မှတ်စုမှတ်တမ်း ရသဆောင်းပါးစုံ

တင်ဇော်လွင် – ဗိုလ်ချုပ် ရာပြည့် နှင့် တံဆိပ်ခေါင်းများ


တင်ဇော်လွင် – ဗိုလ်ချုပ် ရာပြည့် နှင့် တံဆိပ်ခေါင်းများ
(မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၁၅
 
ဗိုလ်ချုပ်နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေ အတွက် အထိမ်းအမှတ် ဂုဏ်ပြုတံဆိပ်ခေါင်းတွေ အကြောင်း စဉ်းစားလိုက်ရင် ရင်ထဲမှာ  ဆို့လာမိတယ်။ တို့ တိုင်းပြည်အတွက် သူတို့ဆောင်ရွက်ခဲ့တဲ့၊ အနစ်နာခံ လုပ်ဆောင်တဲ့ ကျေးဇူးတရားတွေကို အသ်အမှတ်ပြုတဲ့နေရာမှာ တို့ပြည်သူတွေဟာ တာဝန်မကျေခဲ့ပါလား၊ အတော်လိုခဲ့ပါလား။ ဘယ်သူ့ဆီကို ဦးတည်ရမှန်း မသိတဲ့ ဒေါသတွေကလဲ စဉ်းစားလိုက်တိုင်း (တားမနိုင် ဆီးမရ) ထွက်၊ ထွက်လာတယ်။
 
ကြည့်လေ။
ဗိုလ်ချုပ်တို့ လုပ်ကြံခံရတာ ၁၉၄၇ ဇူလိုင်လ ၁၉ ရက်နေ့ ၊ တိုင်းပြည် လွတ်လပ်ရေးရတာက ၁၉၄၈ ဇန်နဝါရီလ (၄) ရက်နေ့ ။သူတို့ ကြိုးပမ်းခဲ့တဲ့ လွတ်လပ်ရေးကို သူတို့မြင်မသွားရရှာဘူး။ လူထုကြီး လွတ်လပ်ရေးရလို့ ပျော်နေကြတာကို သူတို့မြင်မသွားရရှာဘူး။
 
အဲဒီ နေ့ထူးနေ့မြတ် လွတ်လပ်ရေးနေ့မှာ အထိမ်းအမှတ်အနေနဲ့ တံဆိပ်ခေါင်းထုတ်တော့ ဗိုလ်ချုပ်ပုံ နဲ့ (၅) လုံးထုတ်ဝေခဲ့တယ်။ အဲဒီတံဆိပ်ခေါင်းတွေနဲ့  ပတ်သက်ပြီး ပြောစရာတွေ အများကြီး ရှိလာတယ်။ရင်ထဲမှာ ဆို့လာတာကို ပြောပါတယ်။
 
  တကယ်လွတ်လပ်ရေးရတဲ့ ဇန်နဝါရီလ (၄) ရက်မှာ မထုတ်နိုင်ခဲ့ဘူး။ ၂ရက်ကြာပြီး (၆) ရက်နေ့မှာမှ ထုတ်ဝေနိုင်ခဲ့တယ်။ နောက်တခုက တံဆိပ်ခေါင်း ဒီဇိုင်းအနေနဲ့ အသစ်မလုပ်နိုင်ဘဲ ရှိပြီးသား ၊ထုတ်ပြီးသား ဒီဇိုင်း အဟောင်း ကိုဘဲ သုံးခဲ့ကြတယ်။
 
ပြောရရင်  လွတ်လပ်ရေး ကြိုးပမ်းမှု ကါလတလျှောက်လုံးမှာ
ဗမာပြည်သည် တို့ပြည်
ဗမာစာသည် တို့စာ
ဗမာစကားသည် တို့စကား
တို့ပြည်ကို ချစ်ပါ
တို့စာကို ချီးမြှင့်ပါ
တို့စကားကို လေးစားပါ
လို့ လက်ရုံးဆန့်တန်း ကြွေးကြော်လာခဲ့ကြပြီး—-။
 
ဟော အခု လွတ်လပ်ရေးလဲရရော …ထုတ်တဲ့ အထိမ်းအမှတ် တံဆိပ်ခေါင်းမှာကျတော့ ဗမာစာလုံး တလုံးမှ မပါဘူး။ ကဲ အဲဒါဖြစ်သင့်သလား။စဉ်းစားကြည့်ကြလေ။ နဲနဲ ထပ်ပြီး အကျယ်တဝင့် ရှင်းပြရဦးမယ်။ အင်္ဂလိပ်လက်ထက်မှာ မဟာမိတ် တွေ စစ်အောင်နိုင်တဲ့ အထိမ်းအမှတ်အနေနဲ့ တံဆိပ်ခေါင်း (၄) မျိုးထုတ်ခဲ့တာက စပြောရမှာဘဲ။ ဂျော့ဘုရင် ရဲ့ ပုံနဲ့ ၁၉၄၆ မေလ(၂) ရက်နေ့မှာထုတ်ခဲ့တာ။



 
အဲဒီ သုံးပြီးသား ဒီဇိုင်း(၄) မျိုးထဲက တမျိုးကိုယူ။ ဂျော့ဘုရင်နေရာမှာ ဗိုလ်ချုပ်ပုံကိုထည့်ပြီး လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ်(ပြီးစလွယ်) ထုတ်လိုက်ကြတာဘဲ။အရောင်ပြောင်း၊ တန်ဘိုးပြောင်းပြီးထုတ်လိုက်တာဘဲ။ ဒီလောက် အရေးကြီး တန်ဖိုးထားရမဲ့ အထိမ်းအမှတ်ထုတ်အတွက် ဒီဇိုင်းအသစ်ကလေးတွေ မလုပ်နိုင်ခဲ့ဘူး။ တို့တတွေဟာ ညံ့ခဲ့ကြတယ်။ပြီးတော့ ဗမာစာလုံးလဲ တလုံးမှ မပါခဲ့ဘူး။(တန်ဖိုးဖေါ်ပြတဲ့ ပဲ -ပိုင်ကလွဲလို့)

 နောက် ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီး တနှစ်မြောက်တဲ့ ၁၉၄၈ ဇူလိုင်( ၁၉) မှာ တံဆိပ်ခေါင်း (၁၂) လုံး ဝေဝေဆာဆာ ထုတ်ပြန်ခဲ့ပါတယ်။အဲဒီတံဆိပ်ခေါင်းတွေ ဟာ အရွယ်တူ ၊ဒီဇိုင်းတူတွေပေါ့။ အရောင်နဲ့ တန်ဘိုးသာကွဲတာ။ ဗိုလ်ချုပ်နဲ့ အာဇာနည်ပုံတွေ မပါပေမဲ့ လွှတ်တော်ရှေ့မှာ အလံတဝက်လွှင့်ထူပြီး လွမ်းသူ့ပန်းခွေ တွေနဲ့ ပုံဖေါ်ထားတဲ့ ဒီဇိုင်းကလေး


 



ဒီဇိုင်း…. A.G.I  McGeogh

ပုံနှိပ်….Thomas De La Rue ( England)


အောက်ခြေမှာလဲ “ ဗိမာန်နန်းဖြင့် ပျော်စံတင့် လင့်ခါ နှစ်လည်မေ့နိုင်ပြီ ” ဆိုတဲ့စာတမ်းကို ရေးထားတယ်။ကျကျနန သေသေသပ်သပ် ထုတ်ဝေနိုင်ခဲ့တယ်လို့ဆိုရမယ်။ ဒါပေမယ့် ဒီဇိုင်းရှုထောင့်ကနေကြည့်ရင်တော့ တကယ်ခန့်ခန့်ငြားငြား အပျံစား ဒီဇိုင်းအတန်းအစားထဲမဝင်ဘူး။သာမန်ရွက်ကြမ်း ရေကျို အဆင့်လောက်ဘဲ ။နောက်ပြီး ဒီဇိုင်းကလဲ တမျိုးထဲ။ဗမာစကားလုံး အရေးအသား အဆွဲအငင်တွေကလဲ မှားမှားယွင်းယွင်းနဲ့ ပုံမကျ ပန်းမကျ ။
 
  အဲဒီ အာဇာနည်နေ့ နှစ်ပတ်လည် အထိမ်းအမှတ် တံဆိပ်ခေါင်းကို ၁၉၄၈ မှာ ထုတ်ဝေပြီး နောက်ထပ် နှစ်ပေါင်း ၂၀  လောက်အကြာ ၁၉၆၈ ခုနှစ်မှာတော့ ( အနှစ် ၂၀ မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ထုတ်ဝေတဲ့အခါ ) ဗိုလ်ချုပ်ရဲ့ ပုံကို တံဆိပ်ခေါင်းပေါ်မှာထည့်သုံးထားတယ်။ နှစ်ပေါင်း ၂၀ ကြာမှ သူရဲ့ ကျေးဇူးကို တခါပြန်ပြီး သတိရသလိုဖြစ်နေတော့တာပေါ့။ အဲဒါမတိုင်ခင် လွတ်လပ်ရေးနေ့တွေမှာ တံဆိပ်ခေါင်းတွေတော့ လှိုင်လှိုင်ထုတ်ပါရဲ့။ ဒါပေမဲ့ အာဇာနည်တွေကို ဂုဏ်ပြုပြီး ထုတ်ဝေတာမျိုး မရှိခဲ့ဘူး။
 
တခြား နိုင်ငံတွေမှာ ဆိုရင် သူတို့ရဲ့ လွတ်လပ်ရေးဖခင်တွေ၊ လွတ်လပ်ရေးခေါင်းဆောင်တွေကို မပျက်မကွက် လေးလေးစားစားဂုဏ်ပြုကြတယ်။တံဆိပ်ခေါင်းတွေ ထုတ်ကြတယ်။ ဥပမာအားဖြင့်  ဗီယက်နမ်မှာဆိုရင် “ ဟိုချီမင်း ” ရဲ့ ပုံနဲ့ တံဆိပ်ခေါင်း တွေကို ပလူပျံအောင် ထုတ်ဝေခဲ့ကြတယ်။မွေးနေ့ အထိမ်းအမှတ်၊ လွတ်လပ်ရေးအထိမ်းအမှတ်နဲ့ အမျိုးကို စုံနေတာဘဲ။ဒီဇိုင်းတွေကလဲ ထိပ်တန်း အပျံစားတွေ။ အဲဒီလို လေးလေးနက်နက်နဲ့ ဂရုတစိုက် ကျေးဇူးတုံ့ပြန် ဂုဏ်ယူပြသကြတယ်။တိုကဆီမတော့ နှစ် ၄၀ ကြာမှတခါ။


 

 
  နောက်ဆုံးထုတ်ခဲ့တဲ့ ဗိုလ်ချုပ်ပုံ ပါတဲ့ တံဆိပ်ခေါင်းကတော့ ၁၉၇၂ ဖေဖေါ်ဝါရီ (၁၂) ရက်နေ့မှာ ထုတ်ဝေတဲ့ ၂၅ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်တံဆိပ်ခေါင်းဘဲ။

 

အဲဒီနောက် တလုံးတလေမှ မထုတ်ခဲ့ဘူး ၈၈ နောက်ပိုင်း စစ်အာဏာရှင် ခေတ်အဆက်ဆက်အောက်မှာတော့ အားလုံးသိကြတဲ့အတိုင်းဘဲ ဗိုလ်ချုပ်ကိုပါ သမိုင်းစာမျက်နှာတွေပေါ်က ဖျောက်ဖျက်ပစ်ဖို့ အညှိုးကြီးကြီးနဲ့ ယုတ်ယုတ်မာမာ ကြိုးစားလာကြတာလေ။ တံဆိပ်ခေါင်းထုတ်ဖို့ ဆိုတာကတော့ ဝေးရောဘဲ။ အခုလို – ဗိုလ်ချုပ် နှစ် ၁၀၀ ပြည့် ရောက်လာတော့
ဟိုအရင် တို့ နိုင်ငံသားတွေ ပျက်ကွက်ခဲ့တဲ့ လုပ်ရပ်တွေကို ကြည့်ပြီး ရင်ထဲမှာ ဆို့လာမိတယ်လို့ ပြောမိတာ လွန်တယ်လို့မထင်ပါဘူး။ နောက်လူတွေက အဲဒါတွေကို သိပြီး မြင်ကြဘို့ ပြောချင်တာပါ။
 
တင်ဇော်လွင်

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts