ဝင်းအောင်ကြီး မှတ်စုမှတ်တမ်း လူများ၊ ရုပ်ပုံလွှာများ ဖြစ်ရပ်များ၊ အမှတ်တရများ

ဝင်းအောင်ကြီး – လူအောင်ဆန်း (၁-၄)

 
ဝင်းအောင်ကြီး – လူအောင်ဆန်း (၁-၄)
မိုးမခ၊ ဖေဖော်ဝါရီ ၈၊ ၂၀၁၅
 
တကသ ဥက္ကဋ္ဌ သခင်အောင်ဆန်း (၁၉၃၈-၃၉)
လူအောင်ဆန်း (၁)
 
မဟတ္တမဂန္ဒီ၊ လင်ကွန်း၊ ဟိုချီမင်းတို့လို ကြည်ညို လေးစားတာထက် ဗိုလ်ချုပ်အောင်ဆန်းကျတော့ ဘာ့ကြောင့်ပိုရတာလဲ။  သူ့ကိုတော့ ချစ်တာကိုး။  ၁၉၅၃ ခု၊ ရန်ကုန်တက္ကသိုလ်ရောက်လာတော့ ဆေးရုံတက် သူနာပြုဆရာမလေးနဲ့ ဆုံချစ်ချင်တဲ့ စိတ်တောင်ပေါ်ခဲ့ဖူးလေရဲ့။
 
ကျနော်အသက်က ၁၆ နှစ်၊ ညနေဘက် အင်လျားကန်စောင်း လမ်းလျှောက်တဲ့အခါ ကျောင်သူအချော အလှလေးတွေကလည်း များလှပါဘိ။  ကျနော်နေရတဲ့ သထုံဆောင်က မလှမ်းမကမ်းမှာက တက္ကသိုလ်ဆေးရုံ။  နေထိုင်မကောင်းဖြစ်ဖို့ ဖျားနာဖို့များ ဆုတောင်းရလေမလား။
 
နောက်တော့ သူ့အကြောင်းစာတွေဖတ်ရ၊ မိန့်ခွန်းထဲက သူ့အသံကြားရ၊ သူ့ပုံတွေမြင်ရနဲ့ အားမရ၊ သူနဲ့ဆုံဖူသူတို့ထံ ချဉ်းကပ်မေးမြန်း၊ အချက်အလက်တွေပိုရ ပိုတွေးလာခဲ့တဲ့ နှစ်တွေ နှစ်တွေ၊ ဟော သူသာရှင်နေရင် အသက် (၁၀၀) ပြည့်တော့မယ်။
 
ကျနော်ပထမဆုံး ဖတ်ဖူးတာက ဆရာဒဂုန်တာရာရေးတဲ့ “ အောင်ဆန်း သို့မဟုတ် အရိုင်း” ပါ။  သူ့အကြောင်း ပိုပြီးသိလာတယ်။  ဆောင်းပါးကို “သူသည်လူထုထဲမှ သူတဦးဖြစ်၍ လူထူနှင့်ဆက်စပ်နေ၍ လူထုခေါင်းဆောင်ဖြစ် လာသည်ဖြစ်ပေလိမ့်မည်။ “ လို့ဆုံးထားတာ ကျနော့ခေါင်းထဲက မထွက်နိုင်။
ဗိုလ်ချုပ်အောင်ဆန်းကမူ “ဌေးမြိုင်ကတော့ ကိုယ့်ကိုအရိုင်းလို့ရေးတယ်၊ ကိုယ်ဒီလောက်လည်း မရိုင်းသေးပါဘူးကွာ” ဟုပြောသည်ဟုကြားရ၏ လို့ ဆရာဒဂုန်တာရာက ရုပ်ပုံလွှာစာအုပ်ထဲမှာရေးတယ်။  အဲဒီအချိန်က သူတို့နှစ်ယောက်စလုံး အသက် ၃၀ မပြည့်တပြည့်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက အဘယ့်ကြောင့် ရယ်ရယ်မောမောနဲ့ လက်ခံတာလဲ..။
နှစ်အတန်ကြာ ဆရာဒဂုန်တာရာနဲ့ ရင်းနှီးလာတော့ ကိုအောင်ဆန်းဟာ လူတွေထဲ သူလိုငါလိုနေချင်တဲ့ လူတယောက်လို့ ထပ်ပြောပြတယ်။ 
 
နောက်တယောက်ကတော့ ဖဆပလ တောင်တန်းဒေသဌာနခွဲ အတွင်းရေးမှူး ဦးဖေခင်ပါ။  ဗိုလ်ချုပ်အောင်ဆန်းနဲ့ လုပ်ငန်းအရ သာမက လူချင်းပါရင်းနှီးသူမို့ သူ့စိတ်နေသဘောထား ကောင်းကောင်းသိသူ။
 
“အင်မတန်အမြင်ကျယ်၊ အမြော်အမြင်ကြီး၊ သဘောထားပြတ်သားတဲ့ အမျိုးသားခေါင်းဆောင်ကြီးပါ၊ ဒါပေမဲ့လို့ သာမန်လူတယောက်ထက် တပြားသားလောက်မှ အခွင့်ပိုမယူချင်ဘူး၊ သိပ်လူဆန်တာ“ လို့ ပြောပြဖူးတယ်။
 
၁၆ နှစ်သားအရွယ် သူ့ကိုအားကျ စိတ်ကူးယဉ်ခဲ့ရာကနေ၊ သူ့အကြောင်းစိတ်ဝင်စားလို့ ဖတ်ခဲ့တာ၊ သိခဲ့တာ၊ လေ့လာခဲ့တာတွေ နှစ် ၆၀ ကျော်လာတော့အများကြီးပါ။ အဖြစ်မှန်မသိရရှာလို့ စိန်ကူးနဲ့မှန်းကာ ဗိုလ်ချုပ်အောင်ဆန်းအား တမ်းတနေရသူများကိုလည်း ရည်ရွယ်ကာ မျှဝေပါ့မယ်။ 
 
စာဖတ်သူများနဲ့ အတူတွေးဖို့ ရေးလိုက်ပါပြီ၊ လူအောင်ဆန်း အကြောင်း(၁)
၂၀၁၅ ခု၊ ဖေဖော်ဝါရီလ ၁ ရက်နေ့။
 
လူအောင်ဆန်း (၂)
 
သူဟာလူတွေကြားက မွေးလာတဲ့ လူထုခေါင်းဆောင်အစစ်မို့ ဆင်းရဲနွမ်းပါးတဲ့ တောသားလေး အနေနဲ့ချစ်တာပါ။  ၁၉၆၂ ခု၊ နောက်ပိုင်း စစ်အာဏာရှင်စနစ် လက်အောက် မြန်မာပြည် ဆင်းရဲနိမ့်ကျသွား နေတဲ့ထဲ နှမျောစရာအကောင်းဆုံးက လူတွေရဲ့အတွေးအခေါ်ပါ။ 
 
ထွက်ပေါက်မမြင်လို့ အားကိုးအားရှာတဲ့အခါ ဗိုလ်ချုပ်အောင်ဆန်းကို တွေ့ပါရဲ့။  ဒါပေမဲ့လို့ သေသေချာချာမသိ ၀ိုးတ၀ါးဝါး၊ ရင်ထဲကသူ့ကိုချစ်ပေမယ့် ပုံစံသွင်းခံ ( Brain Wash) ခေါင်းထဲမှာ ရောထွေးနေတာကို နားလည်စိုးရိမ်ခဲ့တာ ကြာပါပြီ။
 
ခုတော့ လမ်းပေါ်ထွက်လာတဲ့ ကျောင်းသားများက မျှော်လင့်ချက်ရောင်ခြည် မဟုတ်လား..။
သူတို့အရွယ်က ကိုအောင်ဆန်းကို ကြည့်ကြပါစို့။
 
နတ်မောက်က ၇ တန်းအောင်လာတော့ ရေနံချောင်း၊ အမျိုးသားကျောင်းအုပ် ဦးဘ၀င်းက သံသေတ္တာ တလုံးဝယ်ပေးပြီး အ၀တ်အစားတွေ သပ်သပ်ရပ်ရပ် ထည့်သိမ်း သော့ခတ်ထားခိုင်းတယ်။  သင်ပေးတဲ့အတိုင်း လုပ်ပြီး သော့မပျောက်စေနဲ့ဆိုလို့ နံရံမှာသံတချောင်း ရိုက်ကာ ချိတ်ထားလိုက်သတဲ့။
စာဖတ်သူတို့ ဘယ်လိုတွေး ဘယ်လိုမြင်သလဲ။ သော့ပျောက်သွားရင် အရိုက်ခံရမှာ စိုးလို့လား။  ဘယ်သူခိုးက လာဖွင့်မှာလဲလို့ တွေးမိလို့လား။  အဲဒီခေတ်အခါက ရှိခဲ့ဖူးတဲ့ လူ့ယဉ်ကျေးမှု အဆင့်အတန်း (Standard of Human Culture) အရ ထော်လော်ကန့်လန့် ဂွတိုက်တာတော့ ဘယ်နည်းနဲ့မဖြစ်နိုင်။
 
ရန်ကုန်တက္ကသိုလ်ရောက် လာတဲ့နှစ်မှာပဲ ပဲခူးဆောင် သဟာယနှင့်စာဖတ်အသင်း Social and Reading Club) မှာ အမှုဆောင်အဖြစ် ၀င်ပြိုင်တော့ ၃၄မဲ ၂၉ မဲနဲ့ရှုံးသွားတယ်။  အစဉ်အလာမဟုတ်ဘဲ ကျောင်းသားသစ် တယောက် ၂၉ မဲရအောင် သူ့စည်းရုံးနိုင်စွမ်းကို မြင်နိုင်ပါလိမ့်မယ်။
 
တကသ ဆွေးနွေးပွဲတွေမှာ ၀င်မေးဝင်ပြောတဲ့အခါ အင်္ဂလိပ်စကားပြော အဆင်မပြေပုံကိုကြည့်ရင်း သူ့အကို ကိုအောင်သန်းကရှက်မိတယ်။ သူကိုယ်တိုင်လည်း သိမှာပေါ့။ သူဘာလုပ်သလဲ..။
အင်္ဂလိပ်လို အင်မတန်အပြောကောင်းတဲ့ ဒေါက်တာဘမော်ကို သဘောကျလာကာ သူ့အခန်းရှေ့မှာ ခြေဟန်လက်ဟန်နဲ့ လေ့ကျင့်နေပုံ အဆောင်သားတွေ ပြုံးကြသတဲ့။  အသံထွက်တို့ လေယူလေသိမ်းတို့ကို စိတ်နဲ့သာမှတ်ခဲ့ရတာကို သတိပြုကြပါ။
 
သူနောက်ဆုံးမိန့်ခွန်း ပြောသွားချိန်ထိ ကမ္ဘာပေါ်မှာ တိပ်ရက်ကော်ဒါ မပေါ်သေးပါဘူး။
လူငယ်များကို အားပေးတဲ့ “ဗိုလ်ချုပ်အောင်ဆန်းသည် မိုးပေါ်ကကျလာသူမဟုတ်” ဆောင်းပါး ကျနော်ရေးခဲ့ဖူးတယ်။့ ကျောင်းသားတွေကို မြင်တော့ကိုယ်တိုင်လည်း အားတက်ရပြီ။
လူကိုလူလိုမြင်၊ လူလိုတန်ဖိုထားတဲ့ လူသားစိတ်ထား (Humanism) ရှိသူ လူအောင်ဆန်းကို အားကျကြိုးစားပါက အမျိုးသားခေါင်းဆောင်ကြီး ဖြစ်မလာတာတောင်၊ သင့်ပတ်ဝန်းကျင်ရှိ လူတွေနဲ့ဆက်သွယ်ရေးလမ်းကြောင်း ( Line of Communication) ပီပြင်ထိရောက်လာမှာမုချ။
အဲဒီရည်မှန်းချက်နဲ့ လူအောင်ဆန်း (၂) ကိုရေးတာပါ။
 
၂၀၁၅ ခု၊ ဖေဖော်ဝါရီလ ၃ ရက်နေ့။
 
××××××××××××
 
လူအောင်ဆန်း (၃)
 
အောင်ဆန်းဆိုတာ တကသ၊ ဗကသ၊ ကျောင်းသားသပိတ်ရဲ့အမှတ်အသားမို့ ယနေ့အခြေအနေနဲ့ ဆက်စပ်တွေးတောကြဖို့ လူအောင်ဆန်း(၃) ကိုရေးလိုက်ပါပြီ။  ကိုအောင်ဆန်း တက္ကသိုလ် ရောက်လာတဲ့အခါ တကသ အမှုဆောင် ကိုသိန်းဖေ၊ကိုကျော်ငြိမ်းတို့နဲ့ အသိဖြစ်လာ၊ သထုံဆောင်က Hall Tutor ဦးအုန်းက ဘီအယ်လ် လာတက်နေတဲ့ ကိုနုနဲ့မိတ်ဆက်ပေးပြီး နိုင်ငံရေးဆွေးနွေးလေ့ရှိကြတယ်။  ၁၉၃၅-၃၆ ကိုနုဦးဆောင်တဲ့ အမှုဆောင်အဖွဲ့မှာ ကိုအောင်ဆန်း အိုးဝေမ္ဂဇင်းတာဝန်ခံဖြစ်လာပြီး၊ သူရေးတဲ့ အနိုင်မခံစိတ်ဓာတ် ဆိုတဲ့အယ်ဒီတာ့အာဘော်က လျှမ်းလျှမ်းတောက်ပါ။
 
Hell Hound at large ငရဲခွေးကြီးလွတ်နေပြီ ဆောင်းပါးရေးသူ ယမမင်း ဘယ်သူလဲဆိုတာ အယ်ဒီတာ့ကျင့်ဝတ်အရ၊ ထုတ်မပြောရာကနေ ဒုတိယ ကောလိပ်သပိတ်ကြီးဖြစ်လာပြီ။ ဂျပ်ဆင်ကောလိပ်၊ မန္တလေးဥပစာကောလိပ် ကျောင်းသားသမဂ္ဂတို့ ကလည်းပူးတွဲသပိတ်မှောက်ကာ အချက် ၁၀ ချက်တောင်ဆိုတယ်။
 
သပိတ်မှောက်ကျောင်းသားများအား ဒီးဒုတ်ဦးဘချို ခေါင်းဆောင်တဲ့ စောင့်ရှောက်ရေးအဖွဲ့က နေထိုင်စားသောက်ရေး တာဝန်ယူ၊ တို့ဗမာအစည်းအရုံးက သခင်များက လာရောက်အားပေး၊ သတင်းစာများက ထောက်ခံရေးသားကြလို့ ဗမာတပြည်လုံး သပိတ်သတင်းနဲ့ အောင်ဆန်းနာမည် သိသွားကြတယ်။ သပိတ်မလှန်လို့ မတ်လမှာစစ်နေကျ စာမေးပွဲ ဇွန်လသို့ရွှေ့ပေးလိုက်ရ၊ တောင်းဆိုချက်ထဲမပါတဲ့ ကျောင်းအုပ်ကြီး မစ္စတာစလော့ နေရာမှာ ဦးဖေမောင်တင်ဖြစ်လာတာတောင် အပိုရလိုက်သေး။
 
ကိုအောင်ဆန်းတို့ဟာ ဒေါက်တာဘမော်၊ တက္ကသိုလ်ကောင်စီဝင်များ၊ အစိုးရ၊ပါလီမန်တို့နဲ့ဆွေးနွေးမှုတို့ကြောင့် နိုင်ငံရေးနိုးကြားမှု များစွာရရှိလိုက်ကြောင်း မှတ်တမ်းတင်ကြတယ်။ အထူးခြားဆုံးက တန်းမြင့်ကျောင်းများအထိ ပြန့်သွားလို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ) All Burma Students’ Union (ABSU) မွေးဖွားလာခြင်းပါ။ ပထဆုံး ဗကသ မှာ ကိုရာရှစ် ဥက္ကဌ ဖြစ်လာတယ်။
 
၁၉၃၇ ခု၊မေလ ဦးရာဇတ်ရဲ့ မန္တလေးအမျိုးသားကျောင်းမှာ ကျင်းပတဲ့ ဗကသ ညီလာခံ စိတ်ဝင်စားစရာကောင်းပုံကိုကြည့်ပါ။ မဟတ္တမဂန္ဒီနဲ့ အိန္ဒိယ နိုင်ငံလွတ်လပ်ရေး တိုက်ပွဲဝင်နေသူ ပန်ဒစ်ဂျဝါလာနေရူးအား ဧည့်ခံကော်မတီမှ ကိုဗဟိန်းက ကြိုဆိုစကားပြောပြီး ဗကသ ဥက္ကဌသစ် ကိုအောင်ဆန်းရဲ့ မေတ္တာရပ်ခံချက်အရ အဖွင့်မိန့်ခွန်းပြောကြားခြင်းပါ။ အဲဒီခေတ်က အခြေအနေကိုအရ နယူးဒေလီကနေ ကာလကတ္တားက ရက်အတန်ကြာမီးရထားနဲ့၊ အဲဒီကနေ ရက်များစွာ သင်္ဘောစီး၊ ရန်ကုန်ရောက်၊တခါ မန္တလေးကို ခရီးဆက်၊ အချိန်ကြာမြင့်စွာ ဝေးကွာလှတဲ့ခရီး အပင်ပန်ခံကာ ဘာမှမဟုတ်သေးတဲ့ သက် ၂၂ နှစ် ကျောင်းသားခေါင်းဆောင်လေး ကို လာရောက်ဂုဏ်ပြုတွေ့ဆုံရတာလဲ၊။  စာဖတ်သူများ စဉ်းစားကြပါ။  ဘာရနိုင်မှာမို့လဲ၊ နေရူးသေတဲ့ထိ ဘာရသွားလဲ။  ကျောင်းသားတွေ သမဂ္ဂဖွဲ့တာ သပိတ်မှောက်တာ အင်္ဂလိပ်တွေဆီက တတ်တာမဟုတ်လား။  သံကြိုးစာသာ ဒီဆောင်းပါးတိုလေးထဲ ဖော်ပြထားတဲ့ နာမည်တွေထဲ လူမျိုးစုံ ဘာသာစုံပါပေမယ့် တူညီချက်တခုကတော့ သူတို့အားလုံး လူတွေမဟုတ်လား။
အဲဒီလိုအခြေအနေက ထွက်လာတဲ့ အောင်ဆန်းဟာ လူမျိုးစွဲ ဘာသာစွဲ အကင်းဆုံး လူထုခေါင်းဆောင်အစစ် ဖြစ်လာတာ ထူးဆန်းလား။
 
Diversity in Unity ဆိုတာ မမြင်သေးတဲ့ အသက် ၂၂ နှစ်အထက်လူတွေ သူနဲ့ဆိုင် မဆိုင်တွေးနိုင်ကြဖို့။ 
လူကိုလူမြင်သူများအတွက် လူအောင်ဆန်း(၄) ဆက်ရေးပါ့မယ်။
၂၀၁၅ ခု၊ ဖေဖော်ဝါရီလ ၅ ရက်နေ့။
 
××××××××××××
 
လူအောင်ဆန်း (၄)
 
၁၉၃၇ ခု၊ မေလ မှာ ဗကသ ဥက္ကဖြစ်လာတဲ့ ကိုအောင်ဆန်းဟာ မတ်လမှာ ဘီအေ အောင်ပြီးသားမို့ တကသ ကိုခေါင်းဆောင်နိုင်ရေး တက္ကသိုလ်ကျောင်းသားဖြစ်ရမယ်၊ အဲဒီအတွက် ဘီအယ်လ် တက်တာလို့ယူဆနိုင်တယ်။  ကျနော်တို့ခေတ်မှာ ဘီအေ အောင်သွားတဲ့ ဘောလုံးသမား ထွန်းအောင်က တက္ကသိုလ်အသင်းမှာ ဆက်ကစားချင်တယ်ဆိုတော့ ဆရာငြိမ်းက ဘီအယ်လ် တက်ခိုင်းလို့ ကစားခွင့်ရခဲ့ပုံနဲ့ ယှဉ်ပြီး တွေးကြည့်ပါ။  ဒီပုံဟာ ဘီအယ်လ် ပထမနှစ် တကသ ဥက္ကဌ ကိုအောင်ဆန်း။  
 
အဲဒီခေတ်က လူကုံထံ တွေသာ တက်နိုင်တဲ့ ရန်ကုန်တက္ကသိုလ်မှာ ကိုအောင်သန်းနဲ့သူ တချိန်တည်းတက်နိုင်တာကိုကြည့်၊ ကျောင်းပိတ်ရက် ငွေလိုတော့ ဆောင်းပါးရေး၊ မြန်မာ့အလင်းသတင်းစာမှာ ကိုဗဟိန်းနဲ့အတူ နိုင်ငံခြားကြေးနန်းသတင်းတွေ ဘာသာပြန်နဲ့ ရှာတယ်၊ တို့ဗမာအစည်းအရုံးမှာ အထွေထွေအတွင်းရေးမှူး လုပ်နေတဲ့ သခင်အောင်ဆန်း ဘယ်လိုလုပ် စားရမဲ့သောက်ရမဲ့ ဖြစ်နိုင်ပါ့မလဲ၊ သူ့လိုလူကို ကျွေးချင်တဲ့ဆိုင်တွေ အိမ်တွေအပြိုင်ဖြစ်နေမှာပါ။
 
ကဲ စစ်ပြီးခေတ်ကိုကြည့်ကြပါစို့၊ ဗမာပြည်မှာ ဘုရင်ခံပြီးရင် ရာထူးအမြင့်ဆုံးပုဂ္ဂိုလ်လေ၊ ဗြိတိသျှ ဥပဒေ(System) အရ၊ လစာမပေးလို့မရ၊ သူကလည်းမယူလို့မရ (Obligation)၊ ဘယ်လောက်ဆိုတာမသိ၊ မှန်းနိုင်အောင်လို့ အင်္ဂလိပ်ခေတ်မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရေးခဲ့ဖူးတဲ့ “ တောင်ကျရေ နွားနှစ်ကောင် သောက်လို့မ၀သလိုပ၊ မောင်ဘဘေ ၅၀၀၀ိ မစားရတာကြောင့်” ဆိုတာနဲ့တွေးကြည့်ရင် နည်းမှာ မဟုတ်ဘူး။ 
 
လန်ဒန်ကိုအသွား နေရူးကြီးက မျက်နှာပန်းလှအောင် ညီငယ်တယောက်လိုချစ်လို့ ၀တ်စုံသစ် ၀ယ်ပေးတာလို့ ယူဆတယ်။  အမြင်အမျိုးမျိုးရှိနိုင်ပေမယ့် ကျနော်ထောက်ပြချင်တာက သူမဆင်းရဲဘူးဆိုတာပါ။ 
 
ဗမာတပြည်လုံးက ချစ်ခင်ကြည်ညိုလေးစားလို့ ငွေတွေသောက်သောက်လဲသာမက လက်ဝတ်လက်စားတွေ တောင်ချွတ်လှူကြတာ၊ သူ့ကိုပေးတာတွေလည်း လွတ်လပ်ရေး ရန်ပုံငွေထဲထည့်ပစ်လိုက်တာ လူတိုင်းအသိ။   စီးကရက်သံဗူးနဲ့အပြည့် ရွှေဒင်္ဂါးပြားတွေ သခင်နုကိုပေးသွားကြောင်း စနေတာတေသားထဲမှာ ရေးထားတယ်။ 
 
အဲဒီတော့ သမီးလေးအတွက် နားကပ်မ၀ယ်နိုင်လို့ အမွေသွားတောင်းပါ့မလား?
 
အဘက်ဘက်ကပျက်နေတဲ့ ခုခေတ်စိတ်ကူး ပြန်စဉ်းစားနိုင်အောင် အချက်အလက် ဝေငှတာပါ။ 
 
သူ့အကြောင်းဖတ်ထား လေ့လာထားသူ အနေနဲ့ဆက်ပြီး ရေးပါရစေ၊ သူ့ခေါင်းထဲ အမွေဝေးလို့ ရွှေလည်းမရှိ ငွေဆိုတာလည်း မသိ။ တိုင်းပြည်လွတ်လပ်ရေးရဖို့သာ ပထမ၊ဒုတိယ၊တတိယ၊ အဓိက။  ရိုးရိုးတန်းက ဗိုလ်ထွန်းလှနဲ့ ရုပ်ရှင်သွားကြည့်တာဟာ သာမန်လူတွေထက် ဘာအခွင့်အရေးမှ ပိုမယူချင်တဲ့၊ လူထုကြားမှာလူတယောက်အနေနဲ့ နေချင်တဲ့သူ့ရဲ့ပင်ကိုယ်စိတ်ထား။  ဒါပေမဲ့ တာဝန်အရ ခရီးသွားတဲ့အခါ မီးရထားနဲ့ ရိုးရိုးတန်းက သွားလို့မရဘူး။  ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ တာဝန်ခွဲကြည့်နိုင်ဖို့ လူအောင်ဆန်း (၄) ကိုရေးတာပါ။
 
ဆက်ပါဦးမည်။
ဝင်းအောင်ကြီး

 

ခေါင်းစီးဓာတ်ပုံ  — မျှဝေသူ Credit ဦးအောင်ကျော်ဦး (ရေး NLD)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

One thought on “ဝင်းအောင်ကြီး – လူအောင်ဆန်း (၁-၄)
  1. ကျနော့် အမြင်အရ နိုင်ငံတိုင်းမှာ ခေတ်အဆက်ဆက် ပေါ်ခဲ့တဲ့ လူစွမ်းကောင်းတွေကို သူ့နောက်လိုက်တွေက ကြည်ညိုလို့ အထင်ကြီးလို့ သူ့ရဲ့ အထင်ကြီးလောက်တဲ့ အစွမ်းကို အမျိုးမျိုး ဂုဏ်တင်ပြီး ပြောတတ်တယ် ခင်ဗျ။ နှစ်တွေ သိပ်ကြာသွားတော့ တချို့ဟာက အဆင့်ဆင့် ပြောကြရင်းနဲ့ ပုံပြင်လိုလိုတွေ ဖြစ်ကုန်တာပဲ။ ဥပမာ ကျန်စစ်သား လှံထောက်ခုန်လိုက်တာ တောင်ကိုတောင် ကျော်သွားတယ်တို့ ဘာတို့ပေါ့။ ဗိုလ်ချုပ်ကျတော့ သူ့ရဲ့ အထင်ကြီးလောက်တဲ့ အစွမ်းဟာ ရိုးသားဖြောင့်မတ်မှု ဆိုတော့ အဲဒါကို အဆင့်ဆင့် ပြောကြရင်းနဲ့ ချဲ့ကားသလို ဖြစ်တာလည်း ရှိနိုင်တယ်ပေါ့ ခင်ဗျာ။ နောင်လာနောင်သားတွေ တိုင်းပြည်ချစ်စိတ် ရှိအောင်တို့ ကိုယ့်အမျိုးအနွယ်ကို ဂုဏ်ယူတတ်အောင်တို့ ကျတော့လည်း အဲဒီလို ပုံပြင်တွေဟာ လိုအပ်နေပြန်ရော။ ဖတ်ရတဲ့အတွက် ကျေးဇူးတင်ပါတယ် ခင်ဗျာ။ ဆက်ရေးပါလို့ တိုက်တွန်းပါတယ်။

Comments are closed.