စာစုတို သစ်ကောင်းအိမ်

သစ်ကောင်းအိမ် – ငွေလရောင်ရဲ့ တိမ်းရှောင်သူ (အပိုင်း -၄)

သစ်ကောင်းအိမ် – ငွေလရောင်ရဲ့ တိမ်းရှောင်သူ (အပိုင်း -၄)
(မိုးမခ) ဇန်န၀ါရီ ၂၉၊ ၂၀၁၅

ညနေစောင်းပြီဆိုလျှင်
ကျနော်တို့အိမ်အပေါ်ထပ် ဝရန်တာလေးမှ
မြင်ခွင့်ရသည့် မြင်ကွင်းတခု ရှိခဲ့ပါသည်။

ပျံလွှားငှက်ဟု ကျနော်ထင်မြင်သော
ငှက်ကလေးများအုပ်စုနှင့်
မျိုးချစ်မျက်ကန်း ကျီးကန်းများ
တအုပ်စုနဲ့တအုပ်စု ထိုးဆိတ်သတ်ဖြတ်သော
ငှက်တိုက်ပွဲဖြစ်ပါသည်။

ညနေရောက်တိုင်း
သူတို့ တအုပ်စုနဲ့ တအုပ်စု
ထိုးဆိတ်သတ်ဖြတ်ကြပါသည်။

သူတို့တကိုယ်စာ
သူတို့ငှက်မျိုးနွယ်စု တစုစာ
အတောင်ပံများ ပျံသန်းရန်အလို့ငှာ
သဘာဝကြီးက သဘောထားကြီးကြီး ကျယ်ပြန့်ပေးထားသော
ကောင်းကင်ပြာကြီးသည်
ထိုငှက်အုပ်စုများ၏ အတောင်ပံများ
အပျင်းဆန့်ရန်အတွက်မူ
ကျဉ်းလွန်းလှသည် ထင်ပါသည်။

ငှက်များ၏
စစ်ပွဲကို ကျနော့်က အလိုမတူလျက်
ငေးမောတွေဝေရင်း
ရောက်ရှိလာသော တခုသော နွေဦးရာသီတွင်တော့
ကံကြမ္မာက
ခါချဉ်ကောင်များ အသိုက်ဖွဲ့ထားသော
အင်းကြင်းပန်းခိုင်တခိုင်အား
အမြိုက်တရားအဖြစ် ချိုးယူကာ
ချစ်လက်ဆောင်အဖြစ်
၃၁ ဘုံကို ဗုံသရေကျက်ပြီး တီးချင်မိသည့်
သေရာပါမည့် အပြင်းစား စိတ္တရောဂါတခုကို ရရှိခဲ့သူမှာကား
ထိုသူလည်း မဟုတ်ခဲ့ပါ။

(ဆက်လက်ဖော်ပြပါမည်)

Painting by ZL Feng

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts