Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ဇီဝက ရဲ့ ဂီတည ရန်ပုံငွေ ဖျော်ဖြေပွဲ ပြုလုပ်

ဇီဝက ရဲ့ ဂီတည  ရန်ပုံငွေ ဖျော်ဖြေပွဲ ပြုလုပ်

ရန်နောင်(ဗိုလ်တထောင်) မိုးမခ၊ ဖေဖော်ဝါရီ ၈၊ ၂၀၁၅
 
 ဆေးတက္ကသိုလ်( ၁)  ကျောင်းသား၊ ကျောင်းသူ ဟောင်းများအသင်း(UMIAA ) မှ နိုင်ငံတော်အတွက် ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှစောင့်ရှောက်မှု များပေးနိုင်စေရန် ရည်ရွယ်၍ ဇီဝက ရဲ့ ဂီတည ငွေပဒေသာပင်ရန်ပုံငွေ ဖျော်ဖြေပွဲကို ဖေဖေါ်ဝါရီလ (၆) ရက် သောကြာနေ့ ည( ၈) နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

 
UMIAA မှ ဒေါက်တာမြသီတာက “ ဒီဂီတ ရန်ပုံငွေ ဖျော်ဖြေပွဲကို စီစဉ်ဖြစ်သွားတာက ဆရာဝန်တွေထဲမှာ ဖြူဖြူကျော်သိန်းတို့၊ ချစ်သုဝေတို့လို နာမည်ကြီးအဆိုတော်တွေရှိတော့ ဒါလေးကို အခြေခံပြီး လုပ်ဖြစ်သွားတာပါ။ဒီပွဲ အတွက်ကိုလုပ်ငန်းရှင် ၂၀ နီးပါးခန့်က ကူညီထောက်ပံ့ပေးထားတာပါ။ တစ်ဦးတစ်ယောက်တည်း အားနဲ့ တော့ ဘယ်ရမလဲကွယ် လက်မှတ်ရောင်းချလို့ ရမယ့် ငွေကြေးအားလုံးကိုလည်း ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ မှာ လုပ်ဆောင်သွားမှာပါ ” ဟု ပြောကြားခဲ့သည်။
 

 

ဇီဝက ရဲ့ ဂီတည ဖျော်ဖြေပွဲ ကိုဆေးတက္ကသိုလ်(၁)  ကျောင်းသား၊ကျောင်းသူဟောင်းများမှ  တေးရေး အမရာ(ဆေး-၁) ရေးစပ်သီကုံးပေးသော “ ဆေး(၁) ရဲ့ အမိရင်ခွင် ” သီချင်းဖြင့်စတင်ဖွင့်လှစ်ခဲ့သည်။ထို့နောက် ခိုင်ထူး၊ စည်သူလွင် ၊ ဇော်ပိုင်၊ Lလွန်းဝါ၊ ဖြိုးပြည့်စုံ၊မေဆွိ၊မေခလာ၊ ဇမ်နူး၊ ရှင်ဖုန်း၊ ဖြူဖြူကျော်သိန်း၊ ချစ်သုဝေ၊ ချမ်းချမ်း၊ နေနေ၊ နီနီခင်ဇော်၊ အိမ့်ချစ်၊ ဆုထက်လှိုင်၊နန်းမြတ်ဖြိုးသင်း တို့မှ အလှည့်ကျ ဖျော်ဖြေပေးခဲ့ကြသည်။ 
 
ပထမအကြိမ် ကျင်းပသော အဆိုပါဂီတဖျော်ဖြေပွဲတွင် တေးဂီတ ကို PLUS THREE Music Band က ကူညီတီးခတ်ပေးခဲ့ပြီး သီဆိုပေးသော အဆိုတော်များကလည်း အခကြေးငွေ မယူပဲ မေတ္တာဖြင့် သီဆိုပေးခဲ့ခြင်းဖြစ်သည်။ရရှိလာသော ရန်ပုံငွေကြေးများကို သက်ကြီးရွယ်အိုဆရာကြီး ၊ဆရာမကြီးများအား ကျန်းမာရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန်၊ အသင်းဝင်ဆရာဝန်များမှ နှစ်လတစ်ကြိမ်ကွင်းဆင်းပြီး လိုအပ်သည့် ဒေသများ၌ ပြည်သူလူထုအား အခမဲ့ ကျန်းမာရေး ဆေးကုပေးနိုင်ရန်၊ အကြောင်းကြောင်းကြောင့် ပေါ်ပေါက်လာနိုင်သည့် သဘာယဘေးအန္တရာယ် နှင့် အခြားလိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု များတွင် လိုအပ်သလိုပါဝင်နိုင်ရန် ၊အများပြည်သူအတွက် ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များ ရေးသားပြုစု ဖြန့်ဝေနိုင်စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်းလည်း အခမ်းအနားအစီအစဉ်တင်ဆက်သူ ဒေါက်တာ ဖြိုးပြည့်စုံနှင့် ဒေါက်တာအေးချမ်းမိုးတို့ မှပြောပြခဲ့သည်။
ဆေးတက္ကသိုလ်(၁) ကို ၁၉၂၇ ခုနှစ် ဖေဖေါ်ဝါရီလ (၂) ရက်နေ့တွင် နိုင်ငံတော်မှ အုတ်မြစ်ချတည်ဆောက်ပေးခဲ့သဖြင့် ယခုအခါ (၈၈)နှစ်မြောက်ရှိခဲ့ပြီဖြစ်သည်။ နိုင်ငံတော်အတွက်လည်း အနာဂတ် ဆရာဝန်ကောင်းများ မွေးထုတ်ပေးရာနေရာလည်းဖြစ်သည်။ ၂၀၁၄ခုနှစ် မေလတွင် ဆေးတက္ကသိုလ် ကျောင်းသားကျောင်းသူ ဟောင်းများမှ မိမိတက္ကသိုလ်၏ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်းကောင်း၊ တက္ကသိုလ်၏ ပညာရည်အဆင့်အတန်းမြင့်မားရေး  နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်စေရန်အတွက် လည်းကောင်း ခေတ်စနစ်နှင့်အညီ ပံ့ပိုးကူညီမှုများကို ပြုလုပ်ပေးနိုင်ရန် တတ်နိုင်သည့် ကဏ္ဍမှ တစ်နိုင်တစ်ပိုင်ပါဝင်ကူညီဆောင်ရွက် သွားကြရန်ရည်ရွယ်၍ (UMIAA) ကို ဖွဲ့စည်းခဲ့ပြီး အသင်းဝင်ဦးရေ (၅၀၀) ကျော်ရှိသွားပြီ ဖြစ်ကြောင်းလည်း ထပ်မံသိရှိရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts