ကျော်ဟုန်း ဖြစ်ရပ်များ၊ အမှတ်တရများ

ကျော်ဟုန်း – အများနဲ့ မတူ တမူကွဲခြားတဲ့ ဗိုလ်ချုပ်အောင်ဆန်း

ကျော်ဟုန်း – အများနဲ့ မတူ တမူကွဲခြားတဲ့ ဗိုလ်ချုပ်အောင်ဆန်း
(မိုးမခ) ဇန်န၀ါရီ ၂၉၊ ၂၀၁၅

ဘာလိုလိုနဲ့ ၂၀၁၅၊ ဖေဖော်ဝါရီ၊ ၁၃ ဆိုရင် ကျနော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ ၁၀၀ ပြည့်နှစ် ရောက်ပြီပေါ့။  ဗိုလ်ချုပ်ရဲ့ ထူးခြားတဲ့အကြောင်းကို  ကျနော် ဆောင်းပါးရေးဖူးပါတယ်။ လွန်ခဲ့တဲ့ ၉ နှစ်တုန်းကပေါ့။ စင်္ကာပူကထုတ်တဲ့ ရွှေမြန်မာမဂ္ဂဇင်းကို ရေးပို့ဖူးတာပါ။ ရွှေမြန်မာကို ဒေါက်တာခင်မောင်လတ်က ဦးစီးထုတ်လုပ်တာပါ။  ရသစာပေ မဂ္ဂဇင်းအမျိုးအစားဖြစ်ပါတယ်။ အဲဒီ ရွှေမြန်မာဆီကို ကျနော့်ဆောင်းပါး ၂ စောင် ပို့ဖူးပါတယ်။ ပို့လိုက်တဲ့ ဆောင်းပါး ၂ စောင်အနက် တစ်ပုဒ်ကဖော်ပြခံရမှန်း ကျနော်သိရပေမယ့် ဗိုလ်ချုပ်နဲ့ဆက်နွယ်တဲ့ဆောင်းပါးက ဖော်ပြဖြစ် မဖြစ် မသိခဲ့ပါဘူး။ ဘာလို့လဲဆိုတော့  ဆရာဒေါက်တာခင်မောင်လတ်နဲ့ ကျနော်အဆက်အသွယ်ပြတ်သွားခဲ့လို့ပါ။ ပြောချင် တာက လွန်ခဲ့တဲ့ ၉ နှစ်လောက်ကတည်းက ဗိုလ်ချုပ်အကြောင်းရေးခဲ့တာလေး ခုဗိုလ်ချုပ် နှစ် ၁၀၀ ပြည့်မှာ တမ်းတမ်းတတ ပြန်သတိရလာမိလို့ပါ။

ဆောင်းပါးခေါင်းစဉ်က (သမိုင်းထဲက သိင်္ဂါရသီချင်း ၂ ပုဒ်) လို့ အမည်ပေးထားတယ်ထင်ရဲ့။ ဒီဆောင်းပါးထဲမှာ ဗိုလ်ချုပ်ရဲ့ အများနဲ့မတူ ကွဲခြားတဲ့ စရိုက်၊ လိုရင်းကိုတိုတိုရှင်းရှင်းနဲ့ထိထိရောက်ရောက် အချိန်တိုအတွင်း လုပ်ဆောင်တတ်တဲ့ စကားနဲ့ အမူအကျင့်၊ အများအတွက် အကျိုးပြုမယ့်ကိစ္စမျိုးဆိုရင် ဦးစားပေးလုပ်တတ်တဲ့ ချစ်စရာ့ဓလေ့တွေကို ကျနော် ဖတ်ဖူး၊ မှတ်ဖူးခဲ့သမျှနဲ့ ကျနော်ကြုံဖူး၊ သိဖူးခဲ့သမျှတွေကို ပြန်ဖောက်သယ်ချင်လို့ ရေးခဲ့တာပါပဲ။

ကျနော်က ဗိုလ်ချုပ်အောင်ဆန်းကို မမီခဲ့ပေမယ့် ဗိုလ်ချုပ်ရဲ့ ကိုယ်ရေးအရာရှိ ဗိုလ်ထွန်းလှကိုတော့ ကောင်းကောင်းကြီးမီခဲ့ ဆုံခဲ့ရဖူးပါတယ်။ ကျနော် ငယ်စဉ်က နေထိုင်ရာ ရန်ကုန်မြို့ ရဲ့  စမ်းချောင်းမြို့ နယ်ထဲမှာ အလွတ်ပညာသင်ကျောင်းတကျောင်း ရှိခဲ့ဖူးတယ်။ United Youth ပညာသင်ကျောင်းပါ။ နှစ်ပေါင်း ၃၀ ကျော် အောင်မြင် ဖွင့်လှစ် ပညာဒါနပြုခဲ့တဲ့ ကျောင်းပေါ့။  ကျောင်းအုပ်ဆရာကြီးဦးမောင်မောင်သန်းဦးစီးပြီး ဆရာ၊ ဆရာမများက ၅ တန်းကနေ ၁၀ တန်းအထိ အင်္ဂလိပ်၊ သင်္ချာ၊ ရူပ၊ ဓာတု သင်ရိုးညွှန်းတန်းအတိုင်း အခမဲ့သင်ကြားပေးပါတယ်။ အဲဒီတုန်းက ကျူရှင်တွေ ခေတ်ထနေချိန်ပေါ့။ တဘာသာကို ၁၅ ကျပ်ယူသင်နေတဲ့ ကျူရှင်တွေနဲ့ပြိုင်ဖွင့်လှစ်နိုင်ပြီး စည်းကမ်းကြီး၊ အသင်အပြကောင်းလို့  စမ်းချောင်း၊ ကြည့်မြင်တိုင်က ကျောင်းသားမိဘတွေ၊ ကျောင်းသားကျောင်းသူတွေ အားထားရတဲ့နေရပေါ့။ ဆရာကြီးဦးမောင်မောင်သန်းကျောင်းမှာ မိဘဆရာအသင်းလည်း ရှိတယ်။ မိဘဆရာအသင်းဥက္ကဋ္ဌက ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရေးအရာရှိလုပ်ခဲ့သူ နိုင်ငံဂုဏ် ရည်ပထမဆင့် ဗိုလ်ထွန်းလှပါ။ ဗိုလ်ထွန်းလှဟာ စာရေးဆရာ တက္ကသိုလ်နေဝင်းပါ။ ဘာသာပြန်ဝတ္ထုတွေ၊ ဗိုလ်ချုပ်အတ္ထု ပ္ပတ္ထိတွေ ရေးပါတယ်။ ရုပ်ရှင်သရုပ်ဆောင်လည်း လုပ်ခဲ့ဖူးသူပေါ့။ အဲ့ဒီဗိုလ်ထွန်းလှဟာ ကျနော်တို့ United Youth အလွတ် ပညာသင်ကျောင်းမှာ နှစ်ဝက်ညီလာခံ၊ နှစ်လည်ညီလာခံ၊ မြန်မာနိုင်ငံရဲ့ နေ့ကြီး ရက်ကြီးများတွေမှာ လာရောက်ပြီး ကျောင်းသား/သူတွေကို ဆုံးမသြဝါဒပေးတာတို့၊ နေ့ကြီးရက်ကြီးတွေရဲ့ သမိုင်းကြောင်းတွေ ဟောပြောတာတို့ လုပ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလ၊ လုပ်ကြံခံရတဲ့ အာဇာနည်နေ့ အကြောင်းတွေများဟောရင်ကျနော်တို့ကလေးတွေ မျက်တောင်ခပ်ဖို့ မေ့နေလောက်အောင်ကို ဖြစ်ရပါတယ်။ ကျနော်တို့ကျောင်းကြီးတွေမှာ၊ စာပေဟောပြောပွဲ တွေမှာ ဟောကြတဲ့သူတွေနဲ့မတူတာကို သတိထားမိတယ်။

ဗိုလ်ချုပ်နဲ့အတူ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလမှာ လူထုဟောပြောပွဲတွေ၊ ပင်လုံစာချုပ်ကြိုးပမ်းပုံတွေ၊ အင်္ဂလန်မှာ လွတ် လပ်ရေးသွားတောင်းပုံတွေ၊ အိန္ဒိယမှာ နေရူး၊ ချန်ဒလာဗို့တို့နဲ့ဆုံစဉ်တွေအကြောင်း  ဗိုလ်ထွန်းလှဟောရင် နေ့ရက်၊ လ၊ နှစ် အတိအကျ။ အလွတ်ကို ပြောတာ။ အမှတ်သညာ ကောင်းပုံများ သြချလောက်တယ်။  ဒါကြောင့်လည်း  ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ရေးအရာရှိဖြစ်တာပဲလို့ မှတ်သားမိတယ်။ အဲ့ဒီလို ဗိုလ်ချုပ်နဲ့တလျှောက်လုံးလက်တွဲခဲ့သူရဲ့ပြောတာတွေ ကြုံခဲ့ရဖူး တော့ ဗိုလ်ချုပ်ရဲ့အမူအကျင့်၊ အရိုးခံစိတ်၊ တိကျပြတ်သားမှု၊ စာနာမှု၊ အညှိုးအတေးမထားတတ်မှု၊ အာဏာကို အလွဲသုံး စားမလုပ်မှု၊ လိုရင်း တိုရှင်းပြောဆိုတတ်မှု၊ အကျိုးမရှိရင် အချိန်ကုန်မခံမှု၊ အစုစုတွေကို ကျနော်တို့လူငယ်တွေအတွက် မှတ်သားစရာ၊ ကျင့်ကြံစရာတွေ ရခဲ့သပေါ့ဗျာ။

အခု ပြောချင်တာကတော့ ဗိုလ်ချုပ်အောင်ဆန်း မိန်းမပိုးခန်းလေးဟာ ဆန်းပြားတဲ့အကြောင်းကို အဓိကထားပြောချင်တာပါ။ ဒါကဗိုလ်ချုပ်အောင်ဆန်း ငှက်ဖျားမိပြီး ဆေးရုံရောက်တော့ ကြုံတွေ့  ဆေးကုသပေးခဲ့ရတဲ့ ဆရာဝန်ကြီး ဒေါက်တာဘ သန်းရေးသားတဲ့ ဂျပန်ခေတ်ဆေးရုံကြီးဝယ်စာအုပ်ထဲက ကျနော်စွဲလန်းနှစ်ခြိုက်ခဲ့တဲ့ ဇာတ်ဝင်ခန်းလေးပါ။ ကြားဖြတ်ပြီးပြော ချင်သေးတယ်။ အဲ့တုန်းက ဗိုလ်ချုပ်တက်ခဲ့တဲ့ ဆေးရုံကြီးအကြောင်း ကျနော်က ဗိုလ်ထွန်းလှကို မေးကြည့်ဖူးတယ်။ ကျနော် အစကထင်ထားတာ ရန်ကုန်ဆေးရုံကြီးထင်တာ။ ရန်ကုန်ဆေးရုံကြီးက ဗုံးဒဏ်ထိလို့ အခု ပြည်လမ်းမှာရှိတဲ့ တပ်မတော် မှတ်တမ်းရုံးကို ဆေးရုံကြီး (ယာယီ) လုပ်ထားတဲ့နေရာမှာ ဗိုလ်ချုပ်ဆေးကုခံတာမှန်း သိရတော့တာ။  ဗိုလ်ချုပ်အောင်ဆန်းနဲ့ဒေါ်ခင်ကြည်တို့ရဲ့  ဖူးစာဇာတ်လမ်း စတင်ရာ၊ မင်္ဂလာပွဲကျင်းပရာဟာ ပြည်လမ်းက ပဲခူးကလပ်လို့ခေါ်တဲ့ တပ်မတော် မှတ်တမ်းရုံးပေါ့ဗျာ။

ဗိုလ်ချုပ် မိန်းမပိုးပုံလေးပြောကြရအောင်။ ဗိုလ်ချုပ်ငှက်ဖျားမိနေတုန်း ပြုစုရတာက သူနာပြုဆရာမလေး မခင်ကြည်။ မခင် ကြည်က သူနာပြုတွေထဲမှာ စိတ်အချရဆုံး၊ အတော်ဆုံးလို့ ဆေးရုံအုပ်ကြီး ဒေါက်တာဦးဘသန်းက အသိအမှတ်ပြုထားသူ ပေါ့။ သူ့ သမီးရင်း မခင်မေသန်းတောင် မခင်ကြည်ကိုမမီတဲ့။ သူနာပြုတွေက အပျိုတွေဖြစ်လို့ အပျိုဆောင်မှာ စုနေကြရ တာပေါ့။ မခင်ကြီးနဲ့ မခင်ကြည်တို့က  ညီအစ်မအရင်းတွေ။ တစ်ခန်းတည်း အတူနေကြသတဲ့။ ဗိုလ်ချုပ်က နေကောင်း စပြုလာတဲ့အချိန်မှာ သူ့ကို  ပြုစုပေးနေတဲ့ သူနာပြုမခင်ကြည်ကို ပိုးရအောင်သွားပါတယ်။ သူ့ချည်းပဲဆို မသင့်တော်တာ ရယ်၊ အဖြစ်မရှိမှာရယ် ကြိုတွေးမိပုံရတယ်ထင်ရဲ့။ ဆရာဝန်အုပ်ကြီး ဦးဘသန်းကိုပါ အပါခေါ်သွားပါတယ်။ ပိုင်ကွက်က ကြည့်။  ဆရာဝန်ကြီးအပြောကတော့ ဗိုလ်ချုပ်က သူ ဘင်ဂျို အတီးကောင်းတယ်ဆိုတာကို ဘယ်လိုစုံစမ်းထားလည်း မသိ တဲ့။ သူနာပြုဆရာမလေး မခင်ကြည်အခန်းကို သွားရအောင်လို့ ပူဆာသတဲ့။ ဆရာ့ဘင်ဂျိုပါ ယူလာခဲ့ဖို့လည်းပြောသတဲ့။ ဒါနဲ့ ဆရာဝန်ကြီးလည်း မနေသာတော့ဘဲ မခင်ကြည်နေတဲ့အခန်းဆောင်ကို ပါလာခဲ့ရရှာသတဲ့လေ။

ဗိုလ်ချုပ်ရဲ့ လိုရင်း တိုရှင်းနဲ့ ထိရောက်မှုတွေလုပ်တတ်တဲ့ အကျင့်ကို ဒီနေရာမှာ တွေ့နိုင်ပါတယ်။ အခန်းဝရောက်တော့ ဗိုလ်ချုပ်က သူ့အသံသြသြကြီးနဲ့ အော်ခေါ်ရုံမကဘူး၊ လက်ကလည်း တံခါးကို တဒုန်းဒုန်းထုတယ်တဲ့။ “ဗျိုး …မခင်ကြည်၊ တံခါးဖွင့်ပါဗျို့။ မိန်းမပိုးရအောင်လာတယ်” မပိုင်လား။ တခါတည်း ရည်းစားစကားပြောစရာမလိုတော့အောင်ကို လုပ်တာ။ အခန်းထဲက အပျိုလေးတွေခမျာလည်း ရှက်တော့ တော်တော်နဲ့တံခါးက မဖွင့်ဘူး။ မဖွင့်လေ၊ အသံကျယ်နဲ့အော်လေ။ နောက် သူနာပြုမလေးတွေ ရှောင်မရတဲ့ တိုက်ကွက်သုံးပါတယ်။ “ဒီမှာ ဆရာဝန်ကြီးလည်း ပါတယ်ဗျို့” ဆိုတော့ မခင်ကြည် တို့ တံခါးဖွင့်ပေးလိုက်ပါလေရော။ အခန်းထဲကိုရောက်ရောက်ချင်းပဲ ဗိုလ်ချုပ်က “ကျုပ်လည်း တိုင်းပြည်လွတ်လပ် ရေးကိစ္စတွေနဲ့ အတော်ပမ်းသဗျာ။ မခင်ကြည်က သီချင်းအဆိုကောင်းတယ်လို့ ဆရာဝန်ကြီးက ပြောဖူးတယ်၊ သီချင်း တပုဒ်လောက် ဆိုပြစမ်းပါဗျာ။ နားထောင်ချင်လို့။ ဆရာဝန်ကြီးက ဘင်ဂျိုတီးပါလိမ့်မယ်” ဆိုပြီး  တောင်းဆိုတော့တာပဲတဲ့။ အဲဒီတုန်းက ခေတ်စားဆဲ ဘောလယ်ခေတ်ဆန်း (စိန်ခြူးကြာညောင်ဟုထင်ရ) တဲ့တေးကို မခင်ကြည်က ဆိုပြ၊ ဦးဘသန်းက တီးပေါ့။ ဗိုလ်ချုပ်က ဆက်တီပေါ်မှာ ခေါင်းမှီပြီး မျက်လုံးမှေးစင်းစင်းနဲ့ နားထောင်နေပါတယ်တဲ့။ သီချင်းလည်းဆုံးရော “ကောင်းလိုက်တာဗျာ.. နောက်တစ်ခေါက်လောက် ဆိုပါဦး” လို့ တောင်းဆိုပြန်သေးဆိုပဲ။

ဒီအခန်းလေးဟာ  ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်တို့ရဲ့ လူငယ်ဘဝ အချစ်ဇာတ်လမ်းလေးပါပဲ။  ကျနော်က သိပ်ကို ကြိုက်တဲ့ ဇာတ်ဝင်ခန်း။ သမိုင်းမှန်လည်းဖြစ်လို့ ရယ်၊ ထူးခြားနေလို့ရယ် ပိုကြိုက်မိပါတယ်။ ကြည့်လေ။ မြန်မာ့ရုပ်ရှင်တွေမှာ ဟိုးအရင်က စ၊ ခုတိုင်အောင် အပျိုဆီ လူပျိုသွားပြီး စောင်းပါးရိပ်ခြေ ချစ်ခွန်းဖွဲ့ခန်းတွေဟာ တမျိုးထဲ၊ တထပ်ထဲ ပုံစံတွေ ချည်းပဲ။ ကိုယ်တိုင်ကဂစ်တာတီး သီချင်းဆို၊ လူငှားနဲ့ တူရိယာပစ္စည်းတစ်ခုခုတီးရင်း ကိုယ်က ဆို၊ ကက်ဆက်ဖွင့် အသံပေး၊ မျိုးစုံအောင်ရှိပေမယ့် ပုံစံတွေအတူတူပါပဲ။ ယောက်ျားလေးက မိန်းကလေးဆီ ကိုယ်တိုင် ဆို၊ တီးပြီး သွားပိုးရတာချည်းပဲ။ ဗိုလ်ချုပ်ကျတော့ အသွင်သစ်။ သူက ပိုးတဲ့သူဖြစ်ပေမယ့် သူများကိုတီးခိုင်းပြီး အပိုးခံမိန်းကလေးက သူ့ ကိုယ် ပြန်ဆိုပြရတာ။ အသစ်ဗျ။  ဘယ်သူမှ မလုပ်နိုင်၊ မလုပ်သေးတဲ့ အသစ်။ အလွန်ရှေးကျတဲ့ အသစ်။

ဒီအခန်းလေးပါအောင် အခု ဗိုလ်ချုပ်ရုပ်ရှင်ရိုက်နေတဲ့အဖွဲ့မှာ ပါသူ၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီးဆီကို ကျနော့် ဖေ့စ်ဘွတ်ခ် ကနေ အကြံပြုပေးခဲ့ဖူးပါတယ်။ ကျနော့်အကြံပြုချက်တွေ မပြည့်စုံမှာစိုးလို့ ဒေါက်တာမြင့်ဆွေ ရေးတဲ့ (မှတ်မိသေးတယ် ဂျပန်ခေတ် ဆေးရုံ ကြီး ဝယ်)  စာအုပ်ကို ညွှန်းဆိုခဲ့ပြီး သိမီသူများကိုလည်း မေမြန်းပါလို့  စာရေးအကြောင်းကြားဖူးပါရဲ့။ မင်းထင်ကိုကိုကြီးကတော့ ကျနော့်ကို ဖေ့စ်ဘွတ်မှာ ကျေးဇူးပါလို့ ဘိုလို ပြန်အကြောင်းပြန်ပေးပါတယ်။ ဗိုလ်ချုပ်ရုပ်ရှင်ထဲ အဲ့ဒီအခန်းပါ မပါ မသိ။

နောက်တခုက ဗိုလ်ချုပ်ဟာ ပါတီပွဲတွေ၊ မိတ်ဆုံစားပွဲတွေကို သွားလေ့သွားထမရှိဘူးလို့ ဗိုလ်ထွန်းလှက ကျနော်တို့ကို  ပြောဖူးပါတယ်။ ဆရာမသီချင်း ဖြစ်ပေါ်လာပုံသမိုင်းကြောင်းလေးကို ကျနော်တို့ကို ပြောပြခဲ့ဖူးပါတယ်။ ဆရာမသီချင်းကို ဘိုဘိုဟန်ဆို ပါတယ်။ တနေ့မှာ ဘိုဘိုဟန်နဲ့ဆုံတုန်း “မင်း ဒီသီချင်းကို ဘယ်သူရေးပေးတာလဲ” လို့ ဗိုလ်ထွန်းလှက မေး သတဲ့။   ဘိုဘိုဟန်ကလည်း “ကျနော် မသိပါဘူး၊ နယ်က မိတ်ဆွေတွေဆီကရလို့ ကြိုက်တာနဲ့ ဆိုမိတာပါ” လို့ ဖြေပါတယ်။ ဒီတော့ ဗိုလ်ထွန်းလှက   ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားကရင်တွေနဲ့ပတ်သက်နေတဲ့ သမိုင်းဝင်သီချင်းဖြစ်ကြောင်း ရှင်းပြလိုက်ဖူးတယ်တဲ့။

အဲ့ဒီအချိန်တုန်းက ဧရာဝတီတိုင်းမှာ ကရင်တွေနဲ့ဗမာတွေ အဓိကရုဏ်းဖြစ်ပြီးကာစအချိန်လည်း ဖြစ်တယ်။ ဗိုလ်ချုပ်နဲ့ ဒေါ် ခင်ကြည်လက်ထပ်ပြီးကာစအချိန်လည်း ဖြစ်သတဲ့။ ကရင်လူမျိုးတွေက သူတို့ရဲ့နှစ်သစ်ကူးပွဲကို ဗိုလ်ချုပ်ကိုဖိတ်တဲ့အခါ ဗမာ-ကရင် ချစ်ကြည်ရေးကို ရှေးရှုပြီး လက်ခံသွားရောက်ခဲ့တာပါ။ အဲ့ဒီပွဲမှာ ကရင်လူမျိုးတွေက အဲဒီတုန်းကခေတ်စားတဲ့ ဓာတ်ပြားသီချင်းအလိုက်ကိုယူပြီး ဗိုလ်ချုပ်နဲ့ဒေါ်ခင်ကြည်ကို ကျီစယ် နောက်ပြောင်သီဆိုခဲ့တဲ့သီချင်းလို့ ဗိုလ်ထွန်းလှက ပြောပြခဲ့ပါတယ်။ ဒါကြောင့် ခုထိ (ဆရာမ) သီချင်းမှာ ရေးသူမသိလို့ ပဲ ဖော်ပြနေကြတာပေါ့။

ခုချိန်မှာ ဗိုလ်ချုပ် နှစ် (၁၀၀) ပြည့်လည်းဖြစ်သလို ဗိုလ်ချုပ်ရုပ်ရှင်လည်း အစမ်းရိုက်ကူးနေတဲ့ကာလလည်း ဖြစ်ပါတယ်။  ဗိုလ်ချုပ်ရဲ့ ထူးခြားတဲ့ သွင်ပြင်လက္ခဏာ၊ စရိုက်တွေကတော့ ပြောမကုန်အောင် ရှိနေဆဲပါ။ ကျနော် အဓိကပြောချင်တာ၊  အကြံပြုချင်တာကဗိုလ်ချုပ်ရုပ်ရှင်ထဲမှာ ဗိုလ်ချုပ်ရဲ့ မိန်းမပိုးခန်းဟာ အများနဲ့မတူ တမူဆန်းပြားလို့  မပါမဖြစ် ပါစေချင်တယ်။  နောက်ပြီး အတိတ်က တိုင်ရင်းသားချစ်ကြည်ရေးတွေရခဲ့တဲ့ သရုပ်သကန်အဖြစ် ကရင်တွေရဲ့ ဗိုလ်ချုပ်တို့ဇနီးမောင်နှံကို နောက်ပြောင်ကျီစယ်တဲ့ ဆရာမသီချင်းနဲ့ဧည့်ခံပွဲအခန်းလည်း မပါမဖြစ် ပါဝင်စေချင်ပါတယ်။ ဗိုလ်ချုပ်ရုပ်ရှင်မှာ အဲ့ဒီအခန်း (၂) ခန်း မပါဝင်မှာကိုတော့ အလွန်ကို စိုးရိမ်မိတယ်ဗျာ။      ။

ကျော်ဟုန်း
ဇန်နဝါရီ၊ ၂၈၊ ၂၀၁၅။

စကားချပ် = ဗိုလ်ချုပ် မိန်းမပိုးခန်းမှာ စာဖတ်သူတို့ကွက်ကွက်ကွင်းကွင်း မြင်သာ အရသာရှိနိုင်အောင် မခင်ကြည်လို့ တမင်ရေးပါတယ်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

4 thoughts on “ကျော်ဟုန်း – အများနဲ့ မတူ တမူကွဲခြားတဲ့ ဗိုလ်ချုပ်အောင်ဆန်း
  1. “မှတ်မိပါသေးတယ် ဂျပန်ခေတ်ဆေးရုံကြီးဝယ်” စာအုပ်ကိုရေးသူမှာ ဆေးရုံအုပ်ဆရာဝန်ကြီးဒေါက်တာဘသန်းမဟုတ်ပါ။ ၎င်း၏လက်ထောက် ဆရာဝန်ကြီးဒေါက်တာမြင့်ဆွေဖြစ်ပါသည်။

  2. ပြင်လိုက်ပါပြီ ကျေးဇူးတင်ပါတယ် (မောင်ရစ်)

Comments are closed.