သူတို့အာဘော် ငြိမ်းချမ်းအေး

ငြိမ်းချမ်းအေး – တော်လှန်ရေးဟာ စာသင်ခန်းက စရပါမယ်

 ငြိမ်းချမ်းအေး – တော်လှန်ရေးဟာ စာသင်ခန်းက စရပါမယ်
(မိုးမခ) ဇန်နဝါရီ ၂၈၊ ၂၀၁၅

● ပညာစိမ်းလန်းရေး အတွေးများ (၁)
ကျောင်းသားနဲ့လူထု ဆုံစည်းမှု ဓာတ်ပုံတွေ တွေ့ရသမျှမှာ လူငယ်ကျောင်းသားထဲက တယောက်စ နှစ်ယောက်စပဲ လက် အုပ်ချီတာ တွေ့ရတော့ သူတို့ ဘာအကြောင်းကြောင့်ဆိုတာ တွက်လို့မရပေမဲ့ ဝမ်းသာမိတယ်။

ပညာရေး ပြုပြင်ပြောင်းလဲရေးမှာ ဥပဒေ၊ သင်ရိုးညွှန်တမ်း၊ အုပ်ချုပ်မှုဆိုင်ရာကိစ္စ၊ လုပ်ထုံးလုပ်နည်း၊ အမှီအခိုကင်း ရပ်တည် နိုင်မှု၊ အသုံးစာရိတ်တွေအပြင်မှာ ယဉ်ကျေးမှုခေါင်းစဉ်အောက်က စံတန်ဖိုးတွေ၊ အစွဲ ဓလေ့တွေကို ရိုက်ချိုး အတွင်း အနှစ် သာရ ပြောင်းလဲတော်လှန်ခြင်းကိုလည်း အဓိက ပြုရပါမယ်။

လက်အုပ်မချီ၊ မင်္ဂလာပါ မဆို၊ လက်မပိုက်၊ ခါးမချိုး၊ ခေါင်းမငုံ့တဲ့ ကျောင်းသားမျိုးဆက်ကို အနာဂတ်မှာ ကျနော်တို့ မွေး ထုတ်ရပါမယ်။

အဲဒီမျိုးဆက်က သမားရိုးကျ တိုက်ပုံသမား လူကြီးဆိုသူများနဲ့ ပုံစံခွက်ထဲက ယနေ့ လူငယ် လူရွယ်ဆိုသူများ အမြင်မှာ ရိုင်းချင် ရိုင်းနေမယ်။  ဒါပေမဲ့ သီလ ဖြူစင်၊ လူ့ကျင့်ဝတ် ခိုင်မာ၊ လူပီသ၊ လူသား ဂုဏ်ကို မြတ်နိုး၊ လူလူချင်း လူမျိုး၊ ဘာသာ၊ အသားအရောင်၊ အတန်းအစား မခွဲ လေးစား ရိုသေ ချစ်ခင်တတ်တဲ့ မျိုးဆက် ဖြစ်စေရမယ်။

လူကြီး မိဘ ဆရာ အပါအဝင် ဘယ်သူနဲ့မဆို စကားပြောရာမှာ မျက်နာကို မျက်စိမလွှဲ တည့်တည့်ကြည့် အောက်မကျို့ ကိုယ်မှန်တယ်ထင်ရာကို ရဲရဲဝံ့ဝံ့ ပြောဆိုဝံ့တဲ့ မျိုးဆက်သစ်ကို မွေးထုတ်နိုင်ဖို့ရာ စာသင်ခန်းက စရမယ်။

ကြောက်စိတ်၊ အငုံ့စိတ်ကိုပျောက်ဖို့ရာမှာ ကျောင်းသားဗဟိုပြု စာသင်ကြားစနစ် ပြောင်းရမယ်ချည်သက်သက်မရ၊ ကျောင်း သား-ဆရာ ဆက်ဆံရေးက အပေါ်ယံ အပိုဆာဒါး ယဉ်ကျေးမှုစံတွေကိုလည်း လျှော့ချပစ်မှရမယ်။ ဒါမှ ပိုမိုပျော့ပျောင်း စီး ဆင်းမှုမြန်တဲ့ ဆက်ဆံရေးပုံစံ ရမယ်။

မွန်းကျပ်နေတဲ့ စာသင်ခန်းတွေ လွတ်လပ်လာမယ်။  တင်းမာအေးစက်နေတဲ့ ဆက်ဆံရေးတွေ နွေးထွေး ပျောင်းနွဲ့ လာမယ်။

စာသင်ခန်းမှာ ဒီလို ယဉ်ကျေးမှု အသစ်တည်ဆောက်နိုင်ရင် ဆရာနဲ့ကျောင်းသားကြား၊ မိဘနဲ့ သားသမီးကြား၊ လူကြီးနဲ့ လူငယ်ကြားက အရံအတားအဆီး တံတိုင်းတွေ ကွာချနိုင်မယ်။  လူမှုရေးရာ ပြဿနာ၊ စိတ်ကျန်းမာရေးရာပြဿနာတွေ လည်း လျှော့ချလာနိုင်မယ်။

ဖိအားပေး၊ အမိန့်ပေးပုံစံ၊ ရေဘူးပေါက်တာမလိုချင်၊ ရေပါတာပဲလိုချင်ဆိုတတ်တဲ့ စစ်တပ်ထုံးတွေ ပျောက်အောင် လုပ်ရ မယ်။  ငါခိုင်းသလို လုပ်၊ ငါပြောတာနားထောင်၊ ပြန်မပြောနဲ့၊ ငါလုပ်သလို လိုက်မလုပ်နဲ့တွေ ပပျောက်လာခြင်းနဲ့အတူ တပါတည်း အကျိုးဆက်အနေနဲ့ အသိမကြွယ်သေးတဲ့လူငယ်တွေ လမ်းမှားကို တွန်းပို့စေမှုတွေ နည်းသွားစေမယ်။

အခုလို ချရေးတော့ နားဝင်လွယ်ကြမယ် မထင်ပါဘူး။ လွယ်လွယ်နဲ့တော့ ယဉ်ကျေးမှုစံတံတိုင်းကို ချိုးဖျက်နိုင်ဦးမှာ မ ဟုတ်ပါဘူး။

အနည်းဆုံး လက်အုပ်ချီတာ မြန်မာ့ လူမှု ဓလေ့ မဟုတ်၊ မင်္ဂလာပါ နှုတ်ဆက်တာ မြန်မာ့ လူမှု နေ့စဉ်သုံးစကားမဟုတ်ဆိုတာကို ပြောင်းလဲဖို့ရာ အဆင့်မှာကို အခုဆန္ဒပြနေကြတဲ့ လူငယ်မျိုးဆက်သစ်တင်မဟုတ် ဖင်မွှေးနီနေပြီဖြစ်တဲ့ လူကြီးဆိုသူများ ကိုတောင် အတော်ရှင်းယူ၊ ပြောယူရပါမယ်။

ရာစုဝက်ကျော်ချီကြာ တိုင်းပြည်မှာ စစ်ဗိုလ်ချုပ်များဟာ အမင်္ဂလာတရားနဲ့ သေနတ်မိုးအုပ်ချုပ် အနိဋ္ဌာရုံတွေချည်း ဖြစ်စေ တော့ အပေါ်ယံ “မင်္ဂလာပါ” ဆိုတဲ့ စကားကို အတင်းသွတ်သွင်းခဲ့တယ်။ စစ်အာဏာရှင်များဟာ ပဒေသရာဇ်ရူး မင်းစိတ် ပေါက်နေသူများလည်း ဖြစ်တော့ လက်အုပ်ချီ ကန်တော့ခံရတာကိုလည်း သိပ်မက် ဇွတ်ကျင့်သုံးစေတယ်။

ထော်လော်ကန့်လန့် အဖြစ်ဆုံး လက်အုပ်ချီ ပုံရိပ်ကတော့ ၁၉၉၀ ခုနှစ်များ စစ်ထောက်လှမ်းရေး ဘုန်းမီးနေလတောက်ချိန် ဘုန်းကြီး၊ (ထင်ရှားတဲ့) လူကြီးတွေကို ဘွဲ့ပေးဖျက်ဆီး ခြင်းကပ် (ချဉ်းကပ်) ဖြစ်စဉ်တွေထဲကတခုဖြစ်တဲ့ ဗိုလ်ခင်ညွန့်နဲ့ ဦးသုခ ပုံရိပ်တွေပါပဲ။ ဦးသုခကလည်း ကြီးတောင့်ကြီးမားပေမဲ့ အရိုအသေပေးမှုကို တုံ့ပြန်တဲ့အနေနဲ့ဆိုပြီး ပွဲတိုင်းမှာ သူ့ ကန်တော့သမျှကို လက်အုပ်ပြန်ချီ ပြတယ်။  တကယ်တော့ ပရိသတ်ထဲမှာ သံဃာလည်း မပါ၊ သူ့ထက်ကြီးသူလည်း မရှိ။  ဒီပုံရိပ်တွေက အစိုးရရုပ်သံကတဆင့် လူထု၊ အထူးသဖြင့် လူငယ်ကို မှိုင်းမိစေကုန်ခဲ့တယ်။

ဒါမျိုးဖြစ်စဉ်တွေကနေတဆင့် နောက်ပိုင်းမျိုးဆက်ဟာ မင်္ဂလာပါနဲ့ လက်အုပ်ချီတာကို လူမှုထုံးတမ်း ရိုးရာ ဓလေ့လို ထင် ကုန်ကြတယ်။

ဒါတွေကနေ မင်းစိတ်ပေါက်သူ လူတန်းစား၊ တသီးတသန့် ကိုးကွယ်ပူဇော်ခံ လူတန်းစား၊ အုပ်စိုးသူ လူတန်းစား၊ ဘုရားထူးခံ လူတန်းစားတွေကို မွေးထုတ်စေတယ်။ VIP ရောဂါဟာ ကူးစက်မြန် ဖြစ်ခဲ့တယ်။  ဒီလိုနဲ့ အခွင့်ထူးခံလူတန်းစား လူတစု ဟာ ငါတို့သာ တိုင်းပြည်မှာ အရာရာ အခွင့်ထူးခံမယ်၊ ကျန်တဲ့လူအများကတော့ ကံကျွေးချရာပေါ့ ဖြစ်စေတယ်။  ခံရတဲ့ လူအများကလည်း ကျွန်အရသာ အနာကို စွဲလမ်းကာ ဟုတ်တာပါပဲလေ၊ ကံကိုပဲ ရိုးမယ်ဖွဲ့ စနစ်ရဲ့ ချို့ယွင်းမှု၊ လူတစုရဲ့ ကုပ်ခွစီးမှုကို မျက်ကွယ်ပြုချင်လာကြတယ်။

ဒီလိုနဲ့ စံချိန်မမီ၊ ယုတ်လျော့တဲ့ မီးကျိုးမောင်းပျက် အတွေးအခေါ်တွေ ခေတ်စားလာတယ်။  ဥပမာ – တမတ်သား လွှတ်တော် နဲ့ ရွှေရည်စိမ် ဒီမိုကရေစီလည်း လုံးဝမရှိတာထက်ကောင်းတယ်ဆိုတာမျိုးပေါ့။

ဒီလိုနဲ့ စနစ်ဆိုးသံသရာ ပဋိစ္စသမုပ္ပါဒ် စက်ဝန်းက မလွတ်နိုင် ထပ်ကျော့ ဖြစ်ကုန်ရတယ်။

စာသင်ခန်းတော်လှန်ရေး၊ ပညာရေးလွတ်လပ်ခွင့် ဘယ်လောက်အရေးကြီးကြောင်း နားလည် မြော်မြင်နိုင်ကြမယ် ထင်ပါ တယ်။

ဒီလို မျိုးဆက်တခုလုံးကို ပုံသွင်း လိုရာဆွဲ ပုံစံခွက်ထဲထည့်နိုင်အောင် အစွမ်းထက်တာမို့ ပညာရေး လွတ်လပ်ခွင့်ကို အခု အာဏာရူးများ မပေးလို၊ ချုပ်ခြယ်လိုကြ၊ မာန်ဖီ ခြိမ်းခြောက်၊ အပျော့ဆွဲလိုက် လုပ်နေကြတာပေါ့။

ဒါကြောင့် တော်လှန်ရေးဟာ စာသင်ခန်းက စကို စမှ ရပါမယ်။

အားလုံး ဆင်ခြင်တွေးတော မြောင်ချင့် ကြည့်မြင် သိတတ်၊ ပြုပြင်စရာရှိတာတွေ တနိုင် တကိုယ်ရေကစ ပြုပြင်တော် လှန်နိုင်ကြပါစေ။

ငြိမ်းချမ်းအေး
ဇန်နဝါရီ ၂၈၊ ၂၀၁၅

(ဆောင်းပါးပါ အာဘော်ကို ဝေဖန်ရန် nyeinchanaye81@gmail.com သို့ စာရေးနိုင်သည်။)

မှတ်ချက် — ပညာစိမ်းလန်းရေး အတွေးများ (၁) ဆိုပြီး ခေါင်းစဉ်ခွဲလေးတော့ တပ်မိလိုက်တယ်။  ဆက်ရေးဖြစ်မလားတော့ မသိပါ။  အခန်းဆက်မယ်ဆိုခဲ့သမျှ ဆက်ဖူးတာ ရှားပါတယ်။  အတွေးတွေကို အရေးဖြစ်အောင် လုပ်ဖို့ တတ်နိုင်သလောက် တော့ ကြိုးစားနေပါတယ်။  မိုးမခ စာဖတ်သူများထဲကလည်း ပြန်လည်ထောက်ပြ အတွေးချင်း ဖလှယ်စေလိုပါတယ်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “ငြိမ်းချမ်းအေး – တော်လှန်ရေးဟာ စာသင်ခန်းက စရပါမယ်
  1. စစ်အစိုးရက “မင်္ဂလာပါ” နှင့် လက်အုပ်ချီနည်းကို ဗမာ့ယဉ်ကျေးမှုပုံသွင်းလာသည်မှာမည်မျှဒုက္ခတွေ့ နိုင်ကြောင်းစာရေးသူကိုယ့်တွေ့ ကြုံရပုံကိုတင်ပြလိုပါသည်။တခါက နိုင်ငံခြားသူ၊မြန်မာဘာသာစကားနှင့် စာပေကိုလေ့လာနေသူဆရာမတဦးက ရန်ကုန်မြို့ တွင် နာမည်ကြီး မြန်မာစာရေးဆရာမကြီးတဦး၏ အသုဘတွင် လူတကာကိုလိုက်ပြီး “မင်္ဂလာပါရှင့်”ဟု လက်အုပ်ချီပြီး နှုတ်ဆက် နေ လေတော့ရာ မသာရှင်ရော အသုဘ လာသူအပေါင်း ငိုအား ထက်ရယ်အား သန် “ဖစ်မှဖစ်ရပလေ”ဟု ပြောရတော့ မလို ဖြစ်သွားပါသည်။ နောက်ဆုံးတွင်မနေနိုင်သူတဦးက မသာ။ အသုဘဆိုသည်မှာ မြန်မာမှုတွင် ‘အမင်္ဂလာကိစ္စ’ ဖြစ်၍ ‘မင်္ဂလာပါ’ ဟု နှုတ်မဆက်သင့်ကြောင်း ရှင်းပြလိုက်ရာတွင် ၎င်းနိုင်ငံခြားသူက “မြန်မာ ဘာသာစကားသင် စာအုပ်တွေမှာ ဘာကြောင့် နှုတ်ခွန်းဆက် စကားလို့ ရေးထားတာလဲ” ဟု စောဒကတက်လေတော့သဖြင့် ၎င်းပုဂ္ဂိုလ်မှာမချိသွားဖြဲရယ်ရင်း “ဒါတွေက အာဏာစက်နဲ့ လုပ်ထားတာ ပါ။ တကယ်မြန်မာမှုတွေ မဟုတ်ပါဘူး” ဟုသာ ပြောလိုက်ရရှာပါတော့သည်။

  2. During act of “Kadaw” a person has to show most humble manners by bowing & touching the head down with ground.. One has to keep his /her pride ate the most humble level.Only the most sacred class of five bodies:Only Buddha,Dhamma, Sangha,Parents,teachers, who have the highest merist deserved this kind of paying respect, non other,.The vain ruling class gladly accepted this undeserved worship.

Comments are closed.