၊ “ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်”ကို ငြင်းပယ်…စသဖြင့် လုပ်နေတဲ့ လုပ်ရပ်တွေက ထင်သာမြင်သာ ဖြစ်နေပါတယ်။ ဒီလို သဘောထားလမ်းစဉ်နဲ့ လုပ်ရပ်တွေကို မရပ်စဲနိုင်သမျှ၊ နိုင်ငံရေး စီးပွားရေး ကဏ္ဍတွေမှာ နိုင်ငံသားတွေကို ခွင့်တူညီမျှမှု မပေးသမျှ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်နေရင်းက၊ စစ်ပွဲတွေ အဓွန့်ရှည်နေဦးမှာ ပါပဲ။ စစ်အင်အားကြီးသူက စစ်အင်အားနည်းသူကို စစ်ရေးနဲ့ ချောင်ပိတ်ဖိအားပေးပြီး၊ ငါပြောသလိုလုပ်မှ မင်းတို့ကို ချမ်းသာပေးမယ် ဆိုတာမျိုး လုပ်နေသမျှ မြန်မာပြည်ငြိမ်းချမ်းရေးဟာ နီးလျှက်ဝေးနေရဦးမယ်လို့ ယူဆပါတယ်။
အချုပ်အားဖြင့် ပြောရရင် ပင်လုံစာချုပ် အရ သဘောတူထားခဲ့တဲ့ တိုင်းရင်းသားဒေသ “ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်” “ကိုယ်ပိုင်အုပ်ချုပ်ခွင့်” ဆိုတာ ယနေ့အချိန်အထိ အကောင်အထည် မပေါ်သေးပါ။ နိုင်ငံရေး စီးပွားရေး ကဏ္ဍတွေမှာ တိုင်းရင်းသားအသီးသီးအပါအ၀င် နိုင်ငံသားတွေကို ခွင့်တူညီမျှမှု မပေးသမျှ ပင်လုံ အနှစ်သာရ သဘောကို အုပ်ချုပ်သူ အစိုးရ များက အသိအမှတ် မပြုတာ ထင်ရှားပါတယ်။ အသိအမှတ် မပြုရုံမက ပင်လုံစာချုပ်ပါ အရင်းခံ သဘောတူညီချက်တွေကို  သမိုင်းစာမျက်နှာပေါ်က ပျောက်ကွယ်သွားအောင် အစိုးရအဆက်ဆက် နည်းမျိုးစုံနဲ့လုပ်ခဲ့ကြ/လုပ်နေကြဆဲဖြစ်တယ်။  နောင်လာ နောက်သား မျိုးဆက်သစ်များဆီ  ̏ ပင်လုံစိတ်ဓါတ်˝ ကူးစက်သက်ဝင်မှု မရှိအောင် လုပ်နေသလားလို့ခံစားရတယ်။ ပင်လုံ သဘောတူ ညီချက်ကို အကောင်အထည်မဖေါ်နိုင်ခဲ့တဲ့ အကျိုးဆက်ကြောင့် ယနေ့ထိ ပြည်တွင်းစစ်မီး မငြိမ်းနိုင် ဖြစ်နေပြီး၊ မြန်မာနိုင်ငံဟာ ဒေသအတွင်း ဖွံ့ဖြိုးမှုအနိမ့်ဆုံး နိုင်ငံ ဖြစ်နေရခြင်းပါပဲ။ အစောကြီးကတည်းက ပင်လုံစာချုပ်ကို လေးစားခဲ့မယ် ဆိုရင် တိုင်းပြည်မှာပြည်တွင်းစစ်မီး လောင်မယ်မထင်ပါဘူး။
ဒီတော့သတိတရားရှိချိန်မှာ တိုင်းပြည်ကိုတကယ်ချစ်ရင်၊ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို တကယ် တည်ဆောက်ချင်ရင်၊ တိုင်းရင်းသားခေါင်းဆောင်အားလုံးနဲ့ တန်းတူရည်တူ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ အဖြေရှာဖို့ တနည်းပဲရှိပါတယ်။ စစ်မှန်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပနိုင်မှသာ နိုင်ငံရေးအရ သဘော တူညီချက်တွေ ရရှိနိုင်ပြီး၊ တည်ငြိမ်အေးချမ်းရေး အာမခံချက် လည်းရှိမှာဖြစ်တယ်။ ဒါမှသာ လူထုမျှော်မှန်းတဲ့ စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်ပေါ် လာနိုင်မှာဖြစ်ပါတယ်။
ဒီနေရာမှာ အလျဉ်းသင့်လို့ ၂၀၁၃ ဖေဖော်ဝါရီလ (၂) ရက်နေ့က သမ္မတ ဦးသိန်းစိန်က KIO ထံပေးပို့တဲ့ စာတစ်ကြောင်းကို ကိုးကားလိုပါတယ်။ စာမှာ “တိုင်းရင်းသားများအတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် နှင့် ပတ်သက်၍ စားပွဲပေါ်တွင် တွေ့ဆုံဆွေးနွေး၍ အဖြေရှာခြင်းသာလျှင် တခုတည်းသော နည်းလမ်းဖြစ်ကြောင်း” ဖေါ်ပြထားတာ တွေ့ရပါတယ်။ သမ္မတ တစ်ဦးအနေနဲ့ အပြောနဲ့ အလုပ်ညီညွတ်စွာ အကောင် အထည်ဖေါ်နိုင်ဖို့အရေးကြီးပါတယ်။ ဒါပေမယ့် သမ္မတကို လွှတ်တော်နဲ့တပ်မတော်ကလည်း လိုက်လျောညီထွေ ကူညီ ဖြည့်ဆည်းပေးကြဖို့ လိုပါလိမ့်မယ်။
သမ္မတ ဦးသိန်းစိန်အစိုးရတဖွဲ့ထဲအားနဲ့ခေတ်မီတိုးတက်တဲ့ ဒီမိုရေစီ ဖက်ဒရယ်ပြည်ထောင်စုတရပ်ကို ထူထောင်နိုင်မှာ မဟုတ်ပါ။ လွှတ်တော် နဲ့ တပ်မတော်ရဲ့ဆီလျော်ညီညွတ်တဲ့ ကူညီမှု၊ အကာအကွယ်ပေးမှုတွေ မပါဘဲ ခေတ်မီနိုင်ငံ တည်ဆောက်နိုင်ဖို့ မမြင်ပါ။ အလားတူစွာ တိုင်းရင်းသားညီနောင်များရဲ့ ပူးပေါင်းပါဝင်ကူညီမှုကို ရရှိဖို့အတွက်လည်း နိုင်ငံရေးအရ “တန်းတူ အခွင့်အရေး” ပေးဖို့ အစိုးရနှင့် တပ်မတော်က မတွန့်ဆုတ်သင့်ပါ။

 

ယနေ့တိုင်းရင်းသားတွေတောင်းဆိုနေတဲ့ နိုင်ငံရေးတန်းတူမှုဆိုတဲ့ “ဖက်ဒရယ် ပြည်ထောင်စု စနစ်” ကို မျက်နှာလွှဲထားလျှင် အကျိုးထက် အပြစ်က များလာဖို့ရှိပါတယ်။ ဒီတော့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး တောင်းဆိုနေတဲ့ ကိစ္စကို တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အမျိုးသားခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းတို့အကြားကတိပြုထားခဲ့တဲ့ “ပင်လုံစာချုပ်အခြေခံ ဖက်ဒရယ် ပြည်ထောင်စုကိစ္စ” ကို အစီအစဉ် စနစ်ဇယား အဆင့်လိုက် ချမှတ်ပြီး ယခုကပင် စတင်အချိန်ယူ စဉ်းစားနိုင် မှသာ၊ ဆယ်စုနှစ်တခုလောက် အကြာမှာ မြန်မာနိုင်ငံဟာ ဒေသအတွင်း အဆင့်မီတဲ့ နိုင်ငံတစ်ခု ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ ယခု ဖက်ဒရယ်ပြည်ထောင်စု သဘောတူညီမှု အစပျိုးခဲ့တဲ့ ဖေဖေါ်ဝါရီလရာသီမှာ ငြိမ်းချမ်းရေး၊ တရားမျှတရေးနဲ့ နိုင်ငံရေး တန်းတူ ညီမျှရေးဆိုတဲ့ အခြေခံကောင်းများကို အုတ်မြစ်ချပေးကြရေးအတွက် အခြေခံ ဥပဒေပြင်ဆင်ရေးကိစ္စ  သုံးသပ်အဖြေရှာဖို့ အရေး ဟာ ဒီနေ့ နိုင်ငံ့ခေါင်းဆောင်များရဲ့ ပဓါန တာဝန် ဖြစ်ပါတယ်။ ဒါမှသာ လက်ငင်းပေါ်ပေါက်နေတဲ့ အထွေထွေလူမှုရေး ပဋိပက္ခတွေကို အစိုးရအနေနဲ့ ပြေလည်စွာ ဖြေရှင်းနိုင်စရာရှိတယ်လို့ မြင်မိကြောင်းပါ။ ။
(Photo – Mizzima)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts