ဝေဖန်ရေးရာ ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – အိပ်စားကာမ ဘဝ သာသာ ကနေ တက်ဖို့

 

ငြိမ်းချမ်းအေး – အိပ်စားကာမ ဘဝ သာသာ ကနေ တက်ဖို့

(မိုးမခ)  ဖေဖော်ဝါရီ ၀၈ ၂၀၁၅

ဗိုလ်ချုပ်ရုပ်ရှင်ကို ပညာတတ်ကြီးများ မဝေဖန်ကြပါနဲ့ဗျာ။   ကြည့်ချင်သူ၊ ကြိုက်သူတွေ လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါး ကြည့်ကြပါစေ။

ကျနော်တို့ တိုင်းပြည်မှာ အနုပညာ ဆိုတာ အရည်အချင်းကော၊ အရေအတွက်ပါ ခေါင်းပါးနေတာ ကြာခဲ့ပါပြီ။

အရည်အချင်း အကြောင်း မပြောခင် အရေအတွက်ကိုပဲ ကြည့်ပါ။  သန်း (၆၀) နီးပါး လူဦးရေ ရှိတဲ့ တိုင်းပြည်မှာ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ ဝတ္ထု စောင်ရေ ရာဂဏန်း၊ အလွန်ဆုံး ထောင်ဂဏန်းပဲ ထုတ်နေရတာမလား။  တနှစ် တနှစ် ရုပ်ရှင် ထူးချွန်ဆု အတွက် ရုပ်ရှင်ကားစာရင်းက လယ်ဆယ်ချောင်းမပြည့်ဘူး မလား။

သူ့အိုး သူ့ဆန် အားပေးနေကြတာ နားလည်ပေးကြပါ။

လူအများစု ရဲ့ ကာယ၊ စိတ္တ၊ အတွေးအမြင်၊ ခံစားနိုင်မှု အားလုံးရဲ့ အဆိုး၊ အကောင်း၊ အကျိုး၊ အကြောင်းက ခေတ်၊ စနစ်ရဲ့ ရောင်ပြန်တွေပါ။

ခင်ဗျားတို့က  ခြွင်းချက်တွေပါ။  နိုင်ငံခြားမှာ အထက်တန်းပညာရပ်တွေကို အဖြူစာလေးနဲ့ သင်နိုင်၊ ဟိုဟို ဒီဒီ လေ့လာနိုင် တယ်ဆိုတာ ထူးခြားဖြစ်စဉ်တွေပါ။

ဗမာပြည်က အများစု ပညာတတ်၊ ဘွဲ့ရ  ဆိုသူတွေကိုယ်တိုင် ပြည်တွင်း၊ ပြည်ပ ရောက်ရာပေါက်ရာမှာ မဖြစ်ဖြစ်အောင် အသက်မွေးနေရရင်း  အနုသုခုမနဲ့ အတွေးအခေါ်သစ်တွေ ရှာဖွေစည်းပူးဖို့ အခွင့်မရကြပါဘူး။

နယူးယောက် ကနေ စင်္ကာပူ အထိ ကမ္ဘာအနှံ့ အဝေးရောက် မြန်မာ အသိုင်းအဝန်းထဲ ဝင်ကြည့်ပါ။  အများစုက ကိုယ့် အသိုင်းအဝန်းမှာပဲ သာယာနေရတာပါ။

ဘုန်းကြီးကျောင်းမှာ စုမယ်၊ မြန်မာချင်း အတင်းအဖျင်း ပြောမယ်။  ညကျရင် စာအုပ်၊ ရုပ်ရှင်၊ သီချင်း အလကားဝေတဲ့ Burmese Classic နဲ့ အွန်လိုင်း အစုံစုံ က မြန်မာကားတွေ ကြည့်မယ်၊ ရယ်မယ် မောမယ်။  လူမှုကွန်ရက်Facebook ကို အချိန်ကုန်ခံ တက်မယ်၊ Share တော့ သတင်းအတုတွေ Share မယ်။

အလွန်ဆုံး ဘုန်းကြီးတရားပေါ့၊ ဆုံးမစာလေးတွေ ဘောင်ခတ် မယ်ပေါ့။

ဒီလိုပဲ ခက်ခဲတဲ့ ဘဝတွေကို ကြံဖန်ပေါ့ပါးအောင် ဖြတ်သန်းနေရတာပါ။  အမြင့်ကြီးတွေ၊ အလေးအနက်ကြီးတွေ မလေ့လာနိုင်၊ မခံစားနိုင်၊ တွေးလည်း မတွေးနိုင်ပါ။

တခြား ပြည်တွင်းက လူနဲ့ အခြေခံ နင်းပြား လူထု ဆိုတာတော့ ပိုဆိုးပေါ့ဗျာ။ 

တကယ်တမ်းတော့ အဆင့်မြင့် အနုသုခုမ စိတ္တ အာဟာရတွေကို အချိန်ပေး၊ ငွေပေး ခံစား စားသုံးနိုင်ဖို့ ဗမာပြည်က လူအများစုမှာ ဘယ်နောက်ခံမဆို အခွင့်အရေးနည်းပါးပါတယ်။

ဘွဲ့ရ ပညာတတ်မို့ စာအုပ်စာပေ ဖတ်ရင်တောင် အကောင်းဆုံးထားဖတ် ကျော်ဝင်း၊ ကိုတာ ပေါ့။  အများစုက ဝတ္ထု ဆို ဘာသာပြန် ကောင်းကောင်းလေးတွေဖတ်တယ် ဆိုပြီး အလွန်ဆုံးဖတ်ရင် အနောက်က တတိယတန်းစား အချစ်၊ လျှို့ဝှက်သည်းဖို တွေပေါ့။  လူမှုကွန်ရက် မှာလည်း အကောင်းဆုံးထား မျှရင် အလွန်ဆုံး ‘ရိုးရာလေး’ ပေါ့။

ခေတ်မီတဲ့ နိုင်ငံတကာနဲ့ တပြေးညီ သုတ၊ ရသ ဘာသာပြန်စာပေ  ဆိုရင်လည်း ကျနော်တို့ဆီက ပညာရှိ ကဝိကြီးများ  ထုတ်နှုတ်ရွေး ပြန်ချင်တာဟာကိုပဲ ရရတာပါ။  

ကမ္ဘာမှာ အရင်းရှင်စနစ်ကျဆုံးခန်းတွေ ပြောဆို ဆွေးနွေး ပညာရှင်တွေ စာအုပ်တွေ တန်းစီထုတ်နေချိန်မှာ ကျနော်တို့ဆီမှာ ဆရာကျော်ဝင်းရဲ့ ကမ္ဘာပြားပြီ ကိုပဲ အာဂုံဆောင်ခဲ့ရတာပါ။

ကမ္ဘာမှာ ဈေးကွက်စီးပွားရေးရဲ့ အပြစ်တွေကို အပြင်းအထန် ဝေဖန် သုံးသပ်နေတဲ့ အချိန်မှာ ကျနော်တို့ဆီက အရင့်အမာ ကွန်မြူနစ် ဖြစ်ခဲ့သူတွေကိုယ်တိုင် ‘ဈေးကွက်မှဈေးကွက်’ လို့ အော်နေရတာပါ။

ကျနော်တို့ ဆီမှာ နောက်ကျမှု၊ ခေတ်မမီမှု၊ ကမ္ဘာနဲ့ ကွာဟမှုဆိုတာ ကြောက်စရာကောင်းလောက်အောင် ရှိနေပါတယ်။

နားလည်ပေးလိုက်ကြပါ။  ကျနော်တို့ တိုင်းပြည် မှာ အကောင်းဆိုတာ ပြည်ကြီးပြန်သွားတာကြာခဲ့ပါပြီ ခင်ဗျာ။  

အသစ် ဆိုတာ အနည်းဆုံး (၁၀) နှစ်တော့ နောက်ကျပါတယ်။  ပိုက်ဆံရှိတဲ့ သူများတောင်မှ ကားသစ်ဆိုတာ အခုမှ စီးဖူးတာပါ။  တိုးတက်မှုဆိုတာ အလှမယ် နှစ်ပိုင်းဖြတ် ရေကူးဝတ်စုံ ဝတ်တာကို အလိုမကျ ဖြစ်ရင်း ယူဆနေရတာပါ။

တကယ်တော့ တနေ့လုပ်မှ တနေ့စား၊ ရရာ စားစား “Hand-to-Mouth” ဘဝ လူအများစု အတွက် အနုသုခမ ဆိုတာ ဖျော်ဖြေရေး အဆင့် အနေနဲ့တောင် အမြဲတမ်း မလွယ်ခဲ့ပါဘူး။

ဗွီဒီယို ရုံခေတ် မှာ (၂) ကျပ် ပေးပြီး နေထက်လင်းနဲ့ ဘဝ အမောတွေ ဖြေခဲ့ရတယ်။   သီဟတင်စိုးနဲ့ အတူ မကျေနပ်မှုတွေ ပေါက်ကွဲရပါတယ်။  ဒွေးမျက်နှာလေးကို ကြည့်ပြီး ဘဝကို နေတတ် ကျေနပ်အောင် လုပ်ရပါတယ်။  အခုခေတ်မှာလည်း ဘုရားစူး သရုပ်ဆောင်တွေ၊ အဆိုတော်တွေကိုပဲ အားပေးရင်း လူအများ ဘဝတွေ ရုန်းကန် ဖြတ်သန်းနေရတာပါ။

လွန်းထားထား၊ ရှင်မိုး အချစ်ဝတ္ထုတွေထဲက နုဖတ်လှတဲ့ မြေမနင်း ဇာတ်ရုပ်တွေရဲ့ဟာ မရေရာ တဲ့ အနာဂတ် အပြည့်နဲ့ လူထု အများအတွက်တော့ ခဏတာ စိတ်ကူးယဉ် ကျေနပ်စရာ ပေးနိုင်တာပါပဲ။  သရုပ်ဆောင်တွေက ရုပ်တည်ကြီးတွေနဲ့ အလွမ်းဇာတ်ကို ဟာသ ရသ မြောက်စေလည်း အခြေခံ လူထု ဘဝတွေ အတွက် ဘာပဲဖြစ်ဖြစ် အားဆေးတခွက်ပါပဲ။

ပေါပါပေ့၊ ရူးပါ့ကွာ ပြောချင်လို့ မရပါဘူး ခင်ဗျာ။  ဖန်တီးသူ၊ ခံစားသူ နှစ်ဘက်စလုံး အပြစ်တင်လို့ မရပါဘူး။

အဲ့သလို နိုင်ငံမှာ ဘင်္ဂါလီ လှိုင်းသစ်ရုပ်ရှင်တွေလို ဇာတ်ကား တကား ငါ မရိုက်ရဘဲ အသေမခံနိုင်ပါ ဆိုပြီး ခင်မောင်ရင် တယောက် ပါကစ္စတန်မှာ ဗိသုကာ လုပ်နေရာကနေ ဗမာပြည် ပြန်လာ ပြီး လူမကြည့်တဲ့ “နှမလက်လျှော့နေလေတော့” ရိုက်ခဲ့ဖူးတယ်။  နောက် သူငယ်ချင်း ရုပ်ရှင် ကုမ္ပဏီ အားနာလို့ ပိုက်ဆံရအောင် ရိုက်ပေးတဲ့ ဘမှန် ဘဇံ အကြောင်း ဇာတ်ကား လူစည်တော့ ရုံထိပ်ကနေ ခံပြင်းလွန်းလို့ လာသမျှ ပရိသတ် ကို သေးနဲ့ ကော့ပန်း တာ လိုက်ဆွဲရတယ် ဆိုတယ်။  အဲ့သလို နိုင်ငံမှာ ဓာတ်ခဲလိုကားမျိုး ရက်သီတင်းပတ်မျာစွာ ရုံတင်ရ၊ လူကြည့်များတော့ ဖန်တီးသူ ဒါဂိုက်တာ မောင်ဝဏ္ဏ ခမျာ မျက်ရည်ဝဲခဲ့ရ ရှာဖူးတယ်။

စနစ်ဆိုး၊ ခေတ်ဆိုး ကို ဖြတ်သန်းခဲ့တဲ့ နှစ်ပေါင်း (၅၀) ကျော်အတွင်းမှာ နိုင်ငံတကာ အဆင့်မီတဲ့ ရုပ်ရုင်ခြံ စတူဒီယိုကြီးတွေ မရှိတော့ပါဘူး။  အဆင့်တန်းမီတဲ့ ရုပ်ရှင် တွေ မတွေ့ရတော့ပါဘူး။  ခေတ်မီ၊ ရှေ့ဆောင်၊ လမ်းပြတဲ့ စာအုပ်တိုက်ကြီးတွေ မရှိတော့ဘူး။  ရသစာပေကောင်း ဆိုတာတွေ ရှားကုန်ပြီ။  ခပ်ပေါပေါတွေကို လူတွေခမျာ အဟုတ်လုပ် ကြည့်နေ၊ ဖတ်နေရပါတယ်။  ကလေး စာပေ၊ သိပ္ပံ စာပေ ဆိုတာ ရှားပါးစာရင်းဝင်ပါတယ်။  ဒါတောင် နည်းပညာခေတ်ကြီး၊ လူမှုကွန်ရက်ခေတ်ကြီးမို့ လူလတ်တန်းစား အများစု မျက်စိ အတန်အသင့်ကျယ်လာနိုင်တာပါ။

ဆိုတော့ ဗိုလ်ချုပ်ရုပ်ရှင်လည်း အခု အကောင်လုပ် ကြည့်ချင်သူတွေ ကြည့်ကြပါစေခင်ဗျာ။

အရင်ဆိုဖူးသလိုပါပဲ။  Maslow ရဲ့ လိုအင်ဆန္ဒ ဦးစားပေး အဆင့် သီအိုရီ ဟာ Pyramid ပုံစံ ပါ။  အခြေခံ အကျဆုံး၊ အကျယ်ပြန့် ဆုံး၊ လူတွေ အဓိက ဦးစားပေး ပြည့်စုံအောင် ရှာဖွေတဲ့ လိုအင်ဆန္ဒ ကတော့၊ တနည်းအားဖြင့် လိုအပ်မှု ကတော့ စားဝတ်နေရေး၊ ဘဝ လုံခြုံမှု၊ အိပ်စားကာမ ပါတဲ့။  ဒါတွေပြီးမှ ကျင့်ဝတ်၊ သီလ၊ သမာဓိ၊ သိက္ခာ၊ လူအချင်းချင်းလေးစားမှု၊ ချစ်ကြည်ရင်းနှီးမှု၊ မိတ်ဆွေသဟာဖြစ်မှု ကိစ္စတွေလာမယ်။  Pyramid ရဲ့ ထိပ်ဆုံးမှာရှိ နေရာ အနည်းဆုံး ယူထားတာကတော့ ဖန်တီးမှု စွမ်းရည်၊ ခံစားမှု စတဲ့ စိတ္တဗေဒ ပိုင်းဆိုင်ရာတွေ ဖြစ်တယ်။ 

ဆိုတော့ လူ့ အခြေခံ လိုအပ်ချက် ပြည့်စုံအောင် ဖန်တီး မထားတဲ့ တိုင်းပြည်ရဲ့ ခေတ်၊ စနစ်မှာ လူအများစု အတွက် တခြား ဘာ ကို ကျော် လိုချင်လို့ ရမလဲ ခင်ဗျာ။  တခြား ဘာကို ပို မျှော်လင့်လို့ ရမလဲ ခင်ဗျာ။

အိပ် စား ကာမ ထက်ကျော်ရင်ကို ကျေနပ်သင့်ပါပြီ။  လူဖြစ်ပေမဲ့ အဟိတ် တိရစ္ဆာန် ဘဝ သာသာ အနေအထား ရအောင်တောင် မနည်း ရုန်းကန်လှုပ်ရှားနေရတဲ့ တိုင်းပြည်နဲ့ စနစ်ပါ။

ဒီထက်ပိုချင်ရင်တော့ စနစ်ဆိုးကို အပြီးတိုင် တော်လှန်မှ ရပါမယ်။

ဆိုတော့ အခုလောလောဆယ် တကိုယ်ရေ အလုပ်နိုင်ဆုံးကတော့ လွှတ်တော်တွင်းလမ်း လာမယ့် အခြေခံဥပဒေပြင်ရေး ဆန္ဒခံယူပွဲ အတွက် တနိုင် ဝိုင်းဝန်း လှုံ့ဆော်ပေးကြပါ။  လွှတ်တော်ပြင်ပလမ်း လွတ်လပ် အဆင့်မီတဲ့ ဒီမိုကရေစီ ပညာရေး အတွက် ခရီးရှည်ချီတက်နေကြတဲ့ ကျောင်းသားကလေးတွေကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နိုင်သလောက် ဝိုင်းဝန်းပေးကြပါ။  ဒါ လူအများစု တကိုယ်ရေ အလုပ်နိုင်ဆုံး အလုပ်တွေပါပဲ။

ဆိုတော့ အခု ဗိုလ်ချုပ်ရုပ်ရှင်ကို လူတွေ မျှော်လင့် စောင့်စား ကြည့်ကြပါစေ။  ပိုကောင်းတဲ့ ရုပ်ရှင်လိုချင်ရင်တော့ ဆိုခဲ့တာတွေကို တနိုင် ဝိုင်းဝန်းပေးခြင်းက ပို လက်တွေ့ကြမယ် ထင်ပါတယ် ခင်ဗျာ။

ငြိမ်းချမ်းအေး

ဖေဖော်ဝါရီ ၀၆၊ ၂၀၁၅

 

(ဝေဖန်ရန် – nyeinchanaye81@gmail.com)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ငြိမ်းချမ်းအေး – အိပ်စားကာမ ဘဝ သာသာ ကနေ တက်ဖို့
  1. yes burmese or myanmar people outside of the country should not just stay on their own little world. they should learn English and look for more opportunities or a betterlife. We ahve many people in the US who doesnt speak good English after being here for many years. that has got to change.

  2. DEAR FRIEND, You say about BURMA/Myanmar. I think every people has art because of own life. No burmese no american whatever poor or rich they have own art of life , they are live on same land ON THE WORLD. You know…..what is art….(if SAYA WANNA is alive he know about art …true)

Comments are closed.