ကဗျာ

ဖော်ဝေး – ရေလယ်မီးပြ

ဖော်ဝေး – ရေလယ်မီးပြ
(မိုးဝေ ကဗျာ ပြန်လည်ဆန်းသစ်ခြင်း)
မိုးမခ၊ ဖေဖော်ဝါရီ ၀၄၊ ၂၀၁၅

အမှောင်ကြားမှာ
စမ်းတ၀ါးဝါး
သွားနေရရင်
ဘယ်ခရီးတွင်ပါ့မလဲ။

ပင်လယ်ပြင်ဟာ
အရွယ်ဝင်စ
အပျိုမရဲ့ 
နားလည်ရခက်တဲ့ မျက်နှာလို
ခု ငိုမယ်၊ ခု ရယ်မယ်
မှန်းဆဖို့  မလွယ်ပါဘူး။

ညဆိုတာက
မှောင်ကြီးကျပလားဆို
ဘာဆို ဘာမှ
မမြင်ရတာ
ဘယ်ဟာ ကမ်းပါး
ဘယ်နား ကျောက်ဆောင်
သောင်က ဟိုရှေ့
အကွေ့ဒီမှာ
ရှာမရနိုင်။

ဟို… အဝေးဆီက
မီးနီရွှန်းပြက်
တလက်လက်နဲ့
လက်ညှိုးညွှန်တယ်
ရေလယ်“မီးပြ”
ကျေးဇူးတင်စရာ။

မီးပြကိုကြည့်ပြီး
ခရီးထွက်ခွာ
ဘယ်နေရာဆို
ဘယ်လိုအန္တရာယ်
ဘယ်အဆွယ် ဘယ်အကွေ့
ဘယ်ရွေ့  ဘယ်မျှ
မှန်းဆလို့ ရပါပြီ။

ဒါပေမဲ့
အနီရောင် တလက်လက်နဲ့
မီးပြများ… ပျက်တဲ့အခါ
အန္တရာယ်ဟာ
မငယ်တော့ပေဘူး။

သဲသောင်ပေါ်မဆိုက်
ကျောက်ဆောင်နဲ့ မတိုက်
အမှောင်ထဲက
မီးပြနဲ့ တိုက်တာကြောင့်
သင်္ဘောမှောက်ခဲ့ရတာမျိုးတွေ။                ။

ဖော်ဝေး
မိုးဝေ၊ ၁၉၇၂၊ မေလ

(ဗမာ့ဒီမိုကရေစီအရေးမှာလည်း ပျက်နေတဲ့ ရေလယ်မီးပြနဲ့ မကြုံတွေရစေလိုကြောင်း မိုးမခက ဆန္ဒပြုလျက် လွန်ခဲ့သည့် (၃၇) နှစ် ၁၉၇၈၊ ဇူလိုင် (၃) ရက်က ကွန်လွန်ခဲ့ရှာပြီဖြစ်သည့် ကဗျာဆရာ ဖော်ဝေး အမှတ်တရ ပြန်လည် တင်ဆက်လိုက်ပါသည်။  အခကြေးငွေ အလို့ငှာ စီးပွားဖြစ် အသုံးချခြင်း မဟုတ်ပါ။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts