မာမာအေး မာမာအေး

မာမာအေး – ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ် (၅၆၉ ) သုံးရာသီ – နှစ်ပုဒ်

ဖေဖော်ဝါရီ ၂၀၁၄ က ဂီတအစည်းအရုံး ၄ကြိမ်မြောက် ကန်တော့ပွဲမှာ

မာမာအေး –  ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်  (၅၆၉ ) သုံးရာသီ – နှစ်ပုဒ်
(ဘီဘီစီ) ဖေဖော်ဝါရီ ၆၊ ၂၀၁၅

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …

မာအေးချစ်တဲ့သောတရှင်တွေဂီတဝါသနာရှင်တွေ အားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရော စိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ၊ ဟိုတုန်းက မာအေးတို့တွေမှာ  “ သူတည်းတယောက်ကောင်းဖို့ရောက်မူ ” လို့စတဲ့ အနန္တသူရိယအမတ်ကြီးထားခဲ့တဲ့ မျက်ဖြေလင်္ကာလို ကောက်ရမလား မပြောတတ်ပါဘူး၊ ကေါင်းတာ မကေါင်းတာထား ၊ နောက်ဆု့းပေါ်ဆိုမှ ကေါင်းတယ် ထင်ကြကုန်သလိုကြီး ဖြစ်ဖြစ်နေတာများလာတော့ အချစ်အပစ်တွေ အဟစ်တွေနဲ့ဝေးခဲ့တဲ့ အနှစ်အကာစုံတေးတျာနွဲ့စာဖွဲ့ခဲ့ကြတာ ရာသီစာပါမကျန်ခဲ့ပါဘူးလို့ ပြောပြချင်လာပါတယ်။ ကိုယ်ကလဲ နာမည်တူတွေရှိတဲ့ အကြောင်းပြောလက်စနဲ့မို့ ၊ ရာသီဖွဲ့ကါလပေါ် သီချင်း (၂)ပုဒ် ၊နာမည်တူရှိပါတယ်၊ သီချင်းကတော့ မတူပါဘူး။ တချိန်တည်းမှာ ပေါ်ပေါက်ခဲ့တဲ့ သီချင်းတွေလဲ မဟုတ်ဖူး ပြောရမှာပေါ့။ တပုဒ်က  သဟာယဆရာတင်ရေးပြီးတော့ အေဝမ်းဓါတ်ပြား အမှတ် A.1.F.42.1939 MAY လို့ မှတ်တမ်းရှိတဲ့ “ သုံးရာသီ ” သီချင်းဖြစ်ပါတယ်။ဓါတ်ပြားသွင်းသီဆိုထားတဲ့ အသံရှင်ကတော့ ခေတ်ဟောင်းရုပ်ရှင်မင်းသမီးကြီး “ မေရှင် ” ပါဘဲ။ ခုတော့ ပြန်ဆိုထားတဲ့ မာအေးအသံကိုဘဲ တင်ပြနိုင်မှာပါနော်။

(သုံးရာသီ မှ) တိမ်မှောင်ဝေကင်းအောင်လို့၊ နေမင်းရောင်ရှိန်ဖြာ—-နွေတပိုင်းမှာ ဝေမှိုင်းမှုံ ကုန်ခင်ကွာကျ ၊ မိုးခါရာသီကူးပြန်တော့ တိမ်မိလ္လာ ထိန်ဝါကွန့်မြူးတာ၊ လေရူးသုန်လို့ ဆီးနှင်းမှုံရည်ပြာ၊ ဆောင်းဥတုကူးပြောင်းတဲ့အချိန်မှာ နွေဂိမ္မာန်အခါလွမ်းအောင်ဖန်တာ၊ မိုးတိမ်ညွန့်လွှာ ကင်းစင်နေရှာ ၊ကေါင်းကင်ထက်ဝဠာ xx

ဖေဖော်ဝါရီ ၂၀၁၄ က ဂီတအစည်းအရုံး ၄ကြိမ်မြောက် ကန်တော့ပွဲမှာ တွေ့ရတဲ့ အဆိုတော် ဦးအံ့ကြီး

ဒီ မမရှင်ဆိုခဲ့တဲ့ “ သုံးရာသီ ” သီချင်းလေးဟာပြန်ပြီး အသံမသွင်းဖြစ်ခင်မှာကတည်းက အမှတ်တရရင်ထဲမှာ ဒဏ်ရာ ရထားခဲ့ပါတယ်လို့ ပြောပြစရာရှိပါတယ်။ မာအေးကို ဒီသီချင်းစတက်ပေးခဲ့တာ စန္ဒရားအကျော်အမော်ကြီးတဆူဖြစ်ခဲ့တဲ့ “ဆရာအေဝမ်းခင်မောင်” ဖြစ်ပါတယ်ရှင်။ မာအေးမိဘများရဲ့ ဆရာလဲ ဖြစ်ပါတယ်။ မာအေးငယ်ငယ်လေးတုန်းက တီးဝိုင်းထဲ လိုက်သွားတဲ့အခါ “  ငါးမူးပြားအဝိုင်းလေး ” ပေးပေးပြီး သီချင်းဆိုခိုင်းလာခဲ့တဲ့ ကျေးဇူးရှိတာ ပေါ့။ ဒီဆရာကြီးအသက်ရလာတော့ ကသီလင်တဖြစ်လာတဲ့တိုင်လဲ ဆရာတပါးကို နိုင်သလို စောင့်ရှောက်ခွင့်ရခဲ့ပါတယ်။ ရုပ်ရှင်တွေလဲ အများကြီး အတူဆိုခဲ့ရတယ်။အသံလွှင့်တာမှာရှိအောင်ဆိုပြီး “ စက်လဲမရွှင် ပတ်ပျိုး ” ကို ရုပ်ရှင်မှာ တီးသလို လာတီးပေး အသံလွှင့်ပေးလုပ်ခဲ့ပါတယ်။ ရုပ်မြင်သံကြားအတူ ရိုက်ဖို့ဆိုပြီး မာအေးအိမ်ကိုလာပြီး ဒီသီချင်းလေးတိုက်ပေးခဲ့ရှာတယ်။ ပထမတခါ အသံလွှင့်ရုံက ရက်ချိန်းဖျက်လိုက်လို့ ဆိုတာနဲ့ ဖီးလိမ်းပြီးသားက သွားမရိုက်ဖြစ်ခဲ့ပါဘူး။

နောက်ချိန်းတဲ့ရက်ကျတော့ မမေးမစမ်းမိဘဲ မာအေးက အသံလွှင့်ရုံကို ရုပ်မြင်ရိုက်ဖို့သွားပါရော။ ဟော…..ဆရာ ဆေးရုံရောက်နေတယ်ဆိုတဲ့ အကြောင်းဘဲ ၊ဝင်ပေါက်ကပြောလို့ ကြားခဲ့ရတယ်။ ဘာဖြစ်မှန်းမသိခဲ့ပါဘူး။ဆေးရုံမှာ ဖိနပ်ပျောက်လို့ မှာတာတောင် ၊ “စိတ်မချရဘူး … အကေါင်းဝယ်မပေးလိုက်ပါနဲ့ ရော်ဘာဖိနပ်ပဲပေးလိုက်ပါ …” လို့ မာအေးကုန်ကျမှာစိုးတဲ့ ဆရာမျိုးပါ။ မလာပါနဲ့လို့ပြောလိုက်ပေမယ့် မာအေးစိတ်က မသင်္ကာလို့ လိုက်သွားကြည့်မှ ကင်ဆာရောဂါကုအခန်းမှာ ၊ လူတွေ ကျပ်သပ် ကုတင်ချင်းကပ်နေတဲ့ ရန်ကုန်ဆေးရုံကြီးထဲမှာ တွေ့ခဲ့ရပါတယ်၊ လျှာအောက်မှာ ပေါက်တဲ့အပူဖု အရည်ကြည်ကလေးကို ဖေါက်လိုက်ပြီး ညှော်မိတာက စ၊ အနာဖြစ် ကင်ဆာဝင်တာတဲ့ရှင်။ မာအေးကို စကားတောင်မပြောနိုင်တော့ဘူး၊ ခံတွင်းက အနံ့မရအောင်တဲ့ လက်ကိုင်ပုဝါနဲ့ ပိတ်ထားပြီး မျက်ရည် ကျရှာတယ်၊ မာအေးလဲ ဆရာ့ကို ဖက်ပြီး ငိုခဲ့ရတယ်လေ။ သူ မြေကျတော့ ကိုယ်က ခရီးအဝေးရောက်နေပြီ၊ အနုပညာသည်များရဲ့ဘဝကတော့ The Show must go on လို့ ဖြစ်နေကြပါဘဲ။

ဒီသီချင်းအကြောင်းပြောတော့ အရမ်းလွမ်းပါတယ်လို့ဘဲ ပြောနိုင်တော့တယ်။ ဆရာနဲ့အတူ ရုပ်မြင်ရိုက်ဖို့ နောက်ဆုံးသင်ပေးခဲ့တဲ့ သီချင်းလေးလို့ အနာတရလေးပေါ့။ ဒါကတော့ ခေတ်ဟောင်းသီချင်းစာရင်းဝင် “ သုံးရာသီ ” ပေါ့နော်။

နောက်တပုဒ်က အဆိုတော်ကိုအံ့ကြီးဆိုတဲ့ “ သုံးရာသီ ” သီချင်းပါရှင်။ ဘီတီဘရားသား အပျော်တမ်းတူရိယာအဖွဲ့အနေနဲ့ အသံလွှင့်ခဲ့တဲ့ သီချင်းတွေထဲမှာ ပါဝင်တဲ့ နာမည်ကျော်တေးတပုဒ်ဖြစ်ပါတယ်။ မာအေးတို့ မိသားစုဝင် မေမေ့အကို – ဘကြီးအောင်ခင်နဲ့ ဒေါ်လေးသန်းသန်းတို့ နဲ့ စမ်းချောင်းကြံခင်းလမ်း အိမ်မှာ နေတုန်းကတည်းက အကိုအံ့ကြီးရဲ့သီချင်းတွေက ကျော်ကြား လူကြိုက်များနေပါပြီ။ ၁၉၅၂-၅၃ခုနှစ်လောက်ပဲ ရှိဦးမယ်ထင်ပါရဲ့။ ချိုတေးသံ စာအုပ်ကြီးက ၁၉၅၈ -ခုနှစ်မှထွက်တော့ နောက်ကျမှ ဖေါ်ပြတာနေလိမ့်မယ်။ မာမာအေး ဘာမှ မဖြစ်သေးတဲ့ အချိန်ဘဲပေါ့။ ကိုအံ့ကြီးသီချင်းတွေထဲက သူ့မေတ္တာ ဆိုတဲ့ သီချင်းဆို တအားကြိုက်ခဲ့တာဘဲ။ အကိုအံ့ကြီးက ယေါက်လမ်းက သူဌေးခြံဝိုင်းထဲမှာ မာအေးသီချင်းတွေ ဆိုတာတွေ့သွားလို့ သူ့ မိတ်ဆွေ လူကြီးသူဌေးအိမ်တွေမှာ ဧည့်ခံပေးဘို့ ကြုံရင်လာခေါ်အတူဆိုခိုင်းနဲ့မို့ ရင်းနှီးခဲ့ရတာပါ။ အဲဒီလို အတူဆိုတဲ့အခါကျမှ မာအေးဆိုဆိုနေတဲ့ ဒီကိုအံ့ကြီးသီချင်းဟာ “ သုံးရာသီ ” နာမည်ရှိပါလား လို့သိခဲ့ရတာပါ။ ရာသီဖွဲ့ သဘာဝသီချင်းလေးမို့ နားဝင်ချိုပါတယ်ရှင်။

X (သုံးရာသီ- ကိုအံ့ကြီး)  မောင်မေ့နိုင်ဘူးကွယ့် ခင့်ကို ၊လတွေ နှစ်တွေ ပြောင်းလေပို ၊ အချစ်ဦးလေးပျို လွမ်းနေတဲ့ ရက်ကို၊ မျှော်ရောင်ကါ အဆို၊ နေ့စဉ်ဘဲ တမ်းတပို ၊နွေဦးကဆို သွင်းလေရူးရမ်းပို၊ ဟိုညောင်ပင်ညိုညို ၊ ငှက်ရွှေသြက ချွဲသကို ချစ်သူဝေးလို့ အလွမ်းတွေပိုxx ( မိုးမင်းလွန်ကဲ ဝသန်ခါဆို၊ လျှပ်နွယ် ခြူးကျူးတော့ ကို ၊ ရှစ်ခွင်တိုင်း မှိုင်းပို၊ ခင့်ကိုဘဲ မှန်းဆို၊ မေ့နိုင်ဘူးချစ်တဲ့ပျိုxx )၂x  မြူမှုံမှုံ ချိန်ခါဆို မြောက်ပြန်လေညှင်း ငွေနှင်း ဖွေးဖွေးစို ၊ တကိုယ်ရေထဲနော် ငြီးငွေ့သလိုလို ထင်ယောင်တွေပို၊ အစဉ်ဘဲ စိမ်းစို မောင့်နေရင်းရပ်ပျို၊ နဂိုနေယဉ်ရှာသကို၊ ကပိုကယို အဆင်းကအလှမို့တွေ့မြင်ခဲ့ရ အလွမ်းတွေပိုxxx

 

ဇန်န၀ါရီ ၂၀၁၅၊ နိုဘယ်မြန်မာ စာပေပွဲတော်မှာ တွေ့ရတဲ့ ဒေါ်မာမာအေး

Photo – ရန်နောင်(ဗိုလ်တထောင်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts